Thursday, October 11

အကြော်စုံ ကြော်စားဖြစ်ပုံက~~~~~~

ဆားချက်တာ (ရေးထားပြီး မတင်ဖြစ်တာလေးတွေ ပြန်ရှာပြီး တင်တော့ up to date တော့ မဖြစ်ဘူးကွယ် :D) 

လူတွေ ပြောနေကြတယ်... အကြော်စုံကို ကြွပ်အောင် ဆီပူအိုးထဲ ရေသန့်ဗူးခွံတွေ ထည့်ကြော်တယ်ဆိုလားပဲ.... ဂျာနယ် ဖြတ်ပိုင်းလေးတွေနဲ့ ဖောဝပ်ဒ်မေးလ်တွေလဲ ရောက်လာတယ်... နောက်ကျတော့ တခါ မဖြစ်နိုင်ဘူး... ဆီထဲထည့်ရင် ဆီနံ့ကပြောင်းသွားတယ်... ကော်စေ့လေးတွေကို စားကြည့်တာနဲ့ ခံစားကြည့်လို့ရတယ်နဲ့... နောက်ပြီး ပြောကြတာ အမျိုးမျိုးပဲ ဖြစ်နိုင်တယ်... ဒါမျိုးကြော်လို့ရတယ်... စမ်းကြည့်ပြီးပြီလို့ ပြောတဲ့ လူတွေလဲ ရှိတယ်... မစမ်းနဲ့... မီးထတောက်မယ်လို့ပြောတဲ့ လူလဲ ရှိတယ်... အိမ်ကိုတော့ ဖုန်းလှမ်းဆက်လိုက်တယ်... စားချင်ရင် အိမ်မှာပဲ ကြော်စားကြတော့ အပြင်စာတွေ တတ်နိုင်သမျှရှောင်နော်လို့ ပြောလိုက်သေးတယ်... အားရစရာပါပဲ အိမ်ကလူတွေ ပြန်ဖြေတာ။ ပူးတေမရှိကတည်းက အပင်ပန်းခံပြီး အလုပ်ရှုပ်လို့ အိမ်မှာ ဘာမှ လုပ်မစားတာကြာလှပြီတဲ့.... ပူးတေပြန်လာမှ စားချင်တယ်ပြောလို့ လုပ်စားတာတွေကိုပဲ စားဖြစ်တော့တယ်တဲ့။ စားချင်တယ်ဆိုလဲ နီးနီးနားနားမှာ ဆိုင်တွေအကုန်ရှိနေတော့ ဆိုင်ကနေပဲ ဝယ်စားကြတယ်တဲ့။

ဟုတ်ပါတယ်...ပူးတေတို့အိမ်မှာ ပူးတေတယောက်ပဲ ဘယ်သူနဲ့ တူပြီး ဒီလိုမျိုး စားစရာတွေ လုပ်ကိုင်စားရတာ ဝါသနာပါနေမှန်းမသိတာ.. သူတို့ကတော့ ပူးတေရန်ကုန်မှာရှိထဲက ပူးတေက မနက်ဖြန် ဘာလုပ်စားကြမယ်...ဒီပစ္စည်းတွေလိုတယ်...ဒါတွေဝယ်ပေးလို့ စာရင်းလေးပဲ ညထဲက တို့ပေးထားလိုက်... မနက်ကျရင် ပူးတေတောင်အိပ်ယာက မနိုးသေးဘူး။ ဈေးခြင်းတောင်းက အောက်ထပ်မှာ ရောက်နေပြီ... အသားတွေ ဘာဖြစ်ကုန်တော့မယ်။ မထသေးဘူးလား။ ချက်မယ်ဆို မချက်သေးဘူးလား။ ဘုန်းကြီး ကြွလာတေ့မယ်နဲ့။ သူတို့က အဲလိုနေ့မျိုးဆို ဈေးဆွဲခြင်းချပေးတယ်... အိမ်ကကောင်မလေးကို အဲဒီနေ့ ပူးတေအတွက် သီးသန့် ထားပေးလိုက်တာ... ထမင်းတောင် တအိုးမတည်ထားတော့ဘူး... စမိတဲ့ ကိုယ့်မှာပဲ အပြစ်ရှိတာလေ... ချက်ပေတော့ ဘုန်းကြီး ဆွမ်းခံကြွတာမှီအောင်လို့။ မမှီရင်တော့လဲ အိမ်မှာရှိတဲ့ မုန့်လေး ကော်ဖီမစ်ထုတ်လေး လောင်းလို့ရပါတယ်။ ဒါပေမယ့် ပူးတေစိတ်ကိုက လူတွေတောင် ချက်စားပြီးမှ ဘုန်းကြီးလဲ လောင်းရမှ ဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ မရအရ ထချက်တော့တာပါပဲ။

အခုလဲ သူတို့ကို အကြော်ကိစ္စလေး ပြောမိပါတယ်။ ပူးတေမရှိထဲက ဘာမှ အထွေအထူး လုပ်မစားဘူး။ ဝယ်ပဲစားတော့တယ်ဆိုတော့ စိတ်က မကောင်းပါဘူး။ ခုပဲ ပြန်ပြီး သွားချက်ပေးချင်စိတ်တွေ တဖွားဖွားပေါက်လာပါတယ်။ ဒါမျိုးတွေကြောင့်လဲ အိမ်မှာ ပူးတေ ဘာမှ သိပ်မလုပ်စားဖြစ်တာ ကြာပါပြီ။ အရင်ကဆို အိမ်မှာ အပတ်တိုင်းလိုလို ပိတ်ရက်တိုင်း သူငယ်ချင်းတယောက်မဟုတ်တယောက်ကို ခေါ်ခေါ်ပြီး တခုမဟုတ်တခု ချက်စားလေ့ရှိပါတယ်။ ပူးတေစိတ်က တမျိုးပါ။ ငယ်ငယ်လေးထဲက (၈ တန်း၊ ၉ တန်းလောက်ထဲက) တွက်ပါတယ်။ ဘယ်လိုတွက်လဲဆိုတော့ ဥပမာအနေနဲ့ ပြောရရင် စင်္ကာပူမှာ ပူးတေ ကြာဇံဟင်းခါးစားချင်တယ်။ အိမ်မှာ မချက်ချင်ရင် စီးတီးဟော သွားစားမှ ရပါတယ်။ အသွား ရထားလက်မှတ်ခ ၁ကျပ်ခွဲ (ကျော်မယ်ထင်တယ် အဲတုန်းက စီးတီးဟောကို ဝုလန်းကနေသွားတာပါ။)၊ အပြန်လဲ အဲလောက်ပဲ။ ၂ ယောက်သွားမယ်ဆို အသွားအပြန် ၆ ကျပ်လောက် ကျပါတယ်။ ပူးတေက ဘယ်တော့မှ တပွဲနဲ့ မတင်းတိမ်တတ်ဘူး။ ဟိုရောက်ရင် ၂ ပွဲစားမယ်။ မစ္စတာပီကြီးက ၁ ပွဲဆို ၁ပွဲ ၃ ကျပ်လောက်ပဲထားဦး၊ ၂ ယောက်ပေါင်း ၃ပွဲစာကို ၉ ကျပ်။ ခရီးစရိတ် ၆ ကျပ်။ ၁၅ ကျပ်ကုန်မယ်။ ၂ ယောက်ထဲစားလို့ရမယ်။ သွားရလာရ ရထားစီးရတာ ခရီးက ပင်ပန်းသေးတယ်။ (အရေးကြီးကိစ္စ၊ လမ်းကြုံလို့ သွားစားတာမျိုးက တမျိုးပေါ့။)၊ တကူးတက သွားစားရမယ်ဆို အဝတ်စားတစုံလဲရတယ်။ ပြန်လာရင် လျော်ရတာ၊ မီးပူတိုက်ရတာနဲ့။ ဒါက ပူးတေအနေနဲ့ အပျင်းကြီးတာလဲ ဖြစ်နိုင်တယ်။ ဒါပေမယ့် စားတဲ့ ဘက်မှာပြန်ကြည့်လိုက်တော့ အရသာက ကိုယ်လိုချင်သလိုမရဘူး။ သန့်ရှင်းမှု၊ (ရန်ကုန်မှာတုန်းကဆို ဆီလဲမသန့်ဘူး)၊ လတ်ဆတ်မှု( မနေ့က တပွဲစာလောက်အကျန်လေးကို ဒီနေ့အသစ်ချက်တဲ့ အိုးထဲ ထည့်မပေါင်းထည့်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး၊ စလုံး ဆိုင်တချို့တောင် laksa အိုးတွေ ဒီလိုမျိုး ထည့်ပေါင်းဖူးလို့ ပြဿနာတက်ဖူးသေးတယ်။) ဒီမှာ ဒေါ်ရွှေပူးတေတို့ တွက်ပါပြီ။ ၁၅ ကျပ်ကုန်ပြီး ဟင်းချက်တာတော့ မပင်ပန်းဘူး ဆိုပေမယ့် ကျန်တာတွေက ပူးတေ အပေါ်မှာပြောသလိုပဲ။ ပြီးတော့ ၂ ယောက်ထဲ စားရတယ်... နောက်ထပ် ၁၀ ဒေါ်လာလောက်ထပ်စိုက်လိုက်မယ်။ ပူးတေနဲနဲ ပင်ပန်းခံလိုက်မယ်ဆိုရင် အိမ်ကလူတွေလဲ အဝစားလို့ရတယ်(ဥပမာ ၁ ယောက်၂ပွဲ၊ ၃ ပွဲပေါ့)။ ပူးတေလဲ ဗိုက်ဆာတိုင်းနွေးစားလို့ရတယ်။ အရသာလဲ စုံပလုံနေအောင် ကိုယ့် စိတ်ကြိုက်ထည့်စားလို့ရတယ်။ ကဲ အဲဒီတော့ နောက်ထပ် ၃ ပွဲစာလောက်ပိုက်ဆံ ထပ်အကုန်ခံလိုက်ရင် တအိမ်လုံးကို ကျွေးလို့ရတယ်။ သူတို့လဲ မြန်မာအစားစာကို ကိုယ့်လိုပဲ တမ်းတမှာပဲ။ သူငယ်ချင်းတွေလာမယ်ဆိုလဲ နဲနဲပိုချက်လိုက်ရင် အေးအေးဆေးဆေး အိမ်မှာ ဗိုက်ရိုက်ပြီး စားလို့ရတယ်လို့.... ကဲ ပူးတေ မတော်ဘူးလား။ ဒါပေမယ့် ဒီအစီစဉ်ကို မစ္စတာပီက တခါတလေ သဘောတူပေမယ့် အပတ်တိုင်းကျတော့ ပူးတေပင်ပန်းလို့ဆိုပြီး မကြိုက်ဘူး။

ခုနောက်ပိုင်း အိမ်က မိသားစုတွေက ဒီလို မချက်စားကြတော့ဘူးဆိုတော့ ပူးတေက ချက်စားတဲ့ အခါတိုင်း အဲဒီအကြောင်းတွေး၊ ဝမ်းနည်း။ ငါသာဒီမှာ သူများတွေကို ချက်ကျွေးနေတာ။ ငါ့မိဘတွေ၊ မောင်နှမတွေကိုကျတော့ ချက်ကျွေးမယ့်သူမရှိဘူးဆိုပြီး လွမ်းနေတာနဲ့ မချက်စားဖြစ်တာ အတော်ကြာပြီ။  :(

မနေ့ကတော့ ဒီအကြော်ထဲကို ရေသန့်ဗူးထည့်ကြော်တဲ့ ကိစ္စကို လက်တွေ့စမ်းမယ်။ ဓါတ်ပုံကို တဆင့်ချင်းရိုက်သွားမယ် ပြီးရင် လူတွေ တကယ်အမှန်တရားကို သိရအောင် လုပ်မယ်လေဆိုပြီး အိမ်သားတွေ တယောက်မှ ပြန်ရောက်သေးခင် တယောက်ထဲ ပြင်ဆင်ပြီး သကာလ~~~~:)

ပူးတေတို့အိမ်မှာ ပူးတေဟင်းချက်နေတုန်း ကလေးမလေးက ကြွပ်ကြွပ်ကြိုး(ပလတ်စတစ် ရောင်စုံကြိုး) တွေ အထွေးလိုက်ယူလာပြီး ပူးတေချက်နေတဲ့ မီးဖိုဘေးနားဖြတ်လျောက်တာ.... ဆီအိုးပေါ်ပါ မီးတွေထဟပ်လို့ ပူးတေခမျာ အော်လိုက်ရတာ... ကံကောင်းလို့ ဆံပင်မွှေး မီးမလောင်တယ်... အဲတုန်းက ပူးတေက ဝက်သားလုံးကြော်နေတာလို့ထင်တာပဲ.... ဆီအိုးထဲ မီးဝင်တာ။ ဟိုတယ်တွေက စားဖိုမှူးတွေ လုပ်ပြတဲ့ ပုံစံမျိုးဖြစ်တာ။ အဲဒါလေးပြန်တွေးပြီး ငါ့တယောက်ထဲ  လျှာရှည်ပြီး စမ်းသပ်လို့ မျှော်လင့်ထားသလို အဆင့်ဆင့် အဆင်ပြေစွာ ဓါတ်ပုံရိုက်နိုင်ရင်ကောင်းသေးရဲ့။ မဟုတ်ပဲ ဆီပူအိုးထဲ ရေသန့်ဗူးခွံထည့်လိုက်ပြီး မီးထလောင်နေလို့ (အနဲဆုံးတော့ ဘေးအိမ်တွေက ပလတ်စတစ်မီးလောင်နံ့ ညှော်စော်နံလို့ ကွန်ပလိမ်းတက်မှာပဲဆိုပြီး)အိမ်မှာ ဘယ်သူမှလဲမရှိ၊ သူများနိုင်ငံမှာ မီးလောင်အောင် မီးရှို့လို့ဆို ထောင်ထဲရောက်နေလို့ ကိုယ့်ယောက်ျားကတောင် လာကယ်မှာ မဟုတ်ဘူးလို့(လျှာရှည်တာကိုးလို့ပြောမှာ မြင်ယောင်ပြီး) တွေးမိပြီး ကြောက်ကြောက်နဲ့ စမ်းသပ်မယ့် အစီအစဉ်လေးကို ဖြတ်သိမ်းပြီး ရိုးရိုးသားသားပဲ အကြော်လေးကို ကြော်စားလိုက်တာ အောက်မှာ ပုံလေးတွေ.........






Tuesday, May 8

မြိန်ရာ ဟင်းကောင်း

ခင်ရာ ဆွေမျိုး မြိန်ရာ ဟင်းကောင်းတဲ့

အမြဲတမ်းအပြင်မှာ ဝယ်စားနေတော့ တရုတ်ဆိုင်က ထမင်းဟင်းတွေစားရင်စား မစားရင်ခေါက်ဆွဲပြုတ် ဆန်ပြုတ် ဒါမှမဟုတ်ရင် ဘိုစာ အသားပြားအကြီးကြီးတွေကို ကင်မယ် အာလူးကြော်တွေ ပြောင်းဖူးတွေနဲ့ ဂေါ်ဖီထုတ်ကို မေရိုးနီးစ်တွေနဲ့သုတ်မယ် ဒါ ဒါတွေပဲ စားနေရတာ မြန်မာဆိုင်မှာ မြန်မာစာစားချင်လို့သွားစားရင် မုန့်ဟင်းခါးများသွားစားမိပြီဆို စားလို့ တဝက်မကုန်သေးဘူး ရင်တွေတုန် အသက်ရှူတွေကျပ်လာတယ်။ ပြီးရင် ခေါင်းတွေမူးလာတယ်။… ပြီးရင် တညနေလုံးရေတွေ ငတ်ပါရော… ဘာလို့ဆိုတော့ အချိုမှုန့်ရဲ့ တန်ခိုးတွေလေ.. သူများတွေအတွက်ကတော့ ဖြစ်ချင်မှ ဖြစ်မယ်… မစ္စတာပီလဲ မဖြစ်ဘူး။ ပူးတေကတော့ မရဘူး အချိုမှုန့်စားတာနဲ့ အဲဒီ လက္ခဏာတွေပေါ်လာရောပဲ။ အသက်ရှူကျပ်တာများဆို ညအထိ အိပ်မရဘူး။ အချိုမှုန့် ရှောင်ချင်လို့ ချက်ထားပြီးသားတွေ မစားချင်ဘူး... အသုတ်မှာစားတယ်... အချိုမှုန့်လုံးဝမထည့်ဘူးပြောတယ်... အချိုမှုန့်လုံးဝမထည့်ရင် အရသာမရှိမှာစိုးလို့ နဲနဲတော့ထည့်နော်ဆိုပြီး မရမက ထည့်ပေးတဲ့ဆိုင်လဲရှိတယ်... ဒါပေမယ့် ကိုယ်ကကြည့်နေတာ များသွားတာနဲ့ ချက်ချင်းပြန်နှုတ်ခိုင်းလိုက်တာ... အိုကေတယ် စားလို့ရတယ်... ခေါင်းလဲမမူးဘူး ရင်လဲမတုန်ဘူး။ ရေလဲမငတ်ဘူး။ အဲ ဒါပေမယ့် မနက်ကျရင်တော့ ပန်းမမဖြစ်ရော..ပူးတေကပဲ လမ်းမတော် မယ်နုနဲ့ ဘာတော်လဲ မသိဘူး။ တခြားလူတွေစားရင် ဘာမှ မဖြစ်ဘူး ကိုယ်စားရင်တော့ ပန်းရင် ပန်း မပန်းရင် တုန် နေတော့တာပဲ။ တခါလဲ မဟုတ် နှစ်ခါလဲ မဟုတ်ဆိုတော့ မြန်မာအစားစာကို အပြင်မှာ ဝယ်စားရမှာကြောက်လာရော။ ဟင်းကအစ အသုတ် မုန့်မျိုးစုံ ကိုယ့်ကို လုပ်စားတာ များလာတော့တယ်.. အရမ်းစားချင်လာပြီး လုပ်စားဖို့လဲ အချိန်မရဖြစ်လာမှသာ မလွှဲသာမရှောင်သာ ဝယ်စားဖြစ်တော့တယ်။ ဒါကြောင့် ပူးတေ အိမ်မှာချက်ပြီဆို တခြားအစားအသောက်တွေ သိပ်ချက်လေ့မရှိပဲ မြန်မာအစားစာကိုပဲ အပင်ပန်းခံ အလုပ်ရှုပ်ခံ ချက်စား (အဝစား)လေ့ရှိတယ်။ အိမ်မှာ ဘယ်လောက်စပ်တာတွေစားစား ချင်တာတွေစားစား တော်ရုံမပန်းဘူး... အချိုမှုန့်လဲ လုံးဝမသုံးတာမျိုးမဟုတ်ပဲနဲ့ တခါတလေ လိုအပ်မယ်ထင်ရင် နဲနဲပါးပါးသုံးပါတယ်...

အခုလဲ ပူးတေတို့ ချက်စားတဲ့ ညနေစာလေးတနပ်အကြောင်းရေးမလို့။ ဘာမှ မထူးဆန်းပါဘူး။ လွယ်လွယ်ကူကူပါပဲ။ အဓိက ဇာတ်ကောင်ကတော့ သခွားသီးရခိုင်သုတ်ပါ။ ကျန်တာတွေကတော့ ပုဇွန်ဆီပြန်နဲ့ သခွားသီးသုတ်နဲ့ လိုက်ဖက်အောင် ကြာဇံဟင်းခါး အကြမ်းချက်ကလေးပါပဲ။ ပုဇွန်ခြောက်ကြော်ကတော့ အရင်နေ့ထဲကကြော်ထားပြီးသားလက်ကျန်ပါ။

သခွားသီးသုတ်အကြောင်းပဲ ပြောပါမယ်..
ပထမဆုံး သခွားသီး အလုံးကြီးတလုံးကို အရှည်လိုက် အလယ်ကနေ ထက်ခြမ်းခြမ်းပြီးတော့ အစေ့တွေထုတ်ပစ်ပြီး ခြစ်ပါမယ်.. ယိုးဒယား သင်္ဘောသီးထောင်းလိုပုံစံမျိုးပါ.. သခွားသီးကတော့ အရေရွှမ်းတဲ့အသီးမို့လို့ အရည်တွေထွက်ပါတယ်။ အရည်တွေကို မညှစ်ပစ်ပါဘူး အသုတ်က အရည်လေးနဲ့ဆိုပိုစားကောင်းပါတယ်။

ပြီးရင် ကြက်သွန်နီပါးပါးလှီး နံနံပင်လှီး (နံနံပင်အစား ပင်စိမ်းရွက်ရှိရင် ပင်စိမ်းရွက်က ပိုကောင်းပါတယ်) ပုဇွန်ခြောက်ကို ရေအမြဲဆေးပါတယ်။ လှန်းတဲ့အချိန်မှာ ဖုန်တွေဘာတွေ ကပ်နေမှာစိုးလို့ပါ။ မျှင်ငပိ(ငပိစိမ်းစား)ကို ယောက်မနဲ့ မီးကင်ပါတယ်... ငရုတ်ကောင်းစေ့လေးတွေကို လှော်ပြီးတော့ ကျောက်ဆုံနဲ့ ထောင်းပါတယ်။ ငရုတ်ကောင်းအမှုန့်တွေ ကြိတ်ပြီးသားရောင်းပေမယ့် ဒါမျိုးလေး ကိုယ့်ကိုထောင်းမှ ရခိုင်သုတ်နဲ့ပိုတူမှာပါ။ ပြီးတော့ ငရုတ်သီးစိမ်းကို ကိုယ်အစပ်ကြိုက်သလောက် ဒယ်အိုးလေးထဲထည့်ပြီးတော့ ငရုတ်သီးစိမ်းကို ရေမြုပ်ရုံလေးထည့်ပြီးတော့ ရေခမ်းတဲ့အထိပြုတ်လိုက်ပါ။ ဒါဆို ငရုတ်သီးစိမ်း ဘယ်လောက်စားစား ဗိုက်မနာတော့ပါဘူး။ အဝင်ပဲ ပူပြီး အထွက်ကျ ပူရုံပဲပူပြီး ဗိုက်မနာ ဗိုက်မရစ်တော့ပါဘူး ။ :P

ပြီးတော့ ပုံထဲကအတိုင်း သံပုရာသီးလိုသလောက်လေးထည့်ပြီးတော့ အချိုမှုန့်ကြိုက်ရင် အချိုမှုန့်ထည့်ပါ။ ပူးတေကတော့ မထည့်တော့ပါဘူး။ ပုဇွန်ခြောက်ကချိုပြီးသားရော ငပိကလဲ အချိုဆိုတော့ အချိုမှုန့်ထပ်မထည့်တော့ပါဘူး။ ပြီးရင် လက်အိတ်လေးစွပ်နယ်ပြီး အပေါ့အငံ အရင်မြည်းပြီးမှ အငံပေါ့ရင် ထိုင်းငံပြာရည်လေး နဲနဲထပ်ထည့်ပြီး (ငံပြာရည်ကို ကြိုမထည့်တာက ငပိကလဲ တခါတလေကျရင် ငံနေတတ်တာရယ် တချို့ပုဇွန်ခြောက်ကအငံဓါတ်ပါနေတတတ်တာကြောင့် မြည်းကြည့်ပြီး အငံလိုမှ ထပ်ထည့်တာပိုကောင်းပါတယ်)  ဆီပြန်အသားဟင်းလေးတမျိုးမျိုးနဲ့ သူနဲ့ လိုက်ဖက်မယ့် ဟင်းခါးလေးနဲ့ မြင်းခွာရွက်ဟင်းခါးဆို့ ဒန့်သလွန်ရွက် ဟင်းခါးတို့နဲ့ ပိုကောင်းပါတယ်ရှင်။ ပူးတေကတော့ အဲဒီအရွက်တွေ အဆင်သင့်မရှိတာနဲ့ပဲ ကြာဇံဟင်းခါးအလွယ်လေးချက်လိုက်တာပါ။ ဒါဆိုရင်တော့ တရှူးရှူးနဲ့ စားမြိန်မယ့် ထမင်းတပွဲကို စားသုံးနိုင်မှာ ဖြစ်ပါတယ်။

(သခွားသီးသုတ် နယ်ပြီးစားရန် အသင့်။ လက်အိတ်နဲ့နယ်မှဖြစ်မယ် လက်ပူလိမ့်မယ်နော်။ သခွားသီးပေါ်က မဲမဲလေးက ငရုတ်ကောင်းစိကို လှော်ပြီးထောင်းထားတာပါ)

 (ငရုတ်ကောင်းစေ့နဲ့ ငပိမီးကင်ရဲ့ အချိုးအဆကို သိရအောင်။ ပူးတေတို့က ၂ ယောက်ထဲဆိုတော့ ၆ လက်မလောက်အရှည်ရှိတဲ့ အလတ်ဆိုဒ် သခွားသီးတလုံးကိုခြစ်ပြီးသုတ်တာပါ)

 (ပကာသန မပါတဲ့ ရိုးရိုးရှင်းရှင်း ထမင်းဝိုင်းလေး)

 (ကြာဇံဟင်းခါး အကြမ်းချက်)

  (ပုဇွန်ခြောက်ကြော်)

 (ပုဇွန်ဆီပြန် ရေကျန်)

Sunday, May 6

တခါတုန်းက ရဟန်းအစ်မ

Draft ထဲက ပို့စ်လေးတွေ တင်လိုက်တာပါ... ပို့စ်တွေက Up to date ဖြစ်မနေပါဘူး... ဘလော့လေးအိပ်နေတာကြာလို့ အိမ်ဦးနတ်ကြီး ရဟန်းခံတုန်းက(၂၀၁၀ စက်တင်ဘာလောက်က) ရေးထားတဲ့ ပို့စ်လေးနဲ့ ပြန်ဖွင့်လိုက်တာပါ....

ပူးတေနေကောင်းနေပါပြီ... ပူးတေကို အားပေးစကားပြော သတင်းမေးကြသော ဘလော့ အစ်ကိုအစ်မ မောင်နှမအားလုံးကို ကျေးဇူးတင်ပါတယ်လို့...

စာမရေးနိုင်သေးတာက ပူးတေမအားပြန်ဘူး... မြန်မာပြည်က ဆွေမျိုးတွေ စင်္ကာပူ လာလည်တယ်... စင်္ကာပူမှာ နေတဲ့ဆွေမျိုးတွေ မြန်မာပြည်အပြီးပြန်မှာမို့ တတ်နိုင်သလောက် လိုက်ကူညီတာမို့ အလုပ်အတော်လေးရှုပ်တယ်...
ပြီးတော့ အလုပ် ၂ ခုအကူးပြောင်းမှာ မစ္စတာပီကြီး ခွင့် ၁၄ ရက်လောက်ခံစားခွင့်ရလို့ ရဟန်းဝတ်ချင်တယ်ဆိုလို့ ရဟန်းဝတ်ဖြစ်တယ်။ သူရဟန်းဝတ်တော့ ပူးတေက ရဟန်းအစ်မပေါ့နော်... :P

ရဟန်းဝတ်နေလို့ စနေတနင်္ဂနွေရက်တွေ ပူးတေကိုယ်တိုင် ချက်ပြီး ဆွမ်းသွားကပ်ရတယ်... ပြန်လာရင် နောက်ရက်ချက်ဖို့ ဝယ်ရတယ်....ပြီးတော့ နောက်ရက် ဆွမ်းချိန်မှီ ချက်ပြုတ်ပြီးစီးနိုင်အောင် ပြင်ဆင်ထားရတယ်.... ပြီးတော့ ဘုန်းကြီးတွေအတွက် ဆွမ်းဟင်း ဆွမ်းထမင်းချက်၊ အချိုပွဲအတွက် မုန့်တွေ ကိုယ်တိုင်လုပ်တယ်..တနင်္ဂနွေနေ့နေ့လည်စာ ဧည့်သည်တွေအတွက် ဒန်ပေါက်ပဲအလွယ်ဆုံးမို့ အော်ဒါမှာလိုက်တယ်။ ဒါတောင် ချဉ်ပေါင်ဟင်းချက်၊ အချိုပွဲ၊ ဘာညာ ပြင်ဆင်ရသေးတာပဲပေါ့။... အိမ်က အတူနေအန်တီက ဆိတ်သားဟင်း၊ ပူတင်း အစရှိသဖြင့် သူကိုယ်တိုင် လုပ်ပေးတာတွေရှိသလို ပူးတေလုပ်တာတွေကိုလဲ အန်တီက နေ့တိုင်း ကူညီပေးပါတယ်...အားလဲနာတယ်...နှစ်ဖက် သူငယ်ချင်းတွေလဲ လာကူကြတယ်...ပထမဆုံး ဆံချ(ဆံရိပ်) တဲ့နေ့ကတော့ ပိတ်ရက်ထိ စောင့်နေရင် ရဟန်းဝတ်ရမယ့်ရက် နည်းသွားမှာစိုးလို့ ကြာသပတေးနေ့ကြီး ဝတ်လို့ သူငယ်ချင်းတွေကို မခေါ်တော့ဘူး... ခေါ်လဲလာနိုင်မှာ မဟုတ်ဘူးလေ... မိတ်ဆွေသူငယ်ချင်းတွေ အများစုကတော့ သိမ်ဆင်းလောင်းချင်ကြလို့တဲ့..ဒါပေမယ့် ဦးဇင်းက မစောင့်ချင်ဘူး။ မစောင့်နိုင်ဘူး။ သိမ်ဆင်းလောင်းတယ်ဆိုတာ သွားစရိတ်၊ လာစရိတ်၊ သိမ်ဆင်းလောင်းဖို့ ဝယ်ခြမ်းမှာနဲ့ သူများတွေကိုလဲ ဝန်ထုတ်ဝန်ပိုး ပေးသလိုဖြစ်မှာစိုးတယ်... အားနာပြီး ဖွင့်ရက်မှာပဲ သိမ်တက်လိုက်တယ်... ပူးတေနဲ့ အိမ်က အန်တီနဲ့ပဲ သိမ်ဆင်းလောင်းလိုက်ကြတယ်...အားလုံး အဆင်ပြေပါတယ်..

တိုးပါးရိုး ဘုန်းတော်ကြီးငါးပါးနဲ့ ဦးဇင်းမုနိန္ဒ သိမ်တက်တဲ့ ပုံတချို့ မျှဝေလိုက်ပါတယ်....အခွင့်မတောင်ရသေးပေမယ့် ခွင့်ပြုမယ်လို့ ထင်လို့ တင်ထားလိုက်ပါတယ်...း)
ဘုန်းကြီး ၉ ပါး (သင်္ကန်းအညိုနဲ့က ၄ ပါးက SMC က ၃ပါးနဲ့ ဦးဇင်းအသစ် ဦးဇင်းမုနိန္ဒ ၊ သင်္ကန်းလိမ္မော်ရောင်နဲ့ ၅ ပါးက တိုပါးရိုးကျောင်းကြီးက)

ကမ္မဝါ ရွတ်ဖတ်နေကြစဉ်

ဥုပဇ္ဇာယ် ဆရာတော် ဦးရာဇိန္ဒနဲ့ဘုန်းတော်ကြီး ၂ ပါး(တပါးက ရှစ်မိုင် မစိုးရိမ်ကျောင်းကတဲ့ တပါးက လပွတ္တာမြို့က)၊
အန်တီက ဘုန်းဘုန်းတွေအတွက် ကပ္ပိယလုပ်ပြီး သိမ်ဆင်းလောင်းထားတဲ့ ပစ္စည်းတွေ ပြန်ကောက်သိမ်းပေးနေတာ.. :P


ဦးဇင်းဘွဲ့အမည်က ဦးဇင်းမုနိန္ဒ  တဲ့ .... (ရဟန်းမဝတ်ခင် တရက်က အရင်ဘွဲ့အမည်က မုနိန္ဒတဲ့ သန့်ရှင်းစင်ကြယ်ခြင်းလို့ အဓိပ္ပာယ်ရတယ်လို့ပြောသွားသေးတယ်...)



(ဆရာတော်ကြီး ဦးရာဇိန္ဒ)
ဘုန်းကြီးတွေလဲ ကိုယ့်သပိတ်နဲ့ကိုယ် ဘူဖေးပဲ ဘုဉ်းပေးရတယ်တဲ့။ ...း)

ဘုန်းကြီးတွေ ဘူဖေး ဘုဉ်းပေးရတာနဲ့ ပက်သက်ပြီး ပူးတေခေါင်းထဲ စဉ်းစားမိတာက ဘုန်းကြီးတွေအနေနဲ့ တခါထဲ အဝယူသွားပြီး စားမကောင်းလို့ မစားချင်လို့ မကုန်ရင်လဲ မကောင်းပြန်ဘူး၊ တခါတလေကျရင် ဖြစ်တတ်တယ်လေ... ဘုန်းကြီး ဖြစ်ဖြစ် လူပဲဖြစ်ဖြစ် ရုပ်နဲ့နာမ်ဆိုတဲ့ ခန္ဓာရှိရင် ဝေဒနာရှိမှာပဲ။ မစားသေးခင်အချိန်မှာ ဒီနေ့တော့ အစားစားချင်စိတ်မရှိဘူးဖြစ်နေလို့ အရင်စားသလောက် မကုန်နိုင်ရင်မကောင်းဘူးဆိုပြီး စတိသဘောနဲ့ နဲနဲပဲယူသွားလိုက်တယ် ဆိုပါတော့...ပြီးမှ ကပ်ထားတဲ့ ဆွမ်းဟင်းတမျိုးမျိုးကြောင့် ခံတွင်းလိုက်လာတယ်ဆိုရင် ဘုန်းဘုန်းတွေက သင်္ကန်းတလွှားလွှားနဲ့ ဟင်းတွေထားထားတဲ့ နေရာကို ထယူရမှာလား... ဒကာတွေကို ယူပေးပါဦးလို့ ပြောရမလား...ဒါမှမဟုတ် ယူသွားတဲ့ နဲနဲလေးနဲ့ပဲ တော်လိုက်ရမလားလို့။ ပူးတေအသိဥာဏ် သေးသေးလေး ဖြုတ်ဦးနှောက်နဲ့ စဉ်းစားမိပြီး ဘုန်းကြီးတွေ ဘူဖေးဘုဉ်းပေးနေတာ မြင်နေရတိုင်း စိတ်မကောင်းဘူး...ဘုန်းကြီးတွေအနေနဲ့ကလဲ အသားကျ အဆင်ပြေနေပြီးသား ဖြစ်ချင်ဖြစ်မှာပါ...

ပထမဆုံးနေ့ကဆို ပူးတေက ဘုန်းကြီးတွေ ဘုဉ်းပေးလို့ရအောင်လို့ ရန်ကုန်က ငပိရည်ကျိုလေးကပ်တယ်...ငပိရည်ကိုပါ ဘူဖေးဘုဉ်းရမှာမို့ ခုံပေါ်ပဲတင်ထားရမယ်တဲ့။ ပူးတေက ပန်းကန်လုံးအသေးလေးနဲ့ ဘုန်းကြီးတွေ ဆွမ်းဘုဉ်းပေးတဲ့ ခုံပေါ်မှာပဲ တင်ထားမှ ဖြစ်မှာပေါ့လို့.. ငပိဆိုတာ နဲနဲလေးပဲ ထည့်ပြီးဘုဉ်းပေးမှ အဆင်ပြေမှာပေါ့လို့။ တခါထဲ အပြီး ငပိရည်တွေကို ထမင်းပေါ်ပုံဆမ်းသွားလို့မဖြစ်ဘူးလို့ ပူးတေက ထင်မိတယ်။ စီးတီးဟောက မြန်မာဆိုင်တွေမှာတောင် ငပိရေထည့်ဖို့ ကော်ခွက်အသေးလေးတွေ ချထားပေးပြီး အဲဒီကောင်ခွက်လေးလေးကမှတဆင့် လိုသလောက်လေး ထည့်စားရတာမျိုးလေ....

နောက်ပြီး မဟာစည်သြဝါဒခံတဲ့ကျောင်းတွေမှာရှိတယ်။ ဘောဇနဉ် မတ္တဥူ (စာလုံးပေါင်း မှားနေလိမ့်မယ်... ပြောချင်တာက ဘောဇနင် မတ်တင်ညူ )  လက်ရာမကျန်အောင် ဆွမ်းဘုဉ်းပေးရမယ် လို့ မဟာစည်ဆရာတော်ဘုရားကြီးက တင်းကျပ်စွာ မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။ လက်ရာမကျန်အောင်ဆိုတာက ပန်းကန်ထဲမှာ ထမင်းစေ့လေး တစေ့လေးတောင် မကျန်အောင် ဘုဉ်းပေးရတာပါ...မဟာစည်မှာ ဘုန်းကြီးတွေရော ယောဂီတွေရော ဝေယျာဝစ္စလုပ်တဲ့ လူတွေရော ဒီလိုပဲ ထမင်းတစေ့မကျန်အောင် စားသုံးရပါတယ်။ မဟာစည် ဆရာတော်ဘုရားကြီး မိန့်ကြားခဲ့တာက လူတယောက် ထမင်းတစေ့ လေလွင့်လိုက်ရင် လူပေါင်း ၅ထောင်လောက် လေလွင့်ရင်ကို ထမင်းငတ်နေတဲ့ လူတယောက်စာ ထမင်းရပါတယ်တဲ့။ ဆရာတော်ကြီးက မြန်မာပြည်က လူဦးရေနဲ့ပဲ တွက်ပြထားခဲ့တာပါ။ တကမ္ဘာလုံးက လူတွေအနေနဲ့ တွက်ကြည့်ရင် ဆရာတော်ကြီး တွက်ထားတာ နဲတောင်မှနဲနေပါသေးတယ်။

ဟိုတလောကတောင်မှ youtube က video file တခုကြည့်လိုက်ရသေးတာထင်တယ်...ထိုင်းက ရိုက်တာထင်တယ်။ KFC မှာ ကြက်ကြော် ပွဲတွေမှာပြီး အများကြီး ချန်ထားခဲ့တဲ့ လူနဲ့ အဲဒီဆိုင်ကနေ ကြက်ကြော် အရိုးတွေ အကြွင်းအကျန်တွေ ကောက်ပြီး အိမ်ရောက်တော့ ဇနီးနဲ့ သားသမီးတွေ  စားခါနီးမှာ ဘုရားရှင်ရဲ့ကျေးဇူးကြောင့် စားရတာဆိုပြီး သားသမီးတွေကို အရင်ဆုံး ဘုရားကို အောင့်မေ့သတိရခိုင်းတာ။ အဲဒီ youtube video file လေးကြည့်ရတုန်းက ရင်ထဲကို တကယ်လာထိတယ်..

အခုနောက်ပိုင်းတော့ ဟာမစ်တစ်က မဟာစည်ကြီးက ဆွမ်းစားတာနဲ့ ပက်သက်ပြီး ယောဂီတွေကို သိပ်မတင်းကျပ်တော့ပေမယ့် လှိုင်မဟာစည်ကတော့ မဟာစည်ကြီးကထက်ကို တင်းကျပ်ပါတယ်။ မဟာစည်မှာ ပူးတေရိပ်သာ ဝင်ကာစက first year ကျောင်းပိတ်လို့။ အဲဒီမတိုင်ခင်တွေကတော့ မိုးကုတ်ရိပ်သာမှာပဲ ဝင်ဖူးတယ်... ပြီးတော့ ရွှေတောင်ကုန်းသာသနာ့ရိပ်သာ။ ညနေဘက်စဝင်တာဆိုတော့ ပထမဆုံးနေ့ အတွက် အာရုံဆွမ်းကို နောက်နေ့ မနက် ၆ နာရီမထိုးခင်လောက်မှာ စားရတယ်... ပူးတေက မနက်အဆောကြီးဆို ဘာမှမစားတတ်ဘူး။ အရည်လောက်လေးပဲ သောက်တတ်တာ။ ပထမဆုံးနေ့မှာ ထမင်းနဲ့ ပဲကတီပါပြုတ်ကြော် ပြီးတော့ အချိုပွဲအတွက် ကော်ဖီ ကိတ် ၂ မျိုးလောက် ဘီစကစ် ဒါမျိုးလေးတွေ ချထားတယ်...မစားခင်မှာလဲ ဆရာလေးက ဒီနေ့ ဆွမ်းကို ဘယ်သူတွေကလှူဒါန်းတာဖြစ်ကြောင်းနဲ့ အလှူရှင်များကို သာဓုခေါ်ခိုင်းပါတယ်။ ပြီးတော့ဆရာလေးက မဟာစည်ဆရာတော်ဘုရားကြီး မိန့်ကြားခဲ့တဲ့ မကုန်နိုင်ဘူးထင်လျှင် ကြိုတင်ဖယ်ချန်ပြီးတော့ ဘောဇနဉ်မတ္တညူ လက်ရာမကျန်အောင် စားသုံးကြပါလို့ ယောဂီတွေကိုပြောပါတယ်...ပူးတေက အဲဒီအချိန်မှာ ဆရာလေးပြောသွားတာ သတိမထားမိလိုက်ပါဘူး... စားတဲ့အခါကျတော့ မနက်အစောကြီးကို ထမင်းမစားတတ်တော့ ၂ လုတ် ၃ လုတ်စားပြီးတော့ ဆက်မစားနိုင်တော့ပါဘူး...ဆရာလေးပြောခဲ့တုန်းကလဲ သေချာနားမလည်လိုက်တော့ ကိုယ်မစားခင် ကြိုတင်ဖယ်ထားဖို့ ပေးထားတဲ့ စတီးဇလုံအလွတ်လေးတွေထဲလဲ ကြိုမဖယ်ထားလိုက်မိပါဘူး... ၃ လုတ်လောက်စားပြီးတော့ အချိုပွဲအတွက်တိုက်တဲ့ ကော်ဖီလေးနဲ့ ကိတ်မုန့်လေးတချပ်စားပြီး တရားမှတ်ရမယ့် ဓမ္မာရုံကို ပြန်လာလိုက်ပါတယ်... ဓမ္မာရုံရောက်ပြီး တရားမှတ်လို့ပြီးတော့ အိပ်ဆောင်ပြန်ရေချိုးခါနီးကျတော့ မနက်က ဆွမ်းစားဆောင်ကဆရာလေးက ကြွလာပြီး ပူးတေကို ယောဂီ မနက်က ဆွမ်းတွေ မကုန်ခဲ့ဘူး။ အများကြီး သွန်ပစ်ရတယ် ဆိုပြီးတော့ မနက်က ဆရာလေးပြောတဲ့အထဲမှာ ဘောဇနင် မတ်တင်ညူအကြောင်းကိုသေချာရှင်းပြပါတယ်... ဒါနဲ့ ပူးတေလဲ သေချာနားမလည်မိလို့ြုဖစ်သွားတဲ့အကြောင်းကိုပြောပြပြီး နောက်မဖြစ်အောင် လိုက်နာပါမယ်လို့ ဆရာလေးကို ဂတိပေးခဲ့ ပါတယ်... အဲဒီကနေ အခုထိ ပူးတေဟာ တတ်နိုင်သလောက် အစားအသောက်တွေကို မလေလွင့်အောင် စားပါတယ်... ထမင်းဆိုလဲ အရင်စားကောင်းမကောင်း မသေချာရင် နဲနဲပဲထည့်ပြီးတော့ စားပါတယ်။ ကုန်သွားမှ ထပ်လိုချင်တယ်ဆိုရင် ထပ်ဖြည့်ပါတယ်.. ဒီက ဟော်ကာစင်တာတွေမှာ ထမင်းစားမယ်ဆိုရင်လဲ ထမင်းနဲနဲပဲထည့်ခိုင်းပါတယ်...ဟင်းလဲ ၂ မျိုးလောက်ပဲ တခါတလေ ဗိုက်အရမ်းဆာတဲ့အခါမျိုးမှ ၃ မျိုးလောက်ပဲ ထည့်ခိုင်းပါတယ်.. ထည့်ခိုင်းတာနဲသွားလို့ စားကောင်းလို့ မဝတာမျိုးပဲဖြစ်ဖြစ် ဗိုက်အရမ်းဆာလို့ မဝတာမျိုးဖြစ်ဖြစ် သစ်သီးတမျိုးမျိုး ဒါမှမဟုတ်ရင် အသီးဖျော်ရည်လိုဟာမျိုးတွေ သောက်လိုက်ပါတယ်...တခါတလေ ထမင်းဆိုင်ကချက်ထားတဲ့ ဟင်းတွေတော်တော်များများကို ကိုယ်ကကြိုက်နေတယ် စားချင်နေတယ်... ဗိုက်ကလဲ အကုန်မဆန့်ဘူးလို့ သိတဲ့အခါမျိုးတွေကျတော့ မစ္စတာပီကြီးကို ပူးတေစားချင်တဲ့ဟင်းတွေ ယူချိုင်းပါတယ်... ပူးတေလဲ ပူးတေစားချင်တဲ့ ဟင်းမျိုးယူပြီးတော့ သူ့ထဲက ယူစားပါတယ်.. အရင် အကြောင်းမသိခင်ကဆို သူနဲ့ ပူးတေခဏခဏ စကားပြောရပါတယ်... သူက ကိုယ်စားချင်နေတာပဲ မှာစားလိုက်ပေါ့ ဘာကိစ္စ ဘာကိုနှမြောနေတာလဲ မကုန်နိုင်ရင် ချန်ခဲ့လိုက်ပေါ့လို့ ပူးတေကို အမြဲပြောလေ့ရှိပါတယ်..၂၀၀၉ ရန်ကုန်ပြန်တော့ လင်မယား ၂ ယောက် လှိုင်မဟာစည်ကို ၉ ရက်ဝင်ကြပါတယ်.. အဲဒီမှာ သူသိသွားတဲ့အခါကျတော့ ပူးတေအစားအသောက်တွေကို ဘာကြောင့်ချွေတာလဲဆိုတာ သူသိသွားပါတယ်... သူလဲ ပူးတေလောက်ကြီးလိုက်မချွေတာနိုင်ပေမယ့် အရင်လိုတော့ အရမ်းကြီးလေလွင့်အောင် မလုပ်တော့ပါဘူး... အဲဒီမှာချွေတာလိုက်လို့ တနေ့ကို တကျပ်တန်သည် ၂ ကျပ်တန်သည် ပိုထွက်လာတာလေးတွေကိုလဲ ပူးတေတို့ လင်မယား ၂ ယောက်လုံးစုဘူးနဲ့ စုထားပြီး သပ်သပ်လှူပါတယ်..အဓိကကတော့ မြန်မာပြည်က လိုအပ်နေတဲ့ နေရာတွေနဲ့ လှိုင်မဟာစည်ကို ပိုလှူဖြစ်ပါတယ်...

(ယောဂီများ ဆွမ်းစားနေကြစဉ်)

(ဖြည့်စွက်ချက်) ဦးဇင်းမုနိန္ဒ လူဝတ်ပြန်ထွက်လာတော့ SMC မှာ ဘုန်းကြီးတွေ (ဆရာတော်ကြီးကအစ) ဘူးဖေးလို ဆွမ်းဘုန်းပေးရတာကို ပူးတေစိတ်မကောင်းဘူးလို့။ ဦးဇင်းမုနိန္ဒရော ဆွမ်းဘုန်းပေးရတာ ဘယ်လိုနေလဲလို့ မပြည့်စုံမှာစိုးတယ်လို့ ပူးတေက မစ္စတာပီကိုမေးကြည့်တော့ သူက အဆင်ပြေပါတယ်တဲ့ ကောင်းပါတယ်တဲ့ ဒီမှာလဲ ဆွမ်းတွေ ဆွမ်းဟင်းတွေ waste မဖြစ်တော့ဘူးပေါ့တဲ့... စလုံးတွေပါ တရားလာထိုင်ကြ ဆွမ်းလာကပ်ကြ သူတို့လဲ ထမင်းစားတယ်ဆိုတော့တဲ့ ဒါမျိုးမှလဲ နိုင်ငံခြားသားတွေပါ ကိုယ့်မြန်မာကျောင်းမှာ တရားလာအားထုတ် ကိုယ့်လူမျိုး ဘာသာကို လေးစားကြမှာပေါ့တဲ့...မဟုတ်ရင်ဆရာတော်တွေ ဘုန်းဖို့ ပန်းကန်တွေနဲ့ကပ်၊ ဆရာတော်တွေ ဘုန်းပြီးလို့ ပိုတာတွေကို လူတွေကိုပြန်ကျွေးမယ်ဆို ကိုယ့်မြန်မာတွေအတွက်က ဘာမှ မဖြစ်ပေမယ့် သူတို့တွေက နောက်ဘယ်လာတော့မလဲတဲ့။ သူမိန့်တာလဲ (အဲ သူပြောတာလဲ) ဟုတ်တာပဲ။

လွန်ခဲ့တဲ့ တလခွဲ(၂၀၁၂ ခုနှစ် မတ်လလယ်)လောက် က ဖားအောက်ဆရာတော်ကြီးရဲ့ကျောင်းမှာလဲ ဆွမ်းသွားကပ်တော့ ဆရာတော်တွေက ဘူဖေးလိုတော့ ထယူစရာမလိုဘူး... ဆွမ်းဟင်းပန်းကန်တွေနဲ့တော့ကပ်တယ်... ဒါပေမယ့် ဆရာတော်တွေက ဆွမ်းဟင်းတမျိုးကို တခါပဲခပ်တယ်.. ခပ်ပြီးတာနဲ့ ဘေးနားမှာ ကပ္ပိယတွေက စောင့်နေပြီးတော့ တခွက်ပြီးတခွက် ပြန်ပြန်စွန့်လိုက်ရော နောက်ဆုံးကျတော့ စားပွဲပေါ်မှာ ဆွမ်းဟင်းရည်သောက် ပန်းကန်လေးတွေပဲကျန်ခဲ့တော့တယ်။ အဲဒီပိုကျန်တာတွေကို လူတွေက ဆက်စားကြရတာ.. ဒါမျိုးလေးကို ပိုသဘောကျမိသလိုပဲ။ ဘုန်းကြီးကျောင်းတွေကို အပြစ်ပြောတာမဟုတ်ပါဘူး... ဒါကတော့ ပူးတေတယောက်ထဲ အမြင်သပ်သပ်ပါ။ အားလုံးကတော့ သာသနာပြုနေကြတဲ့ ရဟန်းဆရာတော်ကြီးတွေပါ.. ပူးတေအားလုံးကို ရိုသေလေးစားပါတယ်.. ဘယ်သူက ကောင်းတယ်..ဘယ်သူကဆိုးတယ်လို့ပြောလိုရင်းမဟုတ်ပါဘူးလို့။ လက်ရှိလဲ ကျောင်းအားလုံးကို အဆင်ပြေသလို အလှူအတန်းရှိတိုင်း အလှည့်ကျသဘောမျိုးနဲ့ ဆရာတော်များကို ပင့်လျှောက်လှူဒါန်းလေ့ရှိပါတယ်... ပုဂ္ဂိုလ်စွဲ ကျောင်းစွဲ ဒေသစွဲမထားပါဘူး.. အမှန်တိုင်းဝန်ခံရရင်တော့ မြန်မာပြည်က ကျောင်းတွေ စာသင်ကျောင်းတွေကို ဒီကထက်တော့ ပိုလှူမိပါတယ်လို့။ ကိုးကွယ်မှု ယုံကြည်မှုကတော့ အားလုံးအတူတူပါပဲလို့။

ဘာသာရေးနဲ့သက်ဆိုင်တဲ့ ပို့စ်လိုဖြစ်နေတော့ ရေးရတာနဲနဲလန့်တယ်... ကိုယ်ဆိုလိုချင်တာတမျိုး စာဖတ်သူ ရသွားတဲ့ message က တမျိုးဖြစ်မှာကြောက်တယ်..


အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေရှင်...အရင်က အစားအသောက်တွေကို သတိမထားမိပဲ အလေအလွင့်ဖြစ်အောင် လုပ်ခဲ့ဖူးကြတယ်ဆိုရင် ဒီနေ့ကစလို့ နဲနဲ နဲနဲစီ သတိထားပြီး မလေလွင့်အောင် ဂရုစိုက်ပြီး မစားနိုင်တဲ့ လူတွေကို ကျွေးကြရအောင်နော်... :D

Please Do not waste the food, A lot of people are hungry in the world.