Friday, January 8

မေလေး နှင့် သူငယ်ချင်း မိတ်ဆွေ ဘလော့ဂါအားလုံးသို့

မေလေး  နှင့် သူငယ်ချင်း မိတ်ဆွေ ဘလော့ဂါအားလုံးသို့


စနေနေ့ည လာအိပ်မယ့်လူ ဘယ်နှစ်ယောက် (မေလေးတော့ လာအိပ်ရမယ်နော်.. မေလေးကိုကို စိတ်မချရင် သူ့ပါခေါ်ခဲ့)
စနေနေ့ည လာမအိပ်ပဲ ညစာပဲစားပြီး ပြန်မယ့်လူ ဘယ်နှစ်ယောက် (ထမင်းချက်ထားဖို့နော်။ မေလေးက ဂဏန်းဝယ်လာနော်။ ပူးတေ ပိုက်ပိုက် ပြန်ပေးပါ့မယ်.... :)  ပူးတေကအိမ်မှာ ဆိတ်သားအာလူးရယ်၊ ကင်ပွန်းချဉ်ရွက်ဟင်းရယ်၊ ငပိရည်ကျိုထားမယ်။ ပုဇွန်ချဉ်သုတ်စားချင်ရင် ရန်ကုန်က ပုဇွန်ချဉ်တွေရှိတယ်။)
တနင်္ဂနွေ မနက်လာမယ့်လူစာရင်း သိချင်တယ်... (ဝယ်ဖို့ချမ်းဖို့ ချက်ဖို့ပြုတ်ဖို့)
ဘလော့ သူငယ်ချင်းအားလုံးကို forward လုပ်ပေးပါ။
ပြီးတော့ မေလေး သူတို့ကို မေးပြီးတော့ ဖြေပေးပါ။
နာမယ် မပါတဲ့ လူတွေကိုလဲ ဖိတ်တယ်လို့ ။ လူများလို့ အားလုံးကို မမှတ်မိတာပါလို့။

မမပြာ
မက်မက်
နောင့်နောင့်
နွေးနေခြည်
သဲသဲ
မမေသူ
မိုးခါး
မမအိန်ဒါ

(ဘယ်သူတွေကျန်သေးလဲ တိတော့ဘူး။ ရုံးကနေ ရိုက်နေလို့ စဉ်းစားချိန်မရတာ ငါးဆယ်ပေးပါလို့)- နားလည်ပေးပါ။ နာမယ်မပါလဲ လာရမယ်နော်...

ကိုတီဟသစ်
ကို ဖိုးစိန်
ကို ရီနို
သံလွင်
ကို ဘို(မိုးကုတ်)
ဓါတ်ပုံရိုက်တဲ့ အဖွဲ့ နာမယ်တွေ ရောနေတယ်... (ပိန်ပိန်လေးရယ် ဆောတီး ဆောင်းချမ်းမိုးကိုပြောတာ..နောက် ဘယ်တူတွေလဲ ပြောပါဦး )

မမြင်ဖူးတဲ့ ဘလော့ဂါများကိုလဲ ဖိတ်ချင်ပါတယ်...

ဥပမာ...
ကိုဇက်တီ
မမကွန်

etc.
မြူးမြူးကိုလဲ Forward လုပ်ပေးနော်.. သူ့မေးလ် ပူးတေမှာ အချိဘူး။ တခြားလူတွေ မေးလ်လဲ အစုံမချိဘူး။ ကူညီနော်...

ဘလော့ဂါတွေ အလှူတုန်းကလို ဖိတ်စာလေးလဲ လုပ်ချင်တာ။ လုပ်တတ်ဘူးလေ။ :(


အားလုံးကို ခင်တဲ့

ပူးတေ


အလှူ Title: ပူးတေနဲ့ မစ္စတာပီ ROM မှာ လက်မှတ်ထိုးတာ ၁ နှစ်ပြည့် အထိမ်းအမှတ်ရယ်.. မစ္စပီရဲ့  ပုလဲရတုမွေးနေ့ အမှတ်တရ.. အိမ်က ရန်ကုန်က ပင့်လာတဲ့ ဘုရားတွေ အနေကဇာမတင်ရသေးတာတွေကို အနေကဇာတင်ရင်း
အားလုံးတိုက်ဆိုင်သွားလို့ မိတ်ဆွေတွေကို ပူးတေတို့နဲ့ အတူ တပျော်တပါး စားသောက်ဖို့ ဖိတ်ကြားရတာပါ။

တရားနာကြွချင်ရင်လဲ ဖိတ်ခေါ်ပါတယ်လို့... အာရုံဆွမ်းနော်... မနက် ၆နာရီခွဲလောက် ဘုန်းဘုန်းကြွမှာ။
မေလေးက ဘုန်းဘုန်းတို့ အတွက် ကြာဇံကောင်းကောင်းကြော်ပေးမယ်ဆိုလို့ စောင့်နေမှာနော်...


လိပ်စာ..
ကန်စွန်းရွက်နဲ့ ပေါက်ပေါက် :)


(နေ့လည်က မေလေးဆီ ရုံးကနေခိုးပို့ထားတဲ့ အီးမေးလ်လေးကို နဲနဲပါးပါး ထပ်ဖြည့်စွက်ပြီးတော့ ဘလော့ပို့စ်အနေနဲ့ရော၊ ဖိတ်စာအနေနဲ့ရော တင်လိုက်ပါတယ်နော်။)
အားလုံးကိုပျော်ပျော်ရွှင်ရွှင်နဲ့ ဆုံတွေ့ချင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် တနင်္ဂနွေနေ့အလှူကို breaking news အနေနဲ့ လာတဲ့ သူငယ်ချင်းတွေကို အချိန်နဲ့ တပြေးညီ ပူးတေ ဘလော့လေးမှာ တင်ပြပေးဖို့ စိတ်ကူးရှိပါတယ်။ တင်ဖြစ်မတင်ဖြစ်ကတော့ အခြေအနေ အရပ်ရပ်ပေါ်မှာ မူတည်နေပါတယ်။ ဥပမာ- ဧည့်သည်တွေများနေတုန်း အခန်းထဲဝင်ပြီး ဘလော့ဂင်းနေပြီး ဧည့်မခံပဲ သူ့တယောက်ထဲ ဧည့်သည်တွေနဲ့ ထားခဲ့ရင် မစ္စတာပီကြီးက ပူးတေကို ဆူပါလိမ့်မယ်... :(
ဒါဆို ပူးတေ breaking မ news နိုင်တော့ပါဘူး။

Wednesday, January 6

မေးမယ်နော်...

ရုံးမှာ ဒီနေ့နဲနဲအားနေတာနဲ့ ပို့စ်အတိုလေး တပုဒ်လောက်တော့ တင်လို့ရမယ်ဆိုပြီး သူများဘလော့တွေ လျှောက်ဖတ်ရင်းနဲ့ ကိုသီဟသစ်ရဲ့  Quiz ဆိုတဲ့ ပို့စ်တွေ သွားဖတ်ဖြစ်တယ်။ ဒါနဲ့ ပူးတေလဲ ကိုယ်ငယ်ငယ်က ပူးတေ အစ်ကိုတွေ မောင်တွေ လာလာပြီး ပူးတေကို မေးတဲ့ မေးခွန်းတေါထဲက မှတ်မိတာလေးပြန်တင်မလို့ Idea ရသွားတယ်။ ဖြေသွားကြဦးနော်။ :D


တခါကတဲ့ ကလေးတစ်ယောက်က ပုခက်ထဲမှာ။ အမေက မအားလို့ ကလေးရဲ့  ပထွေးက ကလေးကို သီချင်းဆိုပြီး ပုခက်လွှဲ သိပ်နေရတယ်တဲ့။ အဲဒီ ဆိုနေတဲ့ သီချင်းစာသား သို့မဟုတ် သီချင်းနာမယ်က ဘာဖြစ်မလဲပေါ့။ :)

ကိုသီဟသစ်လို white colour နဲ့ အဖြေ မရေးထားသေးဘူးနော်။ ရေးလိုက်ရင် လူတွေက အဖြေတွေကို ဖတ်ဖတ်သွားလို့။ မစဉ်းစားတော့ဘူး။  (ပူးတေလဲ တူတူပဲ။ :D)

သီချင်းကို စဉ်းစားတဲ့ feeling လေး ခံစားစေချင်လို့ပါ။

ဘလော့ကို ဘယ်သူမှာ မလာတဲ့အချိန်နဲ့ တိုးနေပြီး ဖြေမယ့်လူမရှိမှ အရှက် ဟက်တက်ကွဲနေဦးမယ်။ :)

တတ်နိုင်ဘူးလေ။ ကိုယ်ကလဲ ဒါမျိုးဆို ချက်ချင်းမဖြေချင်တဲ့ ငယ်ငယ်က ငြင်ကလဲ မပျောက်သေးဘူးလေ။ :D

ttmy ပူးတေ

ပြီးခဲ့တဲ့ နိုဝင်ဘာ ၊ဒီဇင်ဘာ တောက်လျှောက် ဘလော့ရေးဖို့ကို လူကမလှည့်နိုင်ဘူး။ ပူးတေတို့ company က အလုပ်ကြမ်းဝန်ထမ်း (general workers)ပဲ များတာပါ။ ရုံးထိုင်တဲ့လူ သိပ်မရှိဘူးလေ။ ရုံးထိုင်တာဆိုလို့ ပူးတေအပါဝင် မိန်းကလေး ၃ ယောက်ရယ်၊ ကျန်တာက သူဌေးရယ် မန်နေဂျာတွေရယ်ပဲရှိတာလေ။ ကျန်တဲ့လူတွေအားလုံးက ဆိုဒ်ထဲသွားရတဲ့ ယောက်ျားလေးတွေ နဲ့ supervisor တွေချည်းပဲရှိတာ။ ရှိတဲ့ မိန်းကလေး ၃ ယောက်ထဲမှာမှ ပူးတေတို့ရဲ့ Admin က မီးဖွားခွင့် ၄လယူရမှာ။ သူက နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီး ကလေးမွေးတာဆိုတော့ ၁၆ ရက်နေ့ကတည်းက ခွင့်စယူသွားရော။ ဒါနဲ့ကျန်တဲ့ မိန်းကလေး ၂ယောက်မှာ admin ရဲ့  အလုပ်တွေကို တာဝန်ပေးဖို့ကြည့်တဲ့ အခါကျတော့ သူဌေးနဲ့ မန်နေဂျာက ပူးတေကို မျက်စိကျသွားတယ်ထင်တယ်။ (ခိုင်းဖို့ပြောပါတယ်။ :) ) ဒါနဲ့ ပူးတေရဲ့  original ရာထူးလေး QS အပြင်၊ admin, HR and account ဆိုတဲ့ ရာထူးတွေပါ ပိုတိုးလာတယ်။ ရာထူးပဲတိုးတာနော်။ လစာတော့မတိုးသေးဘူး။ :) မစ္စတာပီကလဲ ပူးတေကို ပြောပါတယ်။ အော်ခုတော့ ttmy ပူးတေပေါ့တဲ့။ ttmy ဆိုတာ တောက်တိုမယ်ရကိုပြောတာပါ။ :(     လူကို နှိမ်တာလေ၊ အခွင့်ရတုန်းလေး။

အဲဒီ ttmy ရာထူးအသစ်စက်စက် ပိုင်ရှင်လေးပူးတေရဲ့  အတွေ့အကြုံသစ်ကလေးတွေကို မိတ်ဆွေတွေကိုလဲ ပြောပြချင်တာရယ်၊ ဘလော့မှာလဲ မှတ်တမ်းလေးအနေနဲ့ ထားချင်တာရယ်တွေကြောင့် ပူးတေဒီပို့စ်လေးကို ချရေးမိပါတယ်။ သူများတွေက စွိဒီဇင်ဘာတဲ့။ အဲဒီထဲက ပူးတေလဲ စွိချင်နေတာ။ (စွိဒီဇင်ဘာ ပြန်လုပ်ချင်နေတာလို့) စွိမယ့်စွိတော့ ၃ ထပ်ကွမ်း ရာထူးပိုင်ရှင် စွိပူးတေ ဖြစ်သွားတယ်။ လုပ်နေကျလူတွေအတွက်ကတော့ ပူးတေလုပ်တာတွေက သေးသေးလေးတွေပဲ ဖြစ်မယ်လို့ ပူးတေထင်ပါတယ်။ ကျွမ်းကျင်ရာ၊ လိမ္မာရာ ဆိုတဲ့ စာလိုပဲပေါ့။ ပူးတေအတွက်ကတော့ ကိုယ်မကျွမ်းကျင်တဲ့ အပိုင်းမို့ အမှတ်တရပို့စ်လေးအဖြစ် ဘလော့ပေါ်ကို တင်လိုက်ရတာပါ။

မစ္စတာပီ ဘယ်လောက်ပဲ ဘာပဲပြောပြော ပူးတေကတော့ ဒီတာဝန်ခဏယူပေးရတယ်ဆိုပေမယ့် ကျေကျေနပ်နပ်ကြီးကို ယူပေးခဲ့တာပါ။ သူဌေး၊ မန်နေဂျာ၊ admin စတဲ့ ဒီ လူတွေကလဲ ပူးတေကို ယုံကြည်လို့ ဒီလို ဝန်ထမ်းကိစ္စ၊ ဘဏ်ကိစ္စတွေ၊ CPF ကိစ္စစတဲ့ company ရဲ့  confidential တွေကို ပေးသိရတဲ့ တာဝန်ကို ပေးတယ်လို့ထင်ပါတယ်။  Insurance Plan တွေ၊ leave တွေ၊ ရုံးက တစ်ယောက်ချင်းဆီရဲ့ လစာ၊ allowance ၊ OT၊ Bonus ကိစ္စတွေပါ ဗဟုသုတအနေနဲ့ရော၊ confidential အနေနဲ့ပါ သိခွင့်ရ၊ လုပ်ခွင့်ရလို့ ကိုယ်တာဝန်ယူလိုက်ရတဲ့ အပိုင်းလေးကို ကျေနပ်မိပါတယ်။

သူ့တာဝန်တွေကို ပူးတေကို မလွှဲခင်ကဆိုရင် ပူးတေလဲ ကိုယ်လဲ ရန်ကုန်မှာ ဒါမျိုးတွေ လုပ်ခဲ့သေးတာပဲ။ ဘာခက်တာမှတ်လို့ ဆိုပြီးတော့ အေးဆေးပဲ။ တကယ်တမ်းလဲ ပူးတေတို့ admin လဲ ခွင့်စရော ပူးတေတယောက် ရုံးမှာ ဆပ်ပြာသည် လင်ပျောက်သလိုကို ဖြစ်တော့တာပဲ။ သူ့ခွင့်က  ၁၆ ရက်နေ့စတာဆိုတော့ လလယ်ပိုင်းဆိုတော့ သိပ်ထွေထွေထူးထူး မရှိသေးဘူး။ ပုံမှန်ပဲ ဧည့်သည်လာလိုက်။ customer တွေဆီက delivery လာရင် လက်ခံလိုက်၊ ရုံးကကားတွေ ဒီဇယ်ဖြည့်တာ၊ cash card တွေ top-up လုပ်တာတွေ၊ ရုံးက CNC စက်တွေ ၊ forklift တွေ servicing လုပ်တာတွေလောက်ကိုပဲ လက်မှတ်ထိုး၊ cash ဆို petty cash ထဲကရှင်း၊ ချက် သမားဆို ချက်ရေးပေး၊ သူဌေးက လက်မှတ်ထိုး ဒီလောက်ပဲ၊ ကျန်တာက ကိုယ့်အလုပ်လေး ကိုယ်လုပ်လိုက်၊ နေ့ခင်းဆို ထမင်းစားဆင်းရင် ၁၂ နာရီထဲကနေ ဆင်းလိုက်တာ၊ တချို့  ရက်တွေဆို ၂ နာရီခွဲလောက်မှ ပြန်ရောက်တယ်။ Discount တွေနောက်လိုက်တာလေ။ ပူးတေရဲ့ မန်နေဂျာနဲ့။ သူလဲ shopping ဆို အရမ်းဝါသနာပါတယ်လေ။ ဒီလိုနဲ့ တပတ် (working days 4/5 ရက်) လောက်ပဲကြာတယ်။ အေးအေးဆေးဖြစ်နေရာကနေ ရက် ၂၀ လောက်ရောက်လာတော့ ဝန်ထမ်းတွေလစာပေးပို့ တွက်ရရော၊ တွက်ပြီးသားတွေကို admin အိမ်ကိုသွားပို့၊ သူက checking လုပ်ပြီးတော့မှ ဘော့စ်ဆီတင်၊ ဘော့စ် ကစစ်၊ စစ်ပြီးတော့ လက်မှတ်ထိုး၊ သူလက်မှတ်ထိုး approved လုပ်ထားတာတဲ့ amount တွေအတိုင်း သူပေးလိုက်တဲ့ cheque(ချက်)စာအုပ်အလွတ်ထဲက စာရွက်တွေကို typewriter နဲ့ ရိုက်၊( ပူးတေလုပ်လို့ သူဌေးရဲ့ ချက် ဘယ်နှစောင်မှန်းမသိအောင်ကို cancel လုပ်လိုက်ရသေးတယ်။ :) ၊ ပြီးမှ သူဌေးဆီကိုပို့ သူကပြန်စစ်ပြီးတော့ cheque ပေါ်မှာ လက်မှတ်ထိုးပေးလိုက်ရင် သူ့ကိစ္စကပြီးနေပြီလေ။ သူပေးလိုက်တဲ့ cheque တွေကို bank မှာတခါ ဝန်ထမ်းတွေအတွက် deposite သွားလုပ်ပေးရတယ်။ ဒါက ရက်၂၀ လောက်ကနေစပြီး ၂၈ ရက်နေ့လောက်အထိ ဒီလစာကိစ္စကို အပြေးအလွှားလုပ်ရတယ်။ အပြေးအလွှားလို့ သုံးလိုက်တာ အတိသယဝုတ္တိအလင်္ကာသုံးတာမဟုတ်ပါဘူး။ လုပ်နေကျလူတွေအတွက်ကတော့ ဒါတွေက လစဉ်နဲ့အမျှလုပ်နေတော့ ပူးတေလိုမျိုး အပြေးအလွှားလုပ်ဖို့လိုမယ်မထင်ပါဘူး။ တချို့  company တွေမှာ ဝန်ထမ်းတွေ ထောင်ဂဏန်းလောက်ကို လစဉ် လစာပေးနေကြတာပါပဲ။ သူတို့တွေအတွက်ကတော့ ထမင်းစားရေသောက်ပဲပေါ့။ ပူးတေအတွက်ကတော့ ဒါက first time ပါပဲ။ ဒါကြောင့်ပူးတေမှာ အပြေးအလွှားဖြစ်နေရတာပါ။း)

ဒါတွေပြီးတော့ နားရမယ်ပေါ့ ၊ ကိုယ့်အလုပ်ပဲ ကိုယ်ဆက်လုပ်ယုံပဲ၊ နောက်လ လကုန်ခါနီးကျမှ ဒါမျိုး ငါအလုပ်ထပ်ရှုပ်တော့မှာ၊ အလုပ်ပါးသွားတုန်း ဘလော့ရေးလို့ရပြီလို့ အတွေးကောင်းနေတုန်း၊ admin ဆီက ဖုန်းလာပါတယ်။ hi! good afternoon ဘာဘာညာညာနဲ့ intro ပေါ့လေ။ နင်လစာတွေ လုပ်တာအဆင်ပြေလား၊ နင်ငါမရှိတုန်း ကူတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘာညာနဲ့ ပြီးတော့မှ နင်ငါ့ကို ကူဦးနော်၊ supplier တွေအတွက် ငါတို့ cheque တွေ issued လုပ်ကြရဦးမယ်တဲ့။ တွတ်ပီကံမကောင်းပါလားပေါ့။ ကံမကောင်းတာက အလုပ်လုပ်ရမှာမို့မဟုတ်ဘူး။ တကယ်လဲပူးတေက customer တွေ supplier နဲ့ ဆက်ဆံရတဲ့ အလုပ်ကိုပျော်ပါတယ်။ စင်္ကာပူမှာ မိတ်ဆွေတိုးတာပေါ့။(ရန်သူလဲ တိုးမလားမသိဘူး။)း) လူမျိုးပေါင်စုံနဲ့ တွေ့ရတယ်လေ။ customer ရဲ့ လေသံကတမျိုး၊ supplier တွေရဲ့ လေသံက တမျိုးလေ။ သူတို့နဲ့ ပြောတာတွေ၊ သူတို့ပြောတာတွေ နားထောင်ပြီးတော့ ရန်တွေ့ပုံတွေ့နည်းတွေ ချော့ပုံချော့နည်းတွေ သိလာရတယ်လေ။ e လဲ ပိုကောင်းလာတာပေါ့လေ။ :)(ဝမ်းမချုပ်တော့ဘူးလို့ပြောတာမဟုတ်ဘူးနော် english ပိုကောင်းလာမယ်ထင်တယ်။) အနဲလေးတော့ ဟောက်နည်း၊ ခြောက်နည်း၊ ကိုယ့်ဘက်ပါလာအောင်ဆွဲဆောင်နည်းနဲ့ ပက်သက်တဲ့ vocabulary တွေ တိုးတာပေါ့။ ချော့ပုံချော့နည်း၊ ကောပုံကောနည်းတွေ၊ မျိုးစုံပါပဲလေ။ တွတ်ပီ ကံမကောင်းတဲ့ အကြောင်းကတော့ ဘလော့ရေးရတော့မယ်ဆိုတဲ့ စိတ်ကူးလေး ပျက်သွားရလို့။း(

supplier တွေကို cheque issued လုပ်တဲ့ ကိစ္စကတော့ ပူးတေအတွက် ပိုရှုပ်ထွေးတယ်လေ။
အရင်ဦးဆုံးသူတို့တွေဆီက invoice တွေ debit note တွေကို စုဆောင်းရပါတယ်။ ပြီးရင်တော့ တချို့  company တွေက fax နဲ့ပဲ သူတို့ရဲ့ invoice ကိုပို့ပေးထားတာတွေရှိလို့ အဲဒီ supplier တွေဆီကို original invoice ပေးဖို့တောင်းရတယ်လေ။ သူဌေးက original invoice ရမှ cheque issue လုပ်ခိုင်းတာကိုး။ တချို့ supplier ကုမ္ပဏီက လူတွေကလဲ သူတို့ကို payment ပေးဖို့တာ ဖုန်းနဲ့ တတွတ်တွတ်ခေါ်နေတာ ငါ့ကို original invoice အရင်ပို့ပေးလိုက်ပါဆိုတော့ အေး mail နဲ့ ပို့လိုက်မယ် ဆိုတာက တမျိုး၊ နင်ငါ့ကို payment လုပ်ထားပေး၊ ငါ invoice ပို့ပေးလိုက်မယ်ဆိုတာက တမျိုး။ supplier တွေဆီက original invoice ရပြီဆိုမှ ပူးတေတို့ တကယ်မှာထားတဲ့ P.O တွေနဲ့ ဈေးနှုန်းတွေ၊ total amount တွေ၊  discount % တွေ၊ GST တွေ မှန် မမှန် သေချာတိုက်ကြည့်ပြီး သူ့ဆိုင်ရာ P.O တွေနဲ့ Invoice တွေကို attach လုပ်၊ ပြီးရင် payment voucher တွေလုပ်ပြီး သေချာ double check လုပ်ပြီးပြီဆိုမှ သူဌေးဆီကို approve လုပ်ပေးဖို့ တင်ရပါတယ်။ သူဌေးက approve လုပ်လိုက်ပြီဆိုမှ ပူးတေက cheque တွေကို လက်နှိပ်စက်နဲ့ ရိုက်ရပါတယ်။ သူဌေးက ပူးတေတို့ တင်သမျှ payment တွေ အားလုံးကိုလဲ approve မလုပ်ပါဘူး။ တခါတလေ supplier ကလဲ ကိုယ့်ကို လာပြီး remind လုပ်နေပြီ။ date ကလဲ due နေပေမယ့် အဲဒီ company နဲ့ နောက် project ရှိသေးရင်ပဲဖြစ်ဖြစ်၊ ပေးရမယ့် total amount က အရမ်းများနေရင်ပဲဖြစ်ဖြစ် ပေးရမယ့် ပိုက်ဆံအားလုံးကို အကုန်မပေးသေးပဲနဲ့ 50% သို့မဟုတ် 30% ချန်ထားပြီးမှ ပေးတတ်ပါတယ်။ ဒါကတော့ လုပ်ငန်းရှင်အများစုရဲ့ အကျင့်ပဲထင်ပါတယ်။ (ပူးတေတွေ့ဖူးတာကို ပြောတာပါ၊ အားလုံးကို အပြတ်ချေတဲ့ လုပ်ငန်းရှင်တွေလဲ ရှိရင်ရှိမှာပါ)။ တခါတလေ ပူးတေက 100% payment လုပ်ထားရင်လဲ သူက စသလိုနောက်သလိုနဲ့ မေးတတ်ပါတယ်။ Are you so rich? တဲ့ ။ ပူးတေလဲ ပြုံးပဲပြုံးပြလိုက်ပါတယ်။ တခါတလေတော့လဲ ပြန်ပြောမိပါတယ်။ supplier ဘက်က ဘော့စ်ကိုယ်တိုင် ငါ့ကို chase လုပ်နေပြီလို့ပေါ့။ amount နဲတာတွေတော့ ပူးတေတို့ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့်လဲ ကိုယ်က သူများတာဝန်ကို လပိုင်းလေးပဲ ဝင်ကူညီပေးတာဆိုတော့ အမှားမဖြစ်ချင်တော့ ဆုံးဖြတ်ပိုင်ခွင့်ရှိနေရင်တောင်မှ လုံးဝကို မဆုံးဖြတ်ပါဘူး။ သူဌေးရဲ့ approval ကိုယူပြီးမှပဲ ဆက်လုပ်လေ့ရှိပါတယ်။ cheque တွေ အားလုံးပြီးရင်တခါ သူဌေးကို cheque မှာ လက်မှတ်ထိုးခိုင်းရပါတယ်။ ချက်တွေကို စာရိုက်ရတာတော့ တော်တော်လေးကို လက်ဝင်ပါတယ်။ နဲနဲလေး စာလုံးကွာသွားတာနဲ့တောင်မှ ဘဏ်က reject လုပ်ပါတယ်။ နောက်တခုက ကိုယ့်ရုံးက လူတွေကို လစာပေးတာထက်ပိုပြီးတော့ ဂရုစိုက်ရပါတယ်။ အပြင်လူဆိုတော့ မှားသွားခဲ့ရင်တောင်မှ ပြန်ပြောဖို့ဆိုဖို့က မလွယ်ဘူးလေ။

ခုချိန်မှာတော့ ဝန်ထမ်းရေးရာကိစ္စတွေ၊ ဝန်ထမ်းတွေနဲ့ Petty Cash ကိစ္စတွေ၊ Store ကိစ္စတွေ ၊ အဲကွန်းဆားဗစ်စင်း ကိစ္စတွေကတော့ ပူးတအတွက် အသေးမွှားလေးတွေဖြစ်ကုန်ပြီပေါ့နော်။ :)

ဘာလိုလိုနဲ့ admin ခွင့်သွားတာတောင်မှ တလကျော်လို့ ၂ လတောင်ပြည့်တော့မယ်။ ခုမှပဲ ပူးတေလဲ ရုံးမှာ သူ့အလုပ်တွေနဲ့ အထိုင်ကျတော့တယ်။ ခုတော့ ပူးတေ တယောက် admin, account, HR ဆိုတဲ့ တာဝန်လေးတွေကြားထဲမှာ အဆင်ပြေနေတယ်လို့ ဆိုရမှာပေါ့နော်။ သူများတွေ sweet December မှာ ကိုယ် မ sweet နိုင်ခဲ့ပေမယ့် ခုတော့ ပူးတေအတွက် Sweet January ဖြစ်နေပီလေ။ နောက်လဆို ပို Sweet မှာ။ ရန်ကုန်ပြန်မှာမို့လေ။ :)

(ဒီလိုမျိုးတွေလဲ ခဏ ခဏပေါ့)

ပူးတေ အတွေ့အကြုံလေးတွေကို စိတ်ရှည်လက်ရှည် ဖတ်ပေးကြတဲ့ မိတ်ဆွေအားလုံးလဲ ကျေးဇူးပါလို့။

(ပုံလေးကို အင်တာနက်က ယူတာပါ)


Friday, January 1

2010


Happy New Year

အားလုံးပဲ မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့...

ပူးတေကို အိမ်က လူကြုံနဲ့ထည့်ပေးလိုက်တဲ့ မြန်မာပြည်က ရောင်ပြန်မဂ္ဂဇင်း ၂၀၁၀ ပြည့် အထူးထုတ်ထဲမှာပါတဲ့  "၂၀၁၀" ဆိုတဲ့ကဗျာလေးတွေထဲကနေ ပူးတေ နှစ်သက်မိတာလေးတွေကို မျှဝေပေးချင်လို့ပါရှင်.. ပူးတေက ကဗျာမရေးတတ်တော့ သူများရေးထားတဲ့ ကဗျာလေးတွေကိုပဲ မျှဝေပေးရတာ ကဗျာချစ်သူချင်း ခံစားနားလည်ပေးနိုင်မယ်လို့ ပူးတေမျှော်လင့်မိပါတယ်။ ကဗျာဆရာများကိုလဲ အခွင့်မတောင်းပဲ ယူသုံးမိတဲ့ အတွက် ပူးတေ ဘလော့လေးကနေတဆင့် တောင်းပန်အပ်ပါတယ်။ ပူးတေဒီကနေ အခွင့်တောင်းပါတယ်လို့။ ပူးတေ သူငယ်ချင်းများကို မျှဝေပေးချင်လို့ ဆရာတို့ရဲ့ ကဗျာများကို ဘလော့လေးမှာတင်ခွင့်ပြုပါလို့ ခွင့်တောင်းရင်း တလက်စထဲ ဒီကနေပဲ ကျေးဇူးတင်ပါတယ်။ ရောင်ပြန်မဂ္ဂဇင်း စီစဉ်ထုတ်လုပ်သူ ဆရာဦးမောင်မောင်မြင့်အေးကိုလဲ အခွင့်တောင်းရင်းကျေးဇူးတင်ပါရစေ။

၂၀၁၀
(ကဗျာဆရာ- ပုသိမ် မောင်သောင်းယဉ်)

 နှစ်ဆယ့်တစ်ရာစုရဲ့
   ပထမဆယ်စုနှစ်ပြည့်
                           ရောင်ခြည်သစ်ကို မျှော်နေတဲ့လူသားများ
                "Happy New Year" ဟစ်အော်
                 ဝမ်းမြောက်ပျော်ရွှင်စွာနှုတ်ဆက်
                           " ၂၀၁၀ " ကို လက်ကမ်းကြိုလိုက်ကြပါပြီ။

 ၂၀၀၉ ကတော့
             တိုးတိုးတိတ်တိတ်ထွက်ခွာ
                            ဘယ်တော့မှ ပြန်လာမှာမဟုတ်ပေမယ့်
                          တစ်နှစ်တာ သူလုပ်ဆောင်ခဲ့တဲ့အဖြစ်
                    ကောင်းကျိုးဆိုးပြစ်တွေကတော့
                     အမှတ်ထင်ထင် ကျန်ရစ်နေမှာပါ။

ဘဝအဖြာဖြာနဲ့
    ကမ္ဘာ့ရွာကြီးထဲက
                                  သန်းပေါင်း ၇၀၀၀ကျော် လူသားတွေရဲ့ဆန္ဒ
    တစ်နှစ်တာကာလ
                       ဖြစ်လာသမျှ အကောင်းဘက်နွယ်
           "၂၀၁၀" ဆိုတဲ့ ခရစ်နှစ်
                    အယ်လ်နီညိုကို တားမြစ်ပေးပါ
                                  ကမ္ဘာ့လူတုတ်ကွေးရောဂါ အမြစ်ဖြစ်ပေးပါ။
                                    လောဘ၊ ဒေါသ၊ မောဟတွေကို သတ်ပေးပါ။
                                   သမ္မာအာဇီဝနဲ့ ကမ္ဘာတည်သမျှ အလှဆုံးနှစ်
                       "၂၀၁၀"  ရဲ့  ခေတ်ဖြစ်ပါစေနော်။

၂၀၁၀

(ကဗျာဆရာ- ဝေးနေ)

တဖြည်းဖြည်း တရွေ့ ရွေ့ 
တစ်နေ့နေ့ တစ်ချိန်ချိန်
၂၀၁၀ ဆိုတဲ့ ပြက္ခဒိန်တစ်ချပ်
နံရံပေါ် ချိတ်ကပ်ရတော့မယ်။

ရောက်ပြီ....
နှင်းတွေကြားမှာ ၂၀၁၀
ကျွန်တော်တို့ကြားမှာ ၂၀၁၀
ကမ္ဘာကြီးထဲမှာ ၂၀၁၀
အိပ်မက်အသစ်တွေ သယ်လာပြီ။

ဘယ်သူဖြစ်ဖြစ်
သက္ကရာဇ်အသစ်ကို ချစ်တယ်။

ဘယ်သူဖြစ်ဖြစ်
နှစ်သစ်ရင်ခွင် ခိုဝင်ချင်မယ်။

တွန်းဖွင့် တိုးဝှေ့ဝင်ဖို့မလို
နှစ်သစ်တံခါးကြီး အလိုလိုပွင့်
၂၀၁၀ ကို နမ်းခွင့်ကြုံ
သည်းအူလှိုက်တုန် ပျော်ကြတယ်။

ဟောဒီကဗျာတပုဒ်
၂၀၁၀ ကို ကြိုဆိုနှုတ်ခွန်းဆက်
ဘဝသက်တမ်းတစ်ဝက် ကျော်လာပေမယ့်
ခြေကုန်လက်ပမ်းကျဖို့ဝေး
စိတ်ကူးအတွေးတွေလန်းနေတုန်း။


(ဆရာ ဝေးနေရဲ့ ကဗျာလေးနဲ့ လိုက်အောင်လို့) :)

ပုံလေးတွေကို အင်တာနက်မှ ရယူပါတယ်ရှင်...
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ သာယာကြပါစေလို့ နှစ်သစ်မင်္ဂလာမှာ ဆုမွန်ကောင်းတွေတောင်းလိုက်ပါတယ်.. :)