Monday, June 28

မိဘိတ် နဲ့ ပတ်ဘေပတ်တာ

မမရွှေစင်ဦးရဲ့ စာတော်ဖတ်ခင်ခင် ပို့စ်ဖတ်ပြီးတော့ (ဒီပို့စ်က ရေးနေတာ မမရွှေစင်ရဲ့ ကျေးဇူးပါဖေဖေ ဆိုတဲ့ မမရဲ့ဖေဖေမွေးနေ့ပို့စ်ပြီးထဲက ရေးနေတာ။ ဒီလောက်ဆို ပူးတေ ဘယ်လောက်စာရေးမြန်လဲ သိပြီပေါ့နော်း) ) မမရွှေစင်တို့ဖေဖေက အိမ်မှာခိုင်းမယ့်လူငှားတာ စာဖတ်တတ်တဲလူပဲ ငှားခဲ့မှာပဲလို့ စဉ်းစားမိယင်း ပူးတေတို့ အိမ်မှာတော့ ပူးတေမှတ်မိတဲ့ အရွယ်ကစပြီးတော့ နေသွားတဲ့ အိမ်ဖော်တွေအားလုံးကို ပူးတေငယ်ငယ်က မတတ်တခေါက်သင်ပေးခဲ့တာတွေ မှတ်မိနေတယ်.. အဲဒီထဲက ပူးတေမှတ်မိတဲ့ မိဘိတ်ဆိုတဲ့ မော်လမြိုင်ဘက်က ကောင်မလေးအကြောင်းပြောပြချင်တာပါ....

သူက ပူးတေထက် ၃ ၄ နှစ်လောက်ကြီးမယ်ထင်တယ်။ ပူးတေ ၅ တန်း နဲ့ ၆ တန်း ၂ နှစ်လောက် ပူးတေတို့အိမ်မှာနေသွားတယ်။ သူတို့နယ်ကလူတွေက မွေးနေ့အသေချာလဲ မသိကြတော့ ဘယ်နှနှစ်လဲ သူတို့ ကိုယ်တိုင်မသိကြဘူး။ မိဘတွေကလဲ ကလေးတွေအများကြီးမွေးထားတော့ မမှတ်မိကြဘူးလေ.. သူ့နာမယ်က မိဘိတ်တဲ့။ အစကတော့ မိဘိတ်ဆိုတော့ တိုင်းရင်သားမျိုးနွယ်တခုခုက ပေးတဲ့နာမယ်ထင်နေတာ။ နောက်မှ လာပို့တဲ့ ပွဲစားကိုမေးကြည့်တော့ သူ့အမေက ကလေးတွေအများကြီးမွေးတာ သူ့ကျတော့ နောက်ဆုံး ဘိတ်ဆုံးဆိုပြီး မိဘိတ်လို့ ပေးလိုက်တာတဲ့။ ဒါပေမယ့် သူ့အောက်မှာ မောင်နှမ ၂ ယောက်လား ၃ ယောက်လားပဲမသိ ထပ်မွေးသေးတယ်။ ဒါနဲ့ပဲ သူက သူများတွေ အိမ်မှာအလုပ်လုပ်ဖို့ ရွာကလူတွေနဲ့ အပို့ခံရတော့တာပဲ။

သူ့ကို ပူးတေမှတ်မိနေတာက သူက လိမ္မာတယ်... လူကြီးတွေကိုလဲ ကလန်ကဆန်ပြန်မလုပ်တတ်ဘူး။ ပူးတေတို့လို ကလေးတွေနဲ့ဆိုလဲ လူကြီးတွေရှေ့မှာတမျိုး ကွယ်ရာမှာတမျိုး မဆက်ဆံတတ်ဘူး။ အိမ်ကလဲ သူ့ကို ကောင်းကောင်းမွန်မွန်ထားတော့ သူက ပူးတေတို့ အိမ်မှာပျော်တယ်။ ပူးတေကတော့ အိမ်မှာ လူသစ်ဘယ်နှစ်ယောက်လာလာ ပူးတေအလုပ်က သူတို့ကို စာသင်ပေးတာပဲ။ ဘယ်သူမှ တာဝန်ပေးတာမဟုတ်ဘူး။ ပူးတေသင်ပေးချင်လို့ကို သင်ပေးတာ။ ပူးတေသင်ပေးခဲ့တဲ့ လူတွေထဲမှာ သူတယောက်ပဲ စာကို စိတ်ဝင်တစားလိုက်သင်တယ်..သူက ရွာပြန်ရင် သူ့သူငယ်ချင်းတွေက စာမဖတ်တတ်ပဲ သူဖတ်တတ်တယ်ဆိုရင် သူ့သူငယ်ချင်းတွေကို သူတတ်တာတွေ ဖတ်ပြမယ်ပေါ့။ အဓိကက သူကရုပ်ရှင်တွေ ကြိုက်တယ်.. အဲဒီအချန်တုန်းက ရဲကိုကိုနဲ့ လင်းဇာနည်ဇော်ကားတွေ နောက် နေသူရဦးလားမသိဘူး သူတို့ဇာတ်ကားတွေ ခေတ်စားနေတာ။ သူက အဲဒီဇာတ်ကားနာမယ်တွေကို ဖတ်တတ်ချင်တယ်..ရွာပြန်ရင် သူငယ်ချင်းတွေကို ဖတ်ပြပြီး ကြွားချင်တယ်။

ပူးတေတို့အိမ်မှာက အဲဒီအချိန်ထဲက အစ်မဝမ်းကွဲ၂ ယောက်နဲ့ အစ်ကို ဝမ်းကွဲ ၃ ယောက်က ဂျပန်က ပြန်လာခါက၊ အစ်ကိုတယောက်က အမေရိကားက ပြန်လာခါစ ဦးလေးအငယ်နဲ့ အဒေါ်အငယ်နဲ့က စင်္ကာပူမှာ သွားလိုက်ပြန်လိုက်နဲ့။ ပြောရရင် သူတို့တွေက နိုင်ငံခြားမှာနေလာပြီးတော့ သူတို့အချင်းချင်းပြောရင် အင်္ဂလိပ်လိုပြောတယ်...ပူးတေတို့ ကလေးတွေနဲ့ဆိုရင် အင်္ဂလိပ်စကားကို ညှပ်ညှပ်ပြီးပြောတယ်။ တခါတော့ အစ်မဝမ်းကွဲတယောက်ရဲ့ မွေးနေ့ ဇန်နဝါရီလမှာ အဲဒီ နိုင်ငံခြားပြန် အစ်ကိုဝမ်းကွဲတွေ အစ်မဝမ်းကွဲတွေ ဦးလေးအငယ် အဒေါ်အငယ်တွေနဲ့ ကျန်တဲ့ ညီအစ်ကို မောင်နှမဝမ်းကွဲတွေ စုစုပေါင်း ၁၈ ယောက် ကျိုက်ထီးရိုးသွားကြတာ။ ခိုင်းတဲ့ လူက ပူးတေတို့အိမ်က မိဘိတ်ရယ်.. အဲဒီအစ်မအိမ်က ကားမောင်းတဲ့ ဦးလေးကြီးရယ်.. သူတို့ပါကေးစက်ရုံမှာ အလုပ်လုပ်နေတဲ့ ၁၀ တန်းကျောင်းသား အစ်ကိုကြီး တယောက်ရယ် ၃ ယောက်ပါတယ်။ ဆွေမျိုးတွေက ၁၅ ယောက်ပေါ့။ ပူးတေက အငယ်ဆုံး ၆ တန်း။ ပူးတေပြီးရင် မိဘိတ်ထင်တယ်။ ပြီးမှ အစ်မဝမ်းကွဲ ၉တန်းကျောင်းသူက အငယ်၊ ကျန်တာတွေက နိုင်ငံခြားပြန်တွေ၊ ခဏပြန်လာသူတွေ၊ သူတို့ရဲ့ သူငယ်ချင်းတွေနဲ့။

အဲဒီတုန်းက ကားနဲ့တက်တဲ့လမ်း ကျိုက်ထီးရိုးမှာ မရှိသေးဘူး။ လမ်းလျောက်တက်ကြတာ။ ၁၈ ယောက်အဖွဲ့ဆိုပေမယ့် ၄ ယောက်တတွဲ ၅ယောက်တတွဲနဲ့။ ပူးတေက ကလေးဆိုတော့ အပေါ့အပါးက ခဏခဏသွားချင်တာ။ သွားချင်တိုင်း ပူးတေက အဲဒီဂျပန်က ပြန်လာတဲ့ အစ်မကို သူနဲ့ပူးတေနဲ့ ဝေးနေလဲ လှမ်းလှမ်းအော်တာ..အိမ်က သူနဲ့အပ်လိုက်တာလေ။ ဘာဖြစ်ဖြစ် မမကြီးကိုပြောနော်... နေမကောင်းလဲ မမကြီးကိုပြော၊ ဗိုက်ဆာလဲပြောဆိုပြီးမှာလိုက်တာ။ မမကြီး မီးမီး အီးအီးပါချင်တယ် အိမ်သာရှာပေးနဲ့ မမကြီး မီးမီးရှူးပေါက်ချင်တယ် ဆိုပြီး။ သူတို့တွေက အဲဒီအချိန်တုန်းက အသက် ၂၃ နှစ် ၂၅ နှစ်ပါတ်ဝန်းကျင်တွေ ချောလဲချောတာကိုး (ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာမဟုတ်ပါဘူး)။ အဲတော့ တောင်ပေါ်ကို တူတူတက်နေတဲ့ ဘေးကအဖွဲ့တွေက သူတို့တွေကို ငမ်းနေကြတာ။ ဘယ်မှာတည်းမှာလဲ။ တည်းဖို့နေရာရပြီလားလုပ်နေကြတုန်း ပူးတေက အဲလိုကြီးထထအော်တော့ သူတို့တွေက ရှက်တယ်ထင်တယ်။ ပူးတေကို အနားနားခေါ်ပြီးတော့ "မီးလေး နောက်တခါ ရှူးရှူးပဲ ပေါက်ချင်ချင် အီးအီးပဲ ပါချင်ချင် အိမ်သာသွားမယ် အီးပါမယ် မပြောနဲ့တဲ့။ မမကြီး မီးမီး လတ်ထရိန်(Latrine) သွားချင်တယ်" လို့ပြောတဲ့။ ဒါကို မိဘိတ်ကလဲ လိုက်မှတ်ထားတယ်...တလမ်းလုံး ဒီလိုပဲ ပြောလာကြတာပေါ့။ ပြီးတော့ အဲဒီအချိန်တုန်းက လူရွှင်တော်ကျော်ထူးတို့ ဧရာတို့ထင်တယ်။ မြန်မာ့အသံမှာ အငြိမ့်ပျက်လုံးပျက်တာ။ ကျော်ထူးက တပ်သားလေး ဧရာက စစ်တပ်မှာ ရိက္ခာပေးတဲ့လူ... ကျော်ထူးက waste paper မရလို့မကျေနပ်တာကို တပ်ကြပ်ကြီးဆီမှာ waste paper(အိမ်သာသုံးစက္ကူ) ကို ဝက်ဆီပတ်မရလို့ ဆုပြီးသွားတိုင်တာထင်တယ်။(သိပ်တော့ မသေချာတော့ဘူး) အဲဒီအချိန်ကစလို့ မောင်နှမဝမ်းကွဲတွေကြားမှာ waste paper ကို ဝက်ဆီပတ်လို့ ခေါ်တဲ့ပျက်လုံးက ခေတ်စားသွားတာ၊ ဒါကို မဘိတ်က မသိဘူး။ အိမ်သာသွားခါနီးဆိုပူးတေက မိဘိတ်ကို ဝက်ဆီပတ်သွားယူပေးဦးလို့ပြောတာ။ သူသိမယ်ထင်လို့။ သူက မမကြီးကို မမကြီးရေ သတ်သတ်လွတ်စားရမှာကို ပူးတေက ဝက်ဆီပတ်တွေ ကျိုက်ထီးရိုးယူလာတယ်ဆိုပြီးတိုင်ပြောတာ။ မမကြီးတို့အဖွဲ့တွေဆိုတာ ရီလိုက်ကြတာ မပြောနဲ့တော့။ ကျိုက်ထီးရိုးကနေ အိမ်ပြန်ရောက်ကြတော့ မိဘိတ်က မမကြီးတို့ ပြောတာတွေကို သူက အတုယူလာတာ။ မေမေက သူ့ကို အဝတ်တွေ ရေသွားစိမ်ထား ဟင်းချက်ပြီးရင် အတူတူ လျော်မယ်ဆိုပြီးသူ့ကိုခိုင်းထားတာ။ မေမေဟင်းချက်ပြီးလို့  အဝတ်တွေ ရေမစိမ်ရသေးတော့ စိတ်တိုပြီးခေါ်တာ။ မိဘိတ် လာဦး။ အဝတ်ရေစိမ်ခိုင်းထားတာ ခုထိဘာလို့မစိမ်သေးတာလဲလို့ မေးလိုက်တာ။ လတ်ထရိန်မအားသေးလို့တဲ့။ ဒါနဲ့ မေမေက အဝတ်ရေစိမ်ခိုင်းတာ လတ်ထရိန်နဲ့ ဘာဆိုင်လို့လဲဆိုတော့ လတ်ထရိန်ထဲမှာ အန်တီလေးက အဝတ်လျော်နေလို့တဲ့။ :P အမှန်က အန်တီလေး (မေမေ့ညီမ အငယ်ဆုံး)က သူ့အင်္ကျီ အဖြူတွေကို ရေချိုးခန်းထဲမှာ လျော်နေတာ။ အိမ်ကအိမ်သာခန်း (toilet)က ဘယ်သူမှလဲမသုံးဘူး။ အားတယ်။ သူက ဘယ်လိုဘယ်လို ရေချိုးခန်းနဲ့ အိမ်သာမှားတယ်မသိဘူး။ ကျိုက်ထီးရိုးမှာတုန်းကလဲ ဘယ်သူကမှ လတ်ထရိန်သွားမယ်ပြောပြီး ရေချိုးခန်းမသွားခဲ့ကြဘူးလို့တော့ ထင်တာပဲ။ :)

မေမေက အိမ်လာတဲ့လူတိုင်းကို ဘုရားစာ သင်ပေးလေ့ရှိတယ်။ မေတ္တာပို့၊ သံဗုဒ္ဓေ၊ အစရှိသဖြင့် သူတို့ ဥာဏ်မှီရင်မှီသလောက်၊ ဥာဏ်လုံးဝမမှီတဲ့လူဆိုလဲ ပုတီးစိပ်ဝယ်ပေးပြီးတော့ အရဟံ အရဟံဆိုပြီး ပုတီးစိပ်ခိုင်းတယ်။ အရဟံတောင်မမှတ်မိတဲ့လူတွေ ပူးတေအိမ်မှာတွေ့ဖူးခဲ့တယ်။ ဒါဆိုမေမေက ဗုဒ္ဓေါ ဗုဒ္ဓေါ ဆိုပြီး စိပ်ခိုင်းတယ်။ အဲဒီ ဗုဒ္ဓေါ မှ မမှတ်မိရင်တော့ ဘုရား ဘုရားဆိုပြီးတော့ ဘုရားတခါပြီးရင် ပုတီးတလုံးချခိုင်းပြီး ပုတီးစိပ်ခိုင်းတယ်။ မေမေ့ရည်ရွယ်ချက်ကတော့ သူတို့လေးတွေ တနေ့ကို ကုသိုလ်ကောင်းမှုနည်းနည်းဆီရသွားအောင်လို့တဲ့။ မိဘိတ်ကျတော့ ပင်ကိုဥာဏ်ကကောင်းတယ်။ အကုန်မှတ်မိတယ်။ ပူးတေတို့နဲ့ ညတိုင်း ည၈နာရီဆို ဘုရားတူတူ ရှိခိုးလို့ရနေပြီ။ သြကာသတော့ ကောင်းကောင်းရတယ်။ ဒါနဲ့မေမေက နောက်တဆင့်တက်ပြီးတော့ မေတ္တာပို့တာတွေ သင်ပေးနေတာ။ မေမေအဲဒီအချိန်တုန်းက မိဘိတ်ကို သင်ပေးတာက
သဗ္ဗေသတ္တာ ဝေနေယျာ ချမ်းသာကိုယ်စိတ် မြဲပါစေ
မိဘနှစ်ဖြာ မြတ်ဆရာ ချမ်းသာကိုယ်စိတ်မြဲပါစေ .....ဆိုတဲ့ မေတ္တာပို့။

အဲဒီမေတ္တာပို့ စသင်ခါစ ၁ပတ်လောက်ပဲရှိသေးတယ်ထင်တယ်။ မေမေတို့တောင်ဘာမှ ကြိုမသိဘူး။ မိဘိတ်ကို ပို့ထားတဲ့ ပွဲစားက တနေ့ နေ့လည်ခင်းကြီး ဗြုန်းဆိုရောက်လာတယ်။ ပူးတေတို့တွေက နေ့လည်ခင်း ကျောင်းပိတ်လို့ မေမေအိပ်ခိုင်းလို့ အိပ်နေရတာ။ မိဘိတ်က ပူးတေကို လာနှိုးတယ်။ သူ ရွာပြန်ရတော့မယ်တဲ့ ။ ပူးတေလဲ  ပထမတော့ကြောင်တောင်တောင်နဲ့ အိပ်ချင်မူးတူး။ နောက်မှ သူ့ကို ပေးမယ့်ပစ္စည်းတွေ လိုက်ရှာပြီး အတင်းထည့်ပေးနေတာ။ အဓိကက သူအရမ်းကြိုက်တဲ့ ရဲကိုကိုတို့ လင်းဇာနည်ဇော်ပုံတွေ၊ သူ့အတွက် မမကြီးတို့ မမလေးတို့ ဝယ်ပေးထားတဲ့ မိတ်ကပ်တွေ(မေမေက အိမ်မှာနေရင်း မိတ်ကပ်တွေပြင်တာ မကြိုက်လို့ သိမ်းထားတာတွေ)။ အဲဒါတွေ သတိရသလောက်ထည့်ပြီးတော့ သူက အဝတ်အစားလဲ။ မျက်နှာကို သနပ်ခါးလူးရတာ။ မေမေကလူးခိုင်းတာ မှတ်မိသေးတယ်။ သူ့အဝတ်စားတွေထည့်ဖို့ မေမေက စာကလေးခြင်း(အဲဒီခေတ်က ခြင်းတောင်း၊ လေးဘက်လေးတန် လုံနေလို့ စာကလေးခြင်းလို့ခေါ်တာထင်တယ်။ ပူးတေတို့ ကျောင်းသွားရင် အသေးလေး၊ သူ့အတွက်က မေမေက အိမ်မှာရှိတဲ့ ခြင်းအကြီး) ပေးလိုက်တယ်။ အဲဒီခြင်းကို ပူးတေတို့တွေ တခါတလေ ကြောင်လေးတွေ ဖမ်းပြီးထည့်ရင်တောင်မှ ကြိုက်တာမဟုတ်ဘူး။ အဲဒီနေ့က ပူးတေတို့ တအိမ်လုံး မိဘိတ်ပြန်မယ်ဆိုလို့ ဝမ်းနည်းနေတယ်။ မေမေကလဲ စကားသိပ်မပြောဘူး။ ပူးတေတို့ကတော့ ကလေးဆိုတော့ မှာစရာတွေ လျောက်မှာနေတယ်။ စာရေးနော်။ ဘာညာနဲ့။ မေမေက သူပြန်ခါနီးကျတော့ မိဘိတ် ဘုရားစာတွေ မေ့မပစ်နဲ့နော်တဲ့။ အသံလေးက ပျော့နေတာသတိထားမိတယ်။ မိဘိတ်က ဟုတ်ကဲ့ ကြီးကြီးတဲ့။ ပြီးတော့ မေမေကိုကန်တော့တယ်။ ကန်တော့ပြီးတော့ ကြီးကြီး ပတ်ဘေပတ်တာပြီးတော့ ဘာလဲတဲ့။ တအိမ်လုံးလဲ နားမလည်ကြဘူး။ နောက်မှ ပူးတေက သဘောပေါက်ပြီး ထရယ်ပါလေရော... သူက သဗ္ဗေသတ္တာ ဝေနေယျာ ချမ်းသာကိုယ်စိတ် မြဲပါစေ... ဆိုတဲ့ မေမေ သင်ပေးထားတဲ့ ဟာကို ပြန်မေးတာ။ ပတ်ဘေပတ်တာပြီးတော့ ဘာလဲတဲ့။ သူမှတ်မိထားတဲ့ အစက မှန်နေပြီး နောက်ပိုင်းကိုပဲ မေ့နေသလိုလိုနဲ့။ အဲဒီတုန်းက မေမေက ပူးတေကိုဆူတယ်လေ။ သူများအဲလိုဖြစ်တာကို မရီရဘူးတဲ့။ ငရဲကြီးတတ်တယ်တဲ့။ ကလေးပဲကိုး... နော်။ ဘယ်သိပါ့မလဲ။

ခုထိ မိဘိတ်ပြန်သွားတဲ့ ပုံပူးတေမျက်စိထဲက မထွက်သေးဘူး။ ပွဲစားမိန်းမကြီးက အဲဒီခေတ်က(လွန်ခဲ့တဲ့ ၁၆ နှစ် ၁၇ နှစ်လောက်ကထင်တယ်) ဟိုင်းလပ် ဒဘယ်လ်ကပ်လို ငွေရောင် ကားမြင့်ကြီးနဲ့ သူတယောက်ထဲလာတာကို။ မိဘိတ်ကို နောက်က ခေါင်မိုးမပါတဲ့ နောက်ခန်းမှာ ဖင်ထိုင်ခုံလဲမပါ။ ဖျာလဲမပါ။ ဒီအတိုင်း အပူထဲမှာ အပေါ်ပူ အောက်ပူနဲ့ ထိုင်ခိုင်းတယ်။ သူ့အဝတ်ထည့်တဲ့ စာကလေးခြင်းတောင်းနဲ့ အထုတ်တထုတ်နဲ့။ ပူးတေက မိဘိတ် ရှေ့မှာထိုင်လေ။ နေပူတယ်လို့ လှမ်းပြောတော့ မေမေက တိုးတိုးလေး ပြောတယ် သွားမပြောနဲ့တဲ့။ ဒါသူတို့လို လူတွေက ဒီလိုပဲတဲ့။ ပွဲစားမိန်းမကြီးလဲ ကောင်းပေါ်တက်ပြီး ကားကိုဝူးခနဲ မောင်းထွက်သွားရော မိဘိတ်က အိမ်မှာနေတာကြာတော့ အသန့်ကြိုက်နေပြီလေ။ သူက ကားပေါ်မှာ ဒီအတိုင်း ဖြစ်သလို ထိုင်မချတော့ဘူး။ နောက်မှာ ဆောင့်ကြောင့်လေးထိုင်နေတာ။ မိဘိတ် ကားလဲ ဝူးကနဲ စောင့်ထွက်သွားရော ဖင်ထိုင်ရက်လေး ကားဘောင်လေးကိုင်ပြီး ပါသွားရော။ 

ကားလဲ ထွက်သွားရော မေမေက ပူးတေကို လူကြီးတယောက်ကိုတိုင်ပင်သလိုပုံစံမျိုးနဲ့ ပြောတာယ်။ မိဘိတ်က ပြန်ချင်တာမဟုတ်ဘူးတဲ့။ မိဘိတ်မပြန်ချင်ရင် မပြန်ခိုင်းနဲ့ပေါ့ မေမေရယ်လို့ ပူးတေက ပြောလိုက်တော့ မေမေပြန်ခိုင်းတာ မဟုတ်ဘူး။ ပွဲစားက အတင်းလာခေါ်သွားတာတဲ့။ ရွာမှာသူ့အမေနေမကောင်းဘူးဆိုပြီးတော့တဲ့။ နောက်ကြီးလာမှ တဖြေးဖြေးသိလာရတာက ပွဲစားတွေက တနေရာကနေ တနေရာကို ခဏခဏပြောင်းမှ သူတို့ ပွဲစားခရမှာမို့ အိမ်တအိမ်မှာ လူမြဲနေရင်တောင်မှ သူတို့က ဆက်မထားဘူး။ အမေနေမကောင်းဘူး။ အဖေနေမကောင်းဘူးနဲ့ မျိုးစုံအကြောင်းပြပြီး လာပြန်ခေါ်ကြတာတဲ့။ မမရွှေစင်ဦးရဲ့ ကျော်လှိုင်ဦး ဘာသာပြန်တဲ့ ဦးလေးတွမ် ဝတ္ထုထဲကလိုပဲ မြန်မာပြည်မှာလဲ မစ္စတာဟာလေတို့လို လူပွဲစားအများကြီးရှိပါလားလို့ စဉ်းစားမိတယ်။

အစကတော့ မိဘိတ်နဲ့ ပတ်ဘေပတ်တာ ဆိုပြီး ရီစရာလေးရေးမလို့ပဲ ရေးနေရင်းက မိဘိတ်ကို သတိရလာပြီး အလွမ်းဇာတ်ဖြစ်သွားတယ်။ မိဘိတ်ကတော့ ပူးတေတို့ကို သတိရချင်မှလဲ ရမှာပေါ့လေ။ သူနေခဲ့ရတဲ့ အိမ်တွေက အများကြီးရှိမှာပဲကို။ ခုချိန်လောက်ဆို မိဘိတ်တယောက် အိမ်ထောင်တွေဘာကျေပြီး သားတွေ သမီးတွေနဲ့ ဖြစ်နေပြီလား။ ဒါမှမဟုတ် ထီတွေဘာတွေများပေါက်ပြီး ကြီးပွားချမ်းသာသွားလို့ အိမ်ဖော်အလုပ်လုပ်စရာမလိုတော့ဘူးလား။ ပူးတေတို့အိမ်က လူတွေကတော့ သူ့နာမယ် မိဘိတ်ဆိုတာရယ် ဇာတိက မော်လမြိုင်ဘာက်က လာတယ်ဆိုတာလောက်ပဲ သိတာပါ။ နာမယ်လဲ ပြင်မရေးထားပါဘူး။ စာဖတ်တဲ့လူတွေထဲက တယောက်ယောက်ရဲ့ အိမ်မှာရော သူအလုပ်လာလုပ်ဖူးချင် လုပ်ဖူးမလားလို့.... ခုလောက်ဆို သူအသက်က ၃၁ / ၃၂ ပတ်ဝန်းကျင်လောက်တော့ရှိရောပေါ့။


လူအချင်းချင်း လှည့်ပတ်ခြင်း
လူအချင်းချင်း ရောင်းစားခြင်း ကင်းဝေးကြပါစေ လို့ ဆုတောင်းရင်းနဲ့ပဲ.........

16 comments:

သဒ္ဓါလှိုင်း said...

စိတ်မကောင်းစရာပေါ့ ညီမပူးတေရေ..။
ခုချိန်ထိလူအချင်းချင်းရောင်းစားတဲ့အခြေအနေတွေ
ရှိနေတုန်းနော်..။

ခင်တဲ့
သဒ္ဓါ

ချစ်ကြည်အေး said...

ဒါမျိုးတွေ ရှိတုန်းပဲ ညီမ ပူးတေရဲ့ နောက်တအိမ်ပြောင်းမှ ပွဲစားက ပွဲခထပ်ရမှာကိုး...။ ပြောလို့မရဘူးနော် မိဘိတ်က စာဖတ်တတ်ပြီး ပူးတေ ဘလောဂ့်ကို လာဖတ်ချင် ဖတ်နေအုံးမှာ...:)

နေ၀သန် said...

တချို့ အိမ်ဖော်လေးတွေက တအားကို သနားဖို့ကောင်းတယ်..။ ချစ်ဖို့လည်း ကောင်းပါတယ်။
တချို့ကျ အမြင်ကတ်ဖို့ကို အသေကောင်းပါတယ်..။ ပူးတေရဲ့ မိဘိတ်ကိုတော့ ဖတ်ရင်းနဲ့ ခင်မင်မိပါတယ်...။း)))


ခင်မင်တဲ့
နေ၀သန်

SHWE ZIN U said...

ညီမ ရေ

ဒီလိုဘဲ မိဘိတ် ထက် အခြေအနေဆိုးတဲ့ လူတွေလည်း အများကြီး ဘဲ

တကယ်တော့ ဦးလေးတွမ် ထဲက ထက် ဆိုးတာတွေ တောင် ဒီခေတ်မှာ ရှိနေတုန်းဘဲ

ခင်မင်စွာဖြင့်
မမရွှေစင်

လသာည said...

မိဘိတ်လိုလူမျိုးလေး အစ်မတို့ရထားတယ်။ မိဘိတ်တော့ဟုတ်ဖူး..။ တအားလိမ္မာပြီး ချစ်ဖို့ ကောင်းတာမို့ အိမ်က သူ့ကို မွေးစားလိုက်ကြတယ်။ အခုတော့ ညီမဖြစ်သွားပြီပေါ့။

မိဘိတ်လို အိမ်ဖော်လေးတွေ ပူးတေလေးလို အိမ်ရှင်ကောင်းကောင်းနဲ့ တွေ့ပါစေ ဆုတောင်းမိတယ်။

Cameron said...

အမတို့ငယ်ငယ်က အဒေါ်အိမ်မှာနေကြတာ မိဘိတ်လိုကောင်မလေးတွေ တော်တော်များများတွေ့ဖူးတယ်...။ အဲဒီတုန်းက ကောင်မလေးတွေများလွန်းလို့ စာအုပ်နဲ့တောင် နာမည်တွေမှတ်ထားဖူးတယ်...။ အဒေါ်ရဲ့သမီးတွေနဲ့ အိမ်ဖော်တွေကအမြဲဘူးလေ...။ နောက်မှ အဲဒီအကြောင်းမျိုးလေး ရေးဦးမယ်..ဟိ...ပူးတေဆီက စာရေးဖို့အကြံရသွားပြီ..။


ခင်မင်စွာဖြင့်
မိုးငွေ့

Myanmar Good Knowledg Co., Ltd said...

ပူးတေရေ
မင်္ဂလာပါ။
တော်တော်ရီရတဲ့ မိဘိတ်ပဲ။
သူက မှတ်ဥာဏ်ကောင်းတယ်နော်။
ပူးတေလည်း ငယ်ဘ၀က အနီးကပ်တွေ့ခဲ့ရတာ လူတစ်ယောက်ရဲ့ ဘ၀အကြောင်းကို ငယ်ငယ်လေးနဲ့
သေသေချာချာမှတ်မိခဲ့တာပဲ။

ခင်မင်လျှက်

ကိုအောင် said...

စာဖတ်ပြီး စိတ်မကောင်း ဖြစ်မိပါတယ် ပူးတေရေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တယ်နော်
တစ်ချို့အိမ်ဖော်လေးတွေက စိတ်ထားကောင်းပြီး ရိုးသားကြတယ်
တစ်ချို့ကျတော့လည်း လူလည်ကျလွန်းတယ်.. ပွဲစားတွေအပါအ၀င်ပါဘဲ..
ပူးတေတို့ရဲ့ မိဘိတ်ကတော့ ချစ်ခင်စရာနော်..

မောင် လေး said...

စိတ်မကောင်းစရာပဲနော်...။
လူပွဲစားတွေကတော့ တော်တော်ကိုဆိုးတာပါပဲ...။

blackroze said...

ဟုတ်တယ်ပူးလေးရေ
အိမ်ဖေါ်ပွဲစားတွေကဒီအတိုင်းဘဲ
တကယ်တော့...အလုပ်လာလုပ်ကြတဲ့တောက
အိမ်ဖေါ်မလေးတွေဘဝတွေကလဲ
သနားစရာကောင်းပါတယ်လေ

ဧပရယ်လ်ပူး@ပူးတေ said...

@ မမ သဒ္ဓါ၊ မမချစ်၊ ကိုနေဝသန်၊ မမရွှေစင် >>> ကျေးဇူးအထူးတင်ပါတယ်။းD

@ မမလသာည >>> မမတို့က မွေးစားလိုက်တော့ကောင်းတာပေါ့နော်...မေမေတို့ သဘောဆို မွေးစားချင်မွေးစားမှာ ထင်တယ်။ အဖိုးတွေအဖွားတွေက chinese တွေဆိုတော့ မျိုးရိုးမသိဘဲလဲ မမွေးစားချင်ကြဘူး။ နောက်ပိုင်း ပြဿနာတွေရှုပ်မှာဆိုးလို့ မွေးစားတာ မကြိုက်ကြဘူးလေ.... ;P

@ မမမိုးငွေ့ >> စာအုပ်နဲ့တောင် ချရေးမှတ်ထားရတယ် ဟုတ်လား။ ဒါဆို ပူးတေတို့တော့ ရှုံးသွားပြီ...ပူးတေတို့အိမ်မှာက ပွဲစားတွေကြောင့်သာ မဟုတ်ရင် လူမြဲပါတယ်....မမမိုးငွေ့ ရေးသာရေး ဖတ်ဖို့ အဆင်သင့်စောင့်နေတာ။

@ မမကောင်းမွန် >>> ပူးတေက တချို့ကိစ္စတွေဆို ၂ နှစ်သမီးလောက်ထဲက အဖြစ်ပျက်တချို့ပါ မှတ်မိတယ်။ မေမေ ဆေးရုံတက်ရလို့ မေမေနဲ့ ခွဲရတာတို့ ၃ နှစ်သမီးအရွယ်မှာ နားက နားကပ် သူများ ဖြုတ်သွားတာတို့ ဒါမျိုးတွေမှတ်မိတယ်။ မိဘိတ်ကိုတော့ ပူးတေမှတ်မိတာက ပတ်ဘေပတ်တာလောက်ပဲ မှတ်မိတာ။ အိမ်မှာ ငယ်ငယ်က အဲဒီမေတ္တာပို့ ဆိုတိုင်း ပါးစပ်က သဗ္ဗေသတ္တာ စိတ်ထဲက ပတ်ဘေပတ်တာ ဆိုနေတာ။ ကျန်တာတွေ မေမေတို့က မိဘိတ်ကို တော်တော်သံယောဇဉ်ဖြစ်နေတာ။ မေမေတို့ မမကြီးတို့ ပြန်ပြောနေကြတာတွေကို ခုချိန်ထိ တခါတလေ နားထောင်နေရတုန်းဆိုတော့ မှတ်မိနေတာမမရဲ့။ :)

@ ကိုအောင်၊ မမချော ၊ မောင်လေး၊ မမရို့စ် >>> အာလုံး စိတ်ရှည်လက်ရှည်နဲ့ ဖတ်ပေးတာ ကျေးဇူးပါနော်.... :D

sosegado said...

ခုထိမှတ်မိနေတာ တော်တော်နီးစပ်ခဲ့မယ်ထင်တယ်၊
လူကုန်ကူး ကိုယ်တွေ့ပေါ့၊ မဘိတ် တစ်ယောက်လည်း အဆင်ပြေပါစေ ဆုတောင်းပေးပါတယ်

ကိုဇော် said...

ကံကြောင့်သာ ဒီလို ဖြစ်နေရတာ စိတ်ရင်းကောင်းသူတွေလည်း ရှိနေပါသေးတယ်။ တချို့ကျတော့ အကြီးအကဲ ဖြစ်နေပြီးတော့ လူစိတ်မရှိဘဲ နောက်ကွယ်ကနေ ချောင်းရိုက်ချင်နေသူတွေလည်း ရှိနေသေးတယ်။
ဘာပဲ ပြောပြော ပူးတေ ရေးထားတာ ကောင်းပါတယ်။ ကွက်ကွက် ကွင်းကွင်းလည်း မြင်သာတယ်။

ချိုကျ said...

ဟုတ်တယ်ဗျ အဲဒီလိုကိစ္စတွေကတော့လေ ခောတ်တွေဘယ်လိုပြောင်းပြောင်း ဘယ်တော့မှ ပြောင်းမှာမဟုတ်ပါဘူးဗျာ...။

သုခုမလေဒီ said...

ပူးရေ.. ပိုစ့်လာဖတ်တယ်။ အမလည်း ပူးလိုပဲ ကြုံဖူးပါတယ်။ သံယောဇဉ်တွေပေါ့နော်။