Tuesday, June 15

တမ်းတမိနေသော ဟင်းတခွက်

ပူးတေက မြန်မာအစားအစာဆို အုန်းသီးနဲ့ လုပ်တဲ့ မုန့်တွေကလွဲလို့ ကျန်တဲ့မုန့် အားလုံး၊ ဟင်းဆိုလဲ မြန်မာစာ စစ်စစ်ကိုမှ ကြိုက်ပါတယ်။ အိမ်မှာတော့ အဒေါ်တွေက ထားဝယ်ဘက်မှာနေတော့ ငပိပို့ပေးလို့ ထားဝယ်ငပိသုတ်ကို ပုဇွန်ခြောက်များများနဲ့ စားဖူးပါတယ်။ငပိရေ၊ ငပိထောင်းကိုတော့ ၁၀ တန်းအောင်ပြီးတဲ့အထိ တခါမှ မစားဖူးပါဘူး။ ကျောင်းတက်မှ အဆောင်နေတော့ သူငယ်ချင်းတွေ အတင်းကျွေးလို့ မြည်းကြည့်ရင်းနဲ့ ငပိရည် ငပိထောင်း ကြိုက်သွားတာပါ။ ပြီးခဲ့တဲ့ လလယ်လောက်ကတည်း ရန်ကုန်က ကြီးကြီးလာမယ်ဆိုလို့ စားချင်တဲ့ ဟင်းတွေစဉ်းစားပြီး သတိရတိုင်း ဖုန်းလှမ်းဆက်တာ ဖုန်းဖိုးတင် မနည်းဘူး။ မှာလိုက်တာတွေ အများကြီးပဲ။ ပြီးတော့ မမှတ်မိတော့ဘူး။ ပစ္စည်းတွေတွေ့မှ အင်းဟုတ်တယ် ဒါလဲ စားချင်နေတာ။ ဟုတ်တယ် ဒါလဲမှာမလို့နဲ့။

ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့ကထဲက ကြီးကြီးယူလာတဲ့ စားစရာတွေ ဒီနေ့မှ စစားဖြစ်တယ်။ အသီးအရွက်တွေက ဗူးညွန့်၊ ဇရစ်ရိုး၊ ဖလံတောင်မွှေး၊ မချစ်စု အစိမ်းနဲ့ ဝင်းရောင်(မမှည့်တမှည့်ကို ခေါ်တာထင်တယ်)၊ ချဉ်ပေါင်ရွက်၊ ဒန့်သလွန်ရွက်၊ ကန်စွန်းရိုးနီ အများကြီးပဲ။ ကြီးကြီးက ငါ့မှာ ဟင်းသီးဟင်းရွက်သည်ကြီးကျနေတာပဲတဲ့။ :D အသားတွေကိုတော့ မမှာတော့ဘူး။ ဒီမှာ အားလုံးနီးပါးရတယ်လေ။ ငါးပုဏ္ဏားကြော်၊ ငါးသလောက်ပေါင်းပြီးသား၊ ငါးဖယ်ကြော် ဒါပဲမှာလိုက်တယ်။ ဒီမှာရှိတော့ရှိတယ်။ ဈေးလဲကြီးတယ်။ မလတ်လဲ မလတ်ဘူးလေ။ ရေခဲတွေ အကြာကြီး ရိုက်ထားတာ။ ပူးတေက အသားငါးထက် ဟင်းသီးဟင်းရွက်ကို ပိုကြိုက်တယ်။ နောက်ပူးတေက ဟင်းသီးဟင်းရွက်ရဲ့ အရိုးတွေကို ကြွပ်ကြွပ်ဝါးစားတာပိုကြိုက်တယ်။ ဥပမာ ကန်စွန်းရွက်ဆို ပူးတေက အရိုးပဲစားတာ။ အရွက်ကိုမကြိုက်ဘူး။ ဝါးရတာ ချွဲကျိကျိနဲ့လို့။ အညွန့်ဆို အကုန်ကြိုက်တယ်။ ဗူးညွန့်၊ ခဝဲညွန့်၊ ပဲညွန့်၊ ကင်းပုံညွန့်၊ ဘာညွန့်တွေရှိသေးလဲမသိဘူး။ ငယ်ငယ်ကဆို မေမေ့ရဲ့ အမေ ဖွားဖွားကို သွားသွားနောက်တာ။ အဖွားနာမယ်က တလုံးထဲ ဒေါ်ညွန့်တဲ့။ ဖွားဖွားက အဖိုးနဲ့စိတ်ဆိုးရင် အညွန့်နော် အညွန့် တညွန့်ထဲရှိတယ်လို့ ပြောလေ့ရှိတယ်။ ဒါဆိုပူးတေက ဖွားဖွားနော် မီးက အညွန့်ဆို ဘာညွန့်ဖြစ်ဖြစ် ချက်စားလိုက်မှာပဲဆိုပြီး ထွက်ပြေးရတယ်။ မဟုတ်ရင် လက်ထဲမှာရှိတဲ့ပစ္စည်းနဲ့ လှမ်းပေါက်တော့တာပဲ။
ဒါမျိုးတွေသာ ကြိုက်တာ။ ငပိရေလဲ အခုဆို အရမ်းကြိုက်တယ်။ မစ္စတာပီက ဝက်ခြံပေါက်မှာဆိုးလို့ သိပ်ပေးမစားဘူး။ ငပိကို အရမ်းကြိုက်ပေမယ့် တို့စရာတော့ မစားတတ်ဘူး။ သရက်သီးစိမ်းကိုကြိုက်တယ်မှတ်လား။ ထမင်းပြီးမှ ဒီအတိုင်း ငပိနဲ့ ထိုင်တို့စားတာ။ နံတဲ့ ဟာတွေတော့မုန်းတယ်။ ဒူးရင်သီး၊ စူးပုတ်ရွက်၊ တညင်းသီး အဲဒါတွေဆို အရမ်းမုန်းတယ်။ ငယ်ငယ်ကတော့ ဒူးရင်းသီးကို အရမ်းကြိုက်၊ အရမ်းစားခဲ့တယ်လို့ လူကြီးတွေကတော့ ပြောကြတာပဲ။ ခုတော့ သူတို့ ပြောတာ ကိုယ့်ကို ညာနေသလားလို့။

5 comments:

သက်ဝေ said...

စားချင်စရာတွေကို အစုံအလင် ရေးပြထားတော့တာပါလား နှမတော်ရဲ့....

အညွန့်တွေ အကြောင်းရေးထားတာ ရယ်ရတယ်....
ပြီးတော့ ဖလံတောင်ဝှေးကို အရမ်းသတိရသွားတယ်... ဖလံတောင်ဝှေးရဲ့ ထိပ်ပိုင်းက အရွက်လေးတွေကို လိပ်ပြီး ကျွဲခေါင်းလေးလို လုပ် ကစားရတာ သတိရတယ်... မစားရတာ မကစားရတာ ကြာလှပေါ့...

SHWE ZIN U said...

မြန်မာပြည်မှာ ရွှေစင်ဦး စားစရာ တွေ ရှားသွားတယ် မှတ်ပါတယ် ဒေါ်ပူးတေ လက်ချက်ကိုးဗျ

စားရတဲ့ အတွက် ဝမ်းသာမိပါတယ်ဗျာ

ချစ်တဲ့
အမရွှေစင်

မမပြာ said...

ထမင်းလာစားပါဦး...(လူကြုံ ပါတာ ကျန်သေးရင် သယ်ခဲ့နော်..:P)

blackroze said...

စာဖတ်ရင်းသွားရေကျသွားပါ၏

မိုးခါး said...

ဖလံတောင်ဝှေး စားချင်တယ်
ကျွေးပါ ................ :D