Tuesday, November 10

Happy Birthday

Happy Birthday Ko Ko Gyi,

ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ ကိုကြီးရေ။
ဒီနေ့ (10-11-2009) ပူးတေရဲ့ အစ်ကိုအကြီးဆုံးရဲ့ မွေးနေ့ပါ။
ပူးတေ ကိုကြီးအတွက်မွေးနေ့ပို့စ်လေးကို ညထဲက ရေးပြီးတင်မလို့ ညက သင်တန်းက ၉ နာရီမှပြီးတာရယ်၊ ညက ကိုကြီးမွေးနေ့အတွက် အိမ်ကလူတွေကို ကြာဇံချက်ချက်ကျွေးနေတာနဲ့ အရမ်းပင်ပန်းသွားပြီး ကွန်ပျူတာတောင်မဖွင့်နိုင်တော့ဘူး။ အမှန်က ဒီနေ့မှ ချက်ကျွေးရမှာ။ ပူးတေက ဘလော့က မိတ်ဆွေတွေကိုလဲ ဒီနေ့ ကိုကြီးမွေးနေ့မှာ တခါထဲ ကြာဇံချက်ကျွေးချင်လို့ ညက  ကမန်းကတန်း ချက်ပြီးတင်လိုက်ချင်တာ။ စားပြီးတော့ လုံးဝမထနိုင်တော့ဘူး။ အိပ်ယာပေါ်ခဏလေးတက်ပြီး ခါးဆန့်မယ်။ ပြီးရင် ပြန်ထရေးမယ်ဆိုပြီး ပြန်တောင်မထနိုင်တာ ဒီနေ့မနက် ၆ နာရီမှနိုးပြီး အခန်းမီးလဲ ခုမနက်မှ ပိတ်ရတယ်။










ဒါက ပူးတေညက ကိုကြီးမွေးနေ့အတွက် အိမ်ကလူတွေကိုချက်ကျွေးတဲ့ ပူးတေလက်ရာ ကြာဇံချက်။

လသာည က ပူးတေမုန့်ဟင်းခါးချက်တုန်းက ပူးတေ မွှေနေတဲ့ပုံလဲမပါဘူးတဲ့။ ပူးတေတကယ်ချက်တာ ဘယ်လိုယုံရမလဲတဲ့။ လသာညရေ ပူးတေမွှေနေတုန်းဆို ပူးတေကို ဘယ်သူဓါတ်ပုံရိုက်ပေးမှာလဲလို့။ ပူးတေ ကိုယ်တိုင် ဓါတ်ပုံရိုက်ရတဲ့ဟာကို။ :,(

ဒီနေ့မနက် ပူးတေ အိပ်ယာနိုးတော့ အရင်ကဆို ဆက်ပြီး နှပ်ချင်ပေမယ့် ဒီနေ့တော့ ကိုကြီးမွေးနေ့ဆိုပြီး အိပ်ယာထ၊ ရေကို အဝသောက်၊ ရေအမြန်ချိုး၊ အဝတ်အမြန်လဲပြီး ကိုကြီးမွေးနေ့ အတွက် ဘုရားမှာ သစ်သီးဆွမ်း၊ သောက်တော်ရေ၊ သုံးတော်ရေ၊ အမွှေးတိုင်၊ ဖယောင်းတိုင် (ဘုရားပန်းကတော့ နေ့တိုင်းကပ်ထားတာလေ၊ ရေလေးပဲ လဲပေးလိုက်ရုံပဲ၊ ပန်းက တနင်္ဂနွေနေ့ကမှ ဝယ်ထားတာ၊ ကောင်းသေးတယ်။) ကပ်ပြီး ဘုရားရှိခိုး၊ မေတ္တာပို့၊ မွေးနေ့ရှင်အတွက်ရော၊ လူ နတ် ဗြဟ္မာအတွက်ရော ဆုတောင်းပြီး နာရီကြည့်တော့ ၈ နာရီတောင်ထိုးနေပြီ။ ဒါနဲ့ ကိုကြီးအတွက် ဘုရားကပ်ထားတာလေးတွေတောင် ဘလော့မှာတင်ဖို့ရော၊ အိမ်ကို အမှတ်တရပို့ဖို့ရောအတွက် ဓါတ်ပုံရိုက်ဖို့တောင် အချိန်မရှိတော့ဘူး။ ညကချက်ထားတဲ့ ကြာဇံချက်ကို ဗူးထဲကိုထည့် (ရုံးမှာ မနက်စာစားဖို့)၊ မိုင်လိုတဗူးကို အမြန်ဆွဲ၊ အိတ်ယူ၊ သော့ယူပြီး ဖိနပ်ကို စွပ်ရုံလေးစွပ်ပြီး ဓါတ်လှေခါးကိုအပြေးခေါ်၊ ဓါတ်လှေခါးစောင့်နေတုန်းဖိနပ်ကြိုးကို အမြန်တပ်ပြီး တိုက်အောက်ရောက်တာနဲ့ တွေ့တဲ့ Taxi ကို တားပြီး ရုံးကို အပြေးလေးလာခဲ့ရတယ်။

မွေးနေ့လက်ဆောင်ကတော့ အရင်အပတ်ထဲက ရန်ကုန်ကိုဖုန်းလှမ်းဆက်ပြီး ဘာလိုချင်လဲလို့မေးတော့ မပို့နဲ့တဲ့ ပိုက်ဆံတွေ အပိုကုန်မယ်တဲ့။ ပို့ခကလဲ သက်သက်ကုန်ဦးမယ်တဲ့။ ဒါနဲ့ ပူးတေက ပေးချင်လို့ပါ ရန်ကုန်မှာရော ကိုကြီးလိုချင်တာမျိုးမရနိုင်ဘူးလား။ ရနိုင်ရင်ဝယ်လိုက်ပါ။ ပူးတေ ပိုက်ဆံလွှဲပေးလိုက်ပါ့မယ်။ မွေးနေ့လက်ဆောင်အဖြစ်ပါလို့ ဆိုတော့ ညီမလေးက ဘေးကနေ သူ့အစ်ကိုအတွက် လှမ်းပြောပေးတယ်။ ကိုကြီး ဂစ်တာက ဟောင်းနေပြီ၊ ဂစ်တာအသစ်ဝယ်ပေးလိုက်ရင်ကောင်းမယ်တဲ့။ ဒါနဲ့ ပူးတေလဲ အေးဒါဆို နင်လိုက်ဝယ်ပေးလိုက်လို့။  ဒါနဲ့ မောင်နှမ နှစ်ယောက် ဂစ်တာသွားဝယ်ကြတယ်။ ပိုက်ဆံကတော့ ပူးတေ အခုထိမလွှဲရသေးပါဘူး။ ငွေဈေးကျနေလို့ မလွှသြေးဘူး။ ခဏစိုက်ထားကြနော်လို့ ပြောထားတယ်။ :)
ပူးတေပိုက်ဆံမပေးရသေးတဲ့ ပူးတေရဲ့ မွေးနေ့လက်ဆောင် ဂစ်တာလေး :)


ဓါတ်ပုံကို သူတို့ Email နဲ့ ပူးတေဆီ ပို့ပေးကြဖို့ပဲ။ ခုထိမပို့ရသေးတာနဲ့ ပူးတေလဲ ဂူဂဲလ်ကနေ ဂစ်တာလှလှလေးရှာပြီးတင်လိုက်တာ။

အိမ်မှာမောင်နှမ သုံးယောက်ရှိတာ ပူးတေတယောက်ထဲ April လမှာ မွေးတယ်။ (ဒါကြောင့် april-poo လို့ နာမယ်ပေးထားတာ) ကျန်တဲ့ နှစ်ယောက် ပူးတေ အစ်ကိုနဲ့ ညီမက ဒီလ( November) ထဲမှာ သူတို့နှစ်ယောက်ကို မွေးတာပေါ့။ လာဦးမယ် နောက်တခါ ညီမလေးမွေးနေ့။ သူ့ကိုတော့မွေးနေ့လက်ဆောင်ပေးဖို့ ဝယ်ထားပြီးပြီ။ ပို့ပေးဖို့ပဲ ကျန်တော့တယ်။

သူများတွေပြောတာက မွေးတဲ့အချိန် မွေးလကလဲ လူတယောက်ရဲ့  စရိုက်နဲ့ ဇာတိကို သိသာစွာပြတတ်တယ်တဲ့။ သူများတွေတော့ တိုက်ဆိုင် မဆိုင်တော့မသိဘူး။ ပူးတေတို့ မောင်နှမ သုံးယောက်ကတော့ အရမ်းကို သိသိသာသာကို တိုက်ဆိုင်လွန်းတယ်။ အိမ်မှာ ပူးတေကို အဒေါ်တယောက်ကဆို အမြဲပြောတယ်။ နင်ကလေ တအိမ်လုံးအကြောင်း တဆွေလုံးတမျိုးလုံးကို နင်ပဲ ပူနေတော့တာပဲ။ တကယ့်အပူသည်ပဲတဲ့။ နင်ကချည်းပူနေ ဟိုနှစ်ယောက်က ဘာတာဝန်မှကို ရှိတော့မှာ မဟုတ်ဘူးတဲ့။

April လက မြန်မာပြည်မှာ အပူဆုံးအချိန်မို့ ရှေးမြန်မာတွေ အခေါ်ကတော့ ရေသဘင်ပွဲလို့ခေါ်တဲ့ သင်္ကြန်ပွဲကို ကျင်းပရတဲ့လပေါ့။ ပူးတေက သင်္ကြန်လမှာမွေးလို့လားတော့မသိပါဘူး။ သင်္ကြန်ဆိုရင် အရမ်းကို ခရေဇီဖြစ်တာ။ ပူလွန်းလို့ သင်္ကြန်ပွဲတောင်ကျင်းပရတဲ့ အပူဆုံးအချိန်မှာမွေးခဲ့လို့လားမသိဘူး။ တော်တော်လေးကို ပူပင်တတ်တယ်။

ပူပင်တတ်တယ်ဆိုတာ လူကြီးတွေကို ဒုက္ခပေးပြီး သူတို့ကို ပူစေတဲ့ အပူမျိုးမဟုတ်ပါဘူး။ ပူးတေက ပူတာ ဘယ်တော့မှ ကိုယ့်အတွက်ကိုယ်မပူဘူး။ ညီအစ်ကို မောင်နှမတွေကို ပူမယ်။ ပြီးရင် အဖေတွေ အမေတွေကို ပူမယ်။ ပြီးရင် အဒေါ်တွေ၊ ဦးလေးတွေကို ပူမယ်။ ပြီးရင် ဝမ်းကွဲ ညီအစ်ကို မောင်နှမတွေကိုပူမယ်။ ရန်ကုန်မှာနေတုန်းက ပူးတေပူတာကို အိမ်ကလူတွေ သိပ်မခံစားရဘူး။ ပူးတေ ဒီလူကို ပူတယ်ဆို ဒီလူ့ဆီကို တိုက်ရိုက်ပူးတေ လိုက်သွားတယ်။ ဥပမာ အဒေါ်တယောက် စီးပွားရေးမှ ပြေလည်ရဲ့ လား။ ကလေးတွေနဲ့ လုံးချာလိုက်နေမလားဆိုပြီး ပူးတေ ဒီအဒေါ်ကို ပူရင် သူတို့နေတဲ့နေရာကို လိုက်သွားတော့တာပဲ။ ပူးတေအဒေါ်တွေက ဝန်ထမ်းတွေများတယ်လေ။ ကျောင်းဆရာမတွေ၊ သူများတွေကို ကျူရှင်တွေလဲ မပြကြတော့ ကျပ်တည်းတယ်လေ။ ပူးတေတို့ အန်းကုန်းရှိတုန်းကတော့ အန်းကုန်းကကြည့်တာကိုး။ အန်းကုန်းမရှိတော့တဲ့ နောက်ပိုင်း အဒေါ်တွေက သူ့သူနေကြတာများတယ်လေ။ မိဘတွေအတွက် အလှူအတန်းလေးလုပ်မှ တအိမ်အိမ်မှာ စုမိကြတော့တာမျိုး။ ရန်ကုန်မှာနေတုန်းက ပူးတေသူတို့ကိုပူရင် ချက်ချင်းထထွက်သွားပြီး လိုအပ်မယ်ထင်တဲ့ ကလေးကျောင်းသုံး စာအုပ်၊ ဘောပင်၊ ခဲတံ ၊ စားစရာ မုန့်၊ကော်ဖီမစ် အားလုံးကို အိမ်က ယူသွားပြီး ဟိုရောက်ရင် သူတို့အိမ်အခြေအနေကိုကြည့်၊ ကလေးတွေကို မုန့်ဖိုးပေး၊ ကျူရှင်တွေလိုလား၊ စာလိုက်နိုင်လားမေး၊ အဒေါ်အိမ်က ဆန်ပုံးကိုဖွင့်ကြည့် လိုအပ်ရင် အဒေါ်နဲ့ သူတို့အိမ်နားကဈေးကိုသွား ဆန်၊ဆီ၊အချိုမှုန့် ၊ အဓိကစားကုန်တွေနဲ့ သူတို့အတွက် ၂ရက်စာလောက် ဟင်းစားလေးဝယ်ပေးခဲ့ပြီး အဲဒီနေ့ညနေစာကို သူတို့အိမ်မှာပဲ ကလေးတွေနဲ့ တပျော်တပါးစားခဲ့ပြီး ပြန်ခါနီး ပူးတေက အဒေါ်နဲ့စကားတွေပြောနေ၊ ကလေးတွေက ကားသွားငှားကြ သူတို့ကားငှားလို့ရလာပြီဆိုရင် အားလုံးနှုတ်ဆက်၊ ကလေးတွေက ကျယ်ကျယ့် နောက်အပတ်လဲလာဦးနော်။ ဘယ်တော့လာမှာလဲဆိုတဲ့ အသံလေးတွေက ကိုယ့်နားထဲမှာစွဲကျန်ရစ်ခဲ့တယ်။ ကိုယ်ကနောက်အပတ်လာနိုင်ရင်လာမယ်လို့ ဂတိပေးခဲ့တယ်။ မလာနိုင် လာနိုင်မသေချာပဲ ကလေးတွေကို ဂတိမပေးခဲ့ချင်ဘူး။ သူတို့လေးတွေ မျှော်နေရမှာစိုးလို့လေ။ ပူးတေကလေးဘဝတုန်းကလဲ ပူးတေတို့ ဝမ်းကွဲအစ်မတွေ အစ်ကိုတွေလာရင်သိပ်ပျော်တာ၊ မုန့်တွေဝယ်လာ၊ အတူတူကစားကြ၊ စကားတွေပြောကြနဲ့ ပြန်ခါနီးရင် ပူးတေလဲ အစ်ကိုတွေ အစ်မတွေကို သိပ်မှာတာ။ ထပ်လာဖို့လေ။ သူတို့က ဘယ်နေ့လာမယ်လို့များပြောထားလို့ကတော့ ပူးတေမှာ အဲဒီနေ့ရောက်အောင် လက်ချိုးရေရတာ၊ ဘယ်နှရက်ပဲလိုတော့တယ်။ ကျောင်းဘယ်နှရက်တက်ပြီးရင် မမကြီးတို့ရောက်လာတော့မှာဆိုပြီး ခုပြန်တွေးကြည့်ရင် အဲဒီအချိန်တုန်းက တော်တော်လေး ပင်ပန်းခဲ့တာ။ ကလေးဆိုတဲ့ အမျိုးကလဲ ဧည့်သည်လာရင် သိပ်ပျော်တာလေ။ ပူးတေငယ်ငယ်ကဆို အိမ်မှာ ဧည့်သည်ပဲမျှော်တာ။ လူကြီးတွေကတော့ ဧည့်သည်လာရင် ချက်ပြုတ်ကျွေးမွေးရ၊ ဧည့်ခံရ၊ ဧည့်သည်ပြန်သွားရင် ပူးတေတို့တွေ ဧည့်သည်နဲ့ရောပြီး ဖွထားတာတွေသိမ်းဆည်းရ၊ ရှင်းလင်းရနဲ့ မောလို့ ပင်ပန်းလို့ တော်ရုံဆို အိမ်ကိုမဖိတ်ချင်ဘူးလေ။ ပြောရင်းနဲ့ မွေးနေ့အကြောင်းကနေ တခြားအကြောင်းတွေ ရောက်ကုန်ပြီ။

အားလုံးပဲ ဒီနေ့ ကိုကြီးမွေးနေ့မှာမွေးတဲ့ မွေးနေ့ရှင်အားလုံးကိုလဲ ပူးတေက ဒီကနေဆုတောင်းပေးလိုက်ပါတယ်။ HaPpY bIrThDaY ပါလို့။ ဆရာ စံဇာဏီဘို လို အတုလိုက်ခိုးတာ။ City FM ကနေပြီးတော့ နေ့တိုင်းမွေးနေ့ဆုတောင်းပေးနေတာလေ။ :o)

အဖြူရောင်နတ်သမီး ကလဲ ၁၉ ရက်နေ့ကျရင် သူ့မွေးနေ့ဖိတ်ထားသေးတယ်လေ။ သူငယ်ချင်း ချစ်ယောက်မရေ (သူ့ကို ယောက်မတော်ဖို့ ပြောထားတယ်လေ :P )သူငယ်ချင်းအတွက် ကဗျာလေး တတ်သလောက်မှတ်သလောက်လေး ဆပ်နိုင်အောင် ကြိုးစားနေတယ်လို့ ဒီကနေ အသိလှမ်းပေးလိုက်ပါတယ် နတ်သမီးလေး ရေ။

သူငယ်ချင်းတို့ကိုလဲ နတ်သမီး မွေးနေ့လေးကို နတ်သမီးကိုယ်စား ထပ်ဆင့်ဖိတ်လိုက်ပါတယ်။ ၁၉ ရက်နေ့ကျရင် သွားဖြစ်အောင်သွားလိုက်ပါနော်။ နတ်သမီးလေးရဲ့ လိပ်စာက အဖြူရောင် နတ်သမီး တဲ့။

ပြီးရင်တော့ ပူးတေရဲ့  ညီမလေး မွေးနေ့ ၂၁ ရက်နေ့ ကျ ထပ်လာခဲ့ဦးနော်။ ကောင်းကောင်းဧည့်ခံပါ့မယ်။

:)

ခင်မင်စွာဖြင့်
ပူးတေ

8 comments:

အဖြူရောင်နတ်သမီး said...

xxxxxxxxxxxxxxx
ဟီး........ချစ်လို့ အာဘွားပေးတာ...
နိုဝင်ဘာ(၁၀)ရက်နေ့မှာကျရောက်တဲ့“ကိုကြီး”ရဲ့
မွေးနေ့မှ နောင်နှစ်ပေါင်းများစွာအထိ လိုအင်ဆန္ဒတွေ ပြည့်ဝနိုင်ပါစေနော်....

အဖြူရောင်နတ်သမီး said...

သူငယ်ချင်း Blogger အားလုံးကိုလည်း
အခုကတည်းက ဖိတ်ထားပါရစေ၊
နီးရင်လည်းဖိတ်စာထပ်ပို့ပေးပါအုံးမယ်၊
အခုလိုကြိုပြီးအသိပေးရတဲ့အကြောင်း
ကတော့..ဟီး...“မွေးနေ့လက်ဆောင်”လိုချင်လို့ပါ။
သာမန်ဧည့်သည်များမဟုတ်တဲ့
Bloggerသူငယ်ချင်းများအားလုံးဟာ
“ကလောင်စွမ်း”ထက်ကြတာကို
သိပြီးသားမို့...အဲဒီနေ့ကျရင်မွေးနေ့
လက်ဆောင်အဖြစ်
ကဗျာကိုမက်မက်မောမောချစ်တဲ့
“နတ်သမီးအတွက်ကဗျာလှလှလေးတပုဒ်”
နဲ့အတူမွေးနေ့ပွဲလေးကိုမပျက်မကွက်
တက်ရောက်ဖို့အခုကတည်းက
ဖိတ်ကြားထားရခြင်းဖြစ်ပါတယ်။
ကမ္ဘာမပျက်ခင်ကျင်းပရတဲ့
မွေးနေ့ပွဲလေးအတွက်
အခွင့်ရှိမယ်ဆိုရင်...
blogger မောင်နှမတွေအားလုံးနဲ့ခင်မင်ချင်ပါတယ်ရှင့်...
စောင့်နေမယ်နော်..နိုဝင်ဘာ၁၉....
“ပူးတေ”လေးလည်း နတ်သမီးနဲ့အတူရှိနေပေးမယ်တဲ့...
နော်...“ပူးတေလေး”...ပြောလိုက်လေ....
“အင်း”..လို့....

Unknown said...

Happy Birthday!

ရှလွတ် ကောင်းလိုက်တဲ့ ကြာဇံဟင်းခါးလေး
စားချင်လိုက်တာနော် ချက်တဲ့သူကလည်း စေတနာပါတော့ မြင်တာနဲ့ တောင် စားချင်စိတ်ကထွက်

နှင်းဟေမာ said...

အဲတော် ပူးတေတစ်ယောက် ဟိုဟာ ချက်စားလိုက် ဒီဟာချက်စားလိုက်နဲ့ နာ့ကို ကျွေးဘူး ...။
ချိတ်ချိုးတယ် ဟွင်း နောက်နေ့တွေ့ရင် ထော်တော့ဘူး ...။
း( နောက်တာနော်
နှင်းဟေမာ

လသာည said...

ပူးတေ.. ကိုကြီးအတွက် မွေးနေ့လုပ်ပြီး လက်ဆောင်တောင်ပြန်ပေးသေးတာဆိုတော့ လိမ္မာလိုက်တဲ့ ကလေးလေး...။

ဓါတ်ပုံတွေတင်ထားတာ တကယ့်ကိုအားရပါးရ။ စားကောင်းမယ့်ပုံပဲ။

မွှေတဲ့ပုံ မပါလည်း စိတ်ကူးနဲ့ မြင်ယောင်ပြီး ကြည့်လိုက်ပါတယ်။ အဒေါ်ကြီးပုံစံနဲ့လေ..:P (တတ်နိုင်ဘူးလေ လူမှမြင်ရပဲ အဲလိုပဲမှန်းရတာပဲ..)

အဖြူရောင်နတ်သမီး said...

“ပူး”ရေ...
အခုမှကိုယ်ရေးတဲ့စာ ကိုယ်ပြန်ကြည့်မိတယ်..
“ပူး”ကို အာဘွားပေးတာနော်...
“ကိုကြီး”ကိုမဟုတ်ဘူး..
မျက်နှာတွေပူလိုက်တာ..အခုမှ..
အမြင်တွေလွဲကုန်မှာဆိုးလို့...
တကယ့်အမှတ်တရပါပဲ...

ဧပရယ်လ်ပူး@ပူးတေ said...

အဖြူရောင်နတ်သမီး >> ရပါတယ် နတ်သမီးရဲ့  ပူးတေကို အာဘွားပေးလဲ ပူးတေက စိတ်မဆိုးဘူး။ ပူးတေ အစ်ကိုကို အာဘွားပေးလဲ ပူးတေက ချိတ်ချိုးတတ်ပါဝူး အမြင်ရဲ မရွဲပါဘူး မျစ်နှာပူပါနဲ့ နတ်တမီးရဲ့  ချစ်လို့စတာနော်...ဂျတား ပီတော့ဝူး :) အာဘွား

may >> ကျေးဇူးပါတယ်နော်။ စားချင်ရင် လိပ်စာပေးထားလေ။ နောက်ချက်စားရင် ခေါ်လိုက်မယ်....

နှင်းဟေမာ >> နှင်းရေ မရည်ရွယ်ပဲ ချက်ချက်ဖြစ်သွားလို့ပါ။ နှင်းရော လဲ့သန္တာရောကို ခေါ်ဖို့သတိရပါတယ်။ နောက်တခေါက်ခေါ်မယ်နော် ချိတ်ချိုးရဝူးနော်......

လသာည >> လသာညရေ ပူးတေကို စိတ်မှန်းနဲ့ မြင်ယောင်ကြည့်ရင် အဒေါ်ကြီးပုံစံနဲ့ မကြည့်နဲ့ ။ အမ်းမ(အဖွားကြီး) ပုံစံမျိုး လေ။ ယောင်းမကြီး ကိုင်ပြီး အားရပါးရ မမြင်မစမ်းနဲ့ မွှေနေတာလေ... :)

ဒဏ္ဍာရီ said...

ညီမလေးရဲ့ ကိုကြီးမွေးနေ့ကို လာတယ်နော်။ ကြာဇံချက်လည်း စားသွားတယ်။ ညီမလေးလက်ရာက ကောင်းမှကောင်း။း)
ကိုကြီးအတွက်လည်း ဆုတောင်းပေးသွားတယ်နော်။

မွေးနေ့ရက်မြတ်မှသည် ဘ၀တလျှောက်လုံး အခုလို ချစ်စရာ ကောင်းတဲ့ ညီမလေးနဲ့အတူ အေးချမ်းသာယာသော ဘ၀လေးကိုလည်း ပိုင်ဆိုင်နိုင်ပါစေ...

ခင်မင်လေးစားလျှက်