Monday, August 23

ဝမ်းနည်းကြေကွဲခြင်း နှင့် တောင်းပန်ခြင်း

မနေ့ညက အွန်လိုင်းမှာ အသိညီမတယောက်နဲ့ တွေ့တော့ သူက မမ ကိုC  စနေနေ့ မနက်က ဆုံးသွားပြီတဲ့... ကိုC (ဒေါက်တာစည်သူအောင်) ဆိုတာက ပူးတေရန်ကုန်ကုမ္ပဏီက ဆရာဝန်လဲ ဖြစ်တယ်။ သူဖွင့်ထားတဲ့ နဝဒေး ဆေးခန်းက လှိုင်မြို့နယ် (ရန်ကုန်-အင်းစိန်)ကားလမ်းမပေါ်မှာ။ ဘူတာရုံလမ်းကားမှတ်တိုင်နားမှာ လှိုင်အထက်တန်းကျောင်း တခုရှိတယ်...အမှတ် ဘယ်လောက်လဲတော့ သိပ်မမှတ်မတော့ဘူး။ ကျောင်းဘေးနားကပ်လျက်ပဲ။ဆေးခန်းနာမယ်က နဝဒေး ရောဂါရှာဖွေရေးနဲ့ ဆေးကုသခန်း လို့ထင်တယ်။ အဲဒီနားတဝိုက်မှာ နေတဲ့ လူတွေတော့ သိမယ်ထင်တယ်။ ဘောက်စ်ဝက်ဂွန် အနီရောင် အစုတ်ကလေးနဲ့။ ပူးတေတို့က သူ့ကို စည်သူလွင်လာပြီလို့ စကြသေးတာ....ကုမ္ပဏီမှာ ရှယ်ယာလဲ အချို့အဝက်ပါထားလို့ သူနဲ့ပူးတေတို့က လုပ်ဖော်ကိုင်ဖက်တွေလိုပဲ... ၃နှစ်လောက်အတူတွဲလုပ်လာခဲ့ပြီး စီးပွားရေး၊ ကျန်းမာရေး လူမှုရေးအတူတိုင်ပင်ခဲ့သေးတာ...ရန်ကုန်တက္ကသိုလ်က MBA second batch သို့မဟုတ် third batch တခုခုပဲ။ အခုချိန်ထိ လူပျိုကြီး။ ဒီတခေါက်ပြန်တုန်းကတောင် အကောင်းကြီး။ ပထမတော့ မင်္ဂလာဆောင် ဖိတ်ဦးမလို့ပဲ။ သူနဲ့ အလုပ်တူတူလုပ်နေတုန်းကလဲ ပူးတေမင်္ဂလာဆောင်ရင် သတို့သမီး ဝတ်စုံလက်ဖွဲ့မယ်ပြောထားဖူးတာနဲ့ အခုပူးတေဆောင်မှန်းသိရင် သူပြောထားတာ သတိရပြီး လက်ဖွဲ့တွေ အများကြီး ဖွဲ့နေမှဆိုးတာရယ် လူတွေလာရတာ ကရိကထများမှာဆိုးတာရယ်နဲ့ မဖိတ်ပဲ တိတ်တိတ်ကလေးဆောင်ပြီး ဒီကို ပြန်လာခါနီးမှ စကားဝါလမ်းထဲက စိတ်တိုင်းကျ(ထင်တယ်) မှာ တခေါက်တွေ့ဖြစ်ခဲ့သေးတယ်။ ကိုC နဲ့ ပူးတေတို့က စလိုက်နောက်လိုက်လေ...လူပျိုကြီးနော်... နောက်ကားတွေ ကျော်တက်ကုန်ပြီ လို့တောင် စခဲ့သေးတယ်...ကြားဖူးတာက လူပျိုကြီး အပျိုကြီးတွေ ဆုံးရင် ငှက်ပျောတုံး ထည့်ပေးလိုက်ရတယ်ဆိုတာ ကြားဖူးထားတော့ ကိုC ကိုရော တကယ်ငှက်ပျောတုံး ထည့်ပေးလိုက်ရမှာလားလို့ သိချင်နေမိသေးတယ်...စိတ်မကောင်းတဲ့ကြားက စပ်စုချင်နေမိသေးတယ်...


ပူးတေစကားပြောတာက မြန်မာစကားကိုတောင်မှ တလုံးချင်းလေ..အိမ်က အန်းကုန်းနဲ့ တူတာထင်တယ်... မသိတဲ့လူတွေက ပူးတေ တမင်တကာ ပဲများပြီး ပြောနေတယ်ပဲထင်တာ...ရင်းနှီးသွားမှ ပူးတေအကျင့်မှန်းသိကြတာ...ပူးတေအိမ်ကဆို ပူးတေစကားပြောရင် လေမဆက်ဘူးတဲ့.. တလုံးနဲ့တလုံးကြားမှာ စောင့်ရင်းတရေးအိပ်ပျော်နိုင်တယ်တဲ့လေ... အဲဒီကိုC နဲ့ တွေ့ခါစက သူက ဘာမှ မပြောဘူး... ခန္ဓာကိုယ်တခြမ်းစောင်းပြီး နားထောင်လေ့ရှိတယ်.. နောက်ရင်းနှီးသွားတော့မှ ပူးတေစကားပြောတာ ဓါတ်ခဲ(battery) ကုန်ခါနီး အရုပ်က စကားပြောနေသလိုပဲတဲ့... ငါအရင်ကထင်တာ လုပ်ပြောနေတယ်ထင်တာတဲ့.... အခုမှ သူက ဒီလိုပဲတဲ့... အင်္ဂလိပ်စကားလဲ တလုံးချင်းပဲ...ဒေါသထွက်ရင် ရန်ဖြစ်ရင်တော့ မြန်တယ်... အင်္ဂလိပ်လိုပြောတာလဲ ရန်ဖြစ်ရင် grammar တွေရော usage တွေရော အကုန်မှန်လာတယ်.. သင်ထားတဲ့ အတိုင်းထွက်လာတယ်.. ပုံမှန်ဆို စလုံးတွေနဲ့ နင်လား (lah) ငါလား(lah) ပဲ...

ပြောလာတဲ့ ညီမကို အသက်တော့ မမေးမလိုက်ဘူး.... သူလဲ အတော်စိတ်မကောင်းဖြစ်နေရှာတယ်... သူတို့က အခုထိ တွဲလုပ်နေကြတုန်းကို... ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီဆိုတာ ဒါပဲနော်.. ဆုံးသွားတာကလဲ heart attack တဲ့... ဆရာဝန်တယောက် heart attack နဲ့ ဆုံးတာလဲ မြင်ဖူးပြီ... ဆရာဝန်တယောက် ကင်ဆာဖြစ်နေလို့ သေမင်းဆီက အပြိုင်လု ဆေးကုနေရတာလဲ မြင်ဖူးပြီ...ယူတတ်ရင် တရားရစရာတွေချည်းပဲ...မယူတတ်သေးတော့လဲ???? ဘာပြောရမှန်းကိုမသိဘူး.. ရင်ထဲမှာတော်တော်လေး ပြောမပြတတ်အောင်ပဲ။ ဒီနေ့ သို့မဟုတ် မနက်ဖြန် သဂြိုလ်မယ်တဲ့.. ပြောတဲ့ ညီမကလဲ ပိတ်ရက်ဆိုတော့ ကုမ္ပဏီ ပိတ်ထားတော့ သေချာမသိသေးဘူး... ဆေးခန်းဖုန်းတော့ ရှိတယ်... နာ့စ်တွေ ရှိမလားမသိဘူး... ခုနေခါ သူ့ဟန်းဖုန်းကိုခေါ်ရင်ရော...သူ့ မန်နေဂျာ ကိုသူရအောင် လာကိုင်မှာလား... မိသားစုတွေလာကိုင်မှာလား...လာကိုင်ရင်ရော ဘာပြောရမှာလဲ။ ပြောစရာစကားလုံးက သူတို့တွေသိထားပြီးသားတွေပဲ ဝမ်းနည်းပါတယ်... ဘယ်လိုဖြစ်တာလဲ...တွေနဲ့။ သူတို့ကလဲ မေးသမျှလူတိုင်းကို ဘယ်နှစ်ကြိမ်မှန်းမသိ ပြောပြီးသားတွေ ဝမ်းနည်းစရာအဖြစ်တွေ ထပ်ပြောပြရဦးမှာ တွေးပြီး ဖုန်းခေါ်ဖို့ ဝန်လေးနေမိတယ်....မခေါ်ချင်ဘူး... ပူးတေစိတ်ကတမျိုး။ သူများစိတ်အားငယ်နေမယ့်ကိစ္စမျိုး၊ ဝမ်းနည်းနေတာမျိုးတွေကို ကိုယ်က အစပြန်မဖော်ပေးချင်ဘူး။ ကိုယ့်ကြောင့် ထပ်ပြီး ထိခိုက်ခံစားရမှာကို မတွေ့ချင် မကြားချင် မခံစားချင်ပြန်ဘူး... စိတ်ကပဲ တရားမရှိတာလား...

ဒီကနေပဲ ဝမ်းနည်းကြောင်းမှတ်တမ်းတင်ထားလိုက်တယ်... အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက် အထက်လူကြီး တယောက်အနေနဲ့ရော မိတ်ဆွေတယောက်အနေနဲ့ရော ကိုယ့်ရောဂါတွေ(လေးဖက်နာ)ကို ပျောက်အောင် ကုသပေး၊ အကြံဥာဏ်ခဲ့တဲ့ ကျေးဇူးရှင် ဆရာသမားတယောက်အနေ လောကကြီးကနေ ဆောဆီးစွာ ထွက်ခွာသွားလို့ တကယ်ပဲ မိသားစုနဲ့ ထပ်တူထပ်မျှ၊ ဝန်ထမ်းများအားလုံးနဲ့ ထပ်တူဝမ်းနည်းရပါတယ်... ကိုC (ဒေါက်တာစည်သူအောင်-Nawaday Poly Clinic) ကောင်းရာ မွန်ရာသို့ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...

တလက်စထဲ တောင်းပန်ချင်တာက ဘလော့လေးကို ပစ်ထားရတာလဲ ခုတလောနေမကောင်းနေလို့ပါ... အစပိုင်းက ခေါင်းနောက်ခြမ်းတခြမ်းလုံးနဲ့ နောက်ကြောတွေ ပခုံးတွေ အရမ်းကိုက်တာ အုန်းနို့ခေါက်ဆွဲချက်စားပြီးထဲကပဲ(အုန်းနို့ခေါက်ဆွဲ ကောင်းမှု)...ဆေးခန်းပြတော့လဲ မသက်သာပဲ ၃ပတ်ဆက်တိုက် ကိုက်လာပြီး ခေါင်းလဲမူးလာတော့ စိတ်ပူလာပြီး ရန်ကုန်ကို ဖုန်းဆက်ကြည့်တော့ အိမ်ကဦးလေးကလဲ(သူလဲ လတ်တလော အရိုးကျီးပေါင်း ဝေဒနာရှင် အနုစား) အရိုးကျီးပေါင်းရဲ့ လက္ခဏာနဲ့ တူတယ်လို့ ပြောလို့ ဓါတ်မှန်လဲ မရိုက်ချင်၊ အထူးကုဆီလဲ မသွားချင်နဲ့ ကိုယ့်ကိုယ် guardian က Joint free ဆေးဗူးအသေးလေး ဝယ်သောက်ကြည့်တာ နဲနဲ သက်သာတာနဲ့ အခု အဲဒီဆေးဗူးအသေးလေး ကုန်ခါနီးလို့ ရန်ကုန်က Move free ဆေးမှာထားတယ်... မနာတော့ရင်တော့ ဆက်မသောက်တော့ပါဘူး...ခေါင်းလေ့ကျင့်ခန်း၊ ဇက်ကြော လေံကျင့်ခန်း၊ ပခုံးလေ့ကျင့်ခန်းတွေလဲ you-tube ကနေရှာပြီး မနက်တခေါက် နေ့လည်တခေါက် ညနေတခေါက် လေ့ကျင့်ခန်းတွေလဲ လုပ်နေတာ၊ နဲနဲသက်သာလာတယ်...ဆေးတွေကို ဘာမသိညာမသိ သောက်နေရတာလဲ side effect တွေ ဖြစ်မှာကြောက်ရသေးတယ်။... အခုတော့ ကွန်ပျူတာကို နဲနဲ ကြည့်နိုင်နေပါပြီ... စာရိုက်ရင်တော့ မရဘူး... ချက်ချင်းပြန်ကိုက်တက်လာတာ... ဒါကြောင့် ဘလော့မောင်နှမတွေကိုလဲ ပျက်ကွက်မှုတွေ အကြွေးတွေ အားလုံးအတွက် အနူးအညွတ်တောင်းပန်ပါတယ်လို့... ခွင့်လွှတ်ပေးကြပါ... နားလည်ပေးကြပါ.. မကြာမီမှာ စာတွေပြန်ရိုက်နိုင်လာရင် ပြန်ရေးပါမယ်... စာတွေကတော့ အမြဲလိုလို မောင်နှမတွေအားလုံးနီးပါးဆီ သွားဖတ်ဖြစ်ပါတယ်..စာမရိုက်နိုင်လို့ နှုတ်မဆက်သွားဖြစ်တာပါလို့ တောင်းပန်ရင်း.... ;(