Tuesday, November 10

Happy Birthday

Happy Birthday Ko Ko Gyi,

ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ ကိုကြီးရေ။
ဒီနေ့ (10-11-2009) ပူးတေရဲ့ အစ်ကိုအကြီးဆုံးရဲ့ မွေးနေ့ပါ။
ပူးတေ ကိုကြီးအတွက်မွေးနေ့ပို့စ်လေးကို ညထဲက ရေးပြီးတင်မလို့ ညက သင်တန်းက ၉ နာရီမှပြီးတာရယ်၊ ညက ကိုကြီးမွေးနေ့အတွက် အိမ်ကလူတွေကို ကြာဇံချက်ချက်ကျွေးနေတာနဲ့ အရမ်းပင်ပန်းသွားပြီး ကွန်ပျူတာတောင်မဖွင့်နိုင်တော့ဘူး။ အမှန်က ဒီနေ့မှ ချက်ကျွေးရမှာ။ ပူးတေက ဘလော့က မိတ်ဆွေတွေကိုလဲ ဒီနေ့ ကိုကြီးမွေးနေ့မှာ တခါထဲ ကြာဇံချက်ကျွေးချင်လို့ ညက  ကမန်းကတန်း ချက်ပြီးတင်လိုက်ချင်တာ။ စားပြီးတော့ လုံးဝမထနိုင်တော့ဘူး။ အိပ်ယာပေါ်ခဏလေးတက်ပြီး ခါးဆန့်မယ်။ ပြီးရင် ပြန်ထရေးမယ်ဆိုပြီး ပြန်တောင်မထနိုင်တာ ဒီနေ့မနက် ၆ နာရီမှနိုးပြီး အခန်းမီးလဲ ခုမနက်မှ ပိတ်ရတယ်။










ဒါက ပူးတေညက ကိုကြီးမွေးနေ့အတွက် အိမ်ကလူတွေကိုချက်ကျွေးတဲ့ ပူးတေလက်ရာ ကြာဇံချက်။

လသာည က ပူးတေမုန့်ဟင်းခါးချက်တုန်းက ပူးတေ မွှေနေတဲ့ပုံလဲမပါဘူးတဲ့။ ပူးတေတကယ်ချက်တာ ဘယ်လိုယုံရမလဲတဲ့။ လသာညရေ ပူးတေမွှေနေတုန်းဆို ပူးတေကို ဘယ်သူဓါတ်ပုံရိုက်ပေးမှာလဲလို့။ ပူးတေ ကိုယ်တိုင် ဓါတ်ပုံရိုက်ရတဲ့ဟာကို။ :,(

ဒီနေ့မနက် ပူးတေ အိပ်ယာနိုးတော့ အရင်ကဆို ဆက်ပြီး နှပ်ချင်ပေမယ့် ဒီနေ့တော့ ကိုကြီးမွေးနေ့ဆိုပြီး အိပ်ယာထ၊ ရေကို အဝသောက်၊ ရေအမြန်ချိုး၊ အဝတ်အမြန်လဲပြီး ကိုကြီးမွေးနေ့ အတွက် ဘုရားမှာ သစ်သီးဆွမ်း၊ သောက်တော်ရေ၊ သုံးတော်ရေ၊ အမွှေးတိုင်၊ ဖယောင်းတိုင် (ဘုရားပန်းကတော့ နေ့တိုင်းကပ်ထားတာလေ၊ ရေလေးပဲ လဲပေးလိုက်ရုံပဲ၊ ပန်းက တနင်္ဂနွေနေ့ကမှ ဝယ်ထားတာ၊ ကောင်းသေးတယ်။) ကပ်ပြီး ဘုရားရှိခိုး၊ မေတ္တာပို့၊ မွေးနေ့ရှင်အတွက်ရော၊ လူ နတ် ဗြဟ္မာအတွက်ရော ဆုတောင်းပြီး နာရီကြည့်တော့ ၈ နာရီတောင်ထိုးနေပြီ။ ဒါနဲ့ ကိုကြီးအတွက် ဘုရားကပ်ထားတာလေးတွေတောင် ဘလော့မှာတင်ဖို့ရော၊ အိမ်ကို အမှတ်တရပို့ဖို့ရောအတွက် ဓါတ်ပုံရိုက်ဖို့တောင် အချိန်မရှိတော့ဘူး။ ညကချက်ထားတဲ့ ကြာဇံချက်ကို ဗူးထဲကိုထည့် (ရုံးမှာ မနက်စာစားဖို့)၊ မိုင်လိုတဗူးကို အမြန်ဆွဲ၊ အိတ်ယူ၊ သော့ယူပြီး ဖိနပ်ကို စွပ်ရုံလေးစွပ်ပြီး ဓါတ်လှေခါးကိုအပြေးခေါ်၊ ဓါတ်လှေခါးစောင့်နေတုန်းဖိနပ်ကြိုးကို အမြန်တပ်ပြီး တိုက်အောက်ရောက်တာနဲ့ တွေ့တဲ့ Taxi ကို တားပြီး ရုံးကို အပြေးလေးလာခဲ့ရတယ်။

မွေးနေ့လက်ဆောင်ကတော့ အရင်အပတ်ထဲက ရန်ကုန်ကိုဖုန်းလှမ်းဆက်ပြီး ဘာလိုချင်လဲလို့မေးတော့ မပို့နဲ့တဲ့ ပိုက်ဆံတွေ အပိုကုန်မယ်တဲ့။ ပို့ခကလဲ သက်သက်ကုန်ဦးမယ်တဲ့။ ဒါနဲ့ ပူးတေက ပေးချင်လို့ပါ ရန်ကုန်မှာရော ကိုကြီးလိုချင်တာမျိုးမရနိုင်ဘူးလား။ ရနိုင်ရင်ဝယ်လိုက်ပါ။ ပူးတေ ပိုက်ဆံလွှဲပေးလိုက်ပါ့မယ်။ မွေးနေ့လက်ဆောင်အဖြစ်ပါလို့ ဆိုတော့ ညီမလေးက ဘေးကနေ သူ့အစ်ကိုအတွက် လှမ်းပြောပေးတယ်။ ကိုကြီး ဂစ်တာက ဟောင်းနေပြီ၊ ဂစ်တာအသစ်ဝယ်ပေးလိုက်ရင်ကောင်းမယ်တဲ့။ ဒါနဲ့ ပူးတေလဲ အေးဒါဆို နင်လိုက်ဝယ်ပေးလိုက်လို့။  ဒါနဲ့ မောင်နှမ နှစ်ယောက် ဂစ်တာသွားဝယ်ကြတယ်။ ပိုက်ဆံကတော့ ပူးတေ အခုထိမလွှဲရသေးပါဘူး။ ငွေဈေးကျနေလို့ မလွှသြေးဘူး။ ခဏစိုက်ထားကြနော်လို့ ပြောထားတယ်။ :)
ပူးတေပိုက်ဆံမပေးရသေးတဲ့ ပူးတေရဲ့ မွေးနေ့လက်ဆောင် ဂစ်တာလေး :)


ဓါတ်ပုံကို သူတို့ Email နဲ့ ပူးတေဆီ ပို့ပေးကြဖို့ပဲ။ ခုထိမပို့ရသေးတာနဲ့ ပူးတေလဲ ဂူဂဲလ်ကနေ ဂစ်တာလှလှလေးရှာပြီးတင်လိုက်တာ။

အိမ်မှာမောင်နှမ သုံးယောက်ရှိတာ ပူးတေတယောက်ထဲ April လမှာ မွေးတယ်။ (ဒါကြောင့် april-poo လို့ နာမယ်ပေးထားတာ) ကျန်တဲ့ နှစ်ယောက် ပူးတေ အစ်ကိုနဲ့ ညီမက ဒီလ( November) ထဲမှာ သူတို့နှစ်ယောက်ကို မွေးတာပေါ့။ လာဦးမယ် နောက်တခါ ညီမလေးမွေးနေ့။ သူ့ကိုတော့မွေးနေ့လက်ဆောင်ပေးဖို့ ဝယ်ထားပြီးပြီ။ ပို့ပေးဖို့ပဲ ကျန်တော့တယ်။

သူများတွေပြောတာက မွေးတဲ့အချိန် မွေးလကလဲ လူတယောက်ရဲ့  စရိုက်နဲ့ ဇာတိကို သိသာစွာပြတတ်တယ်တဲ့။ သူများတွေတော့ တိုက်ဆိုင် မဆိုင်တော့မသိဘူး။ ပူးတေတို့ မောင်နှမ သုံးယောက်ကတော့ အရမ်းကို သိသိသာသာကို တိုက်ဆိုင်လွန်းတယ်။ အိမ်မှာ ပူးတေကို အဒေါ်တယောက်ကဆို အမြဲပြောတယ်။ နင်ကလေ တအိမ်လုံးအကြောင်း တဆွေလုံးတမျိုးလုံးကို နင်ပဲ ပူနေတော့တာပဲ။ တကယ့်အပူသည်ပဲတဲ့။ နင်ကချည်းပူနေ ဟိုနှစ်ယောက်က ဘာတာဝန်မှကို ရှိတော့မှာ မဟုတ်ဘူးတဲ့။

April လက မြန်မာပြည်မှာ အပူဆုံးအချိန်မို့ ရှေးမြန်မာတွေ အခေါ်ကတော့ ရေသဘင်ပွဲလို့ခေါ်တဲ့ သင်္ကြန်ပွဲကို ကျင်းပရတဲ့လပေါ့။ ပူးတေက သင်္ကြန်လမှာမွေးလို့လားတော့မသိပါဘူး။ သင်္ကြန်ဆိုရင် အရမ်းကို ခရေဇီဖြစ်တာ။ ပူလွန်းလို့ သင်္ကြန်ပွဲတောင်ကျင်းပရတဲ့ အပူဆုံးအချိန်မှာမွေးခဲ့လို့လားမသိဘူး။ တော်တော်လေးကို ပူပင်တတ်တယ်။

ပူပင်တတ်တယ်ဆိုတာ လူကြီးတွေကို ဒုက္ခပေးပြီး သူတို့ကို ပူစေတဲ့ အပူမျိုးမဟုတ်ပါဘူး။ ပူးတေက ပူတာ ဘယ်တော့မှ ကိုယ့်အတွက်ကိုယ်မပူဘူး။ ညီအစ်ကို မောင်နှမတွေကို ပူမယ်။ ပြီးရင် အဖေတွေ အမေတွေကို ပူမယ်။ ပြီးရင် အဒေါ်တွေ၊ ဦးလေးတွေကို ပူမယ်။ ပြီးရင် ဝမ်းကွဲ ညီအစ်ကို မောင်နှမတွေကိုပူမယ်။ ရန်ကုန်မှာနေတုန်းက ပူးတေပူတာကို အိမ်ကလူတွေ သိပ်မခံစားရဘူး။ ပူးတေ ဒီလူကို ပူတယ်ဆို ဒီလူ့ဆီကို တိုက်ရိုက်ပူးတေ လိုက်သွားတယ်။ ဥပမာ အဒေါ်တယောက် စီးပွားရေးမှ ပြေလည်ရဲ့ လား။ ကလေးတွေနဲ့ လုံးချာလိုက်နေမလားဆိုပြီး ပူးတေ ဒီအဒေါ်ကို ပူရင် သူတို့နေတဲ့နေရာကို လိုက်သွားတော့တာပဲ။ ပူးတေအဒေါ်တွေက ဝန်ထမ်းတွေများတယ်လေ။ ကျောင်းဆရာမတွေ၊ သူများတွေကို ကျူရှင်တွေလဲ မပြကြတော့ ကျပ်တည်းတယ်လေ။ ပူးတေတို့ အန်းကုန်းရှိတုန်းကတော့ အန်းကုန်းကကြည့်တာကိုး။ အန်းကုန်းမရှိတော့တဲ့ နောက်ပိုင်း အဒေါ်တွေက သူ့သူနေကြတာများတယ်လေ။ မိဘတွေအတွက် အလှူအတန်းလေးလုပ်မှ တအိမ်အိမ်မှာ စုမိကြတော့တာမျိုး။ ရန်ကုန်မှာနေတုန်းက ပူးတေသူတို့ကိုပူရင် ချက်ချင်းထထွက်သွားပြီး လိုအပ်မယ်ထင်တဲ့ ကလေးကျောင်းသုံး စာအုပ်၊ ဘောပင်၊ ခဲတံ ၊ စားစရာ မုန့်၊ကော်ဖီမစ် အားလုံးကို အိမ်က ယူသွားပြီး ဟိုရောက်ရင် သူတို့အိမ်အခြေအနေကိုကြည့်၊ ကလေးတွေကို မုန့်ဖိုးပေး၊ ကျူရှင်တွေလိုလား၊ စာလိုက်နိုင်လားမေး၊ အဒေါ်အိမ်က ဆန်ပုံးကိုဖွင့်ကြည့် လိုအပ်ရင် အဒေါ်နဲ့ သူတို့အိမ်နားကဈေးကိုသွား ဆန်၊ဆီ၊အချိုမှုန့် ၊ အဓိကစားကုန်တွေနဲ့ သူတို့အတွက် ၂ရက်စာလောက် ဟင်းစားလေးဝယ်ပေးခဲ့ပြီး အဲဒီနေ့ညနေစာကို သူတို့အိမ်မှာပဲ ကလေးတွေနဲ့ တပျော်တပါးစားခဲ့ပြီး ပြန်ခါနီး ပူးတေက အဒေါ်နဲ့စကားတွေပြောနေ၊ ကလေးတွေက ကားသွားငှားကြ သူတို့ကားငှားလို့ရလာပြီဆိုရင် အားလုံးနှုတ်ဆက်၊ ကလေးတွေက ကျယ်ကျယ့် နောက်အပတ်လဲလာဦးနော်။ ဘယ်တော့လာမှာလဲဆိုတဲ့ အသံလေးတွေက ကိုယ့်နားထဲမှာစွဲကျန်ရစ်ခဲ့တယ်။ ကိုယ်ကနောက်အပတ်လာနိုင်ရင်လာမယ်လို့ ဂတိပေးခဲ့တယ်။ မလာနိုင် လာနိုင်မသေချာပဲ ကလေးတွေကို ဂတိမပေးခဲ့ချင်ဘူး။ သူတို့လေးတွေ မျှော်နေရမှာစိုးလို့လေ။ ပူးတေကလေးဘဝတုန်းကလဲ ပူးတေတို့ ဝမ်းကွဲအစ်မတွေ အစ်ကိုတွေလာရင်သိပ်ပျော်တာ၊ မုန့်တွေဝယ်လာ၊ အတူတူကစားကြ၊ စကားတွေပြောကြနဲ့ ပြန်ခါနီးရင် ပူးတေလဲ အစ်ကိုတွေ အစ်မတွေကို သိပ်မှာတာ။ ထပ်လာဖို့လေ။ သူတို့က ဘယ်နေ့လာမယ်လို့များပြောထားလို့ကတော့ ပူးတေမှာ အဲဒီနေ့ရောက်အောင် လက်ချိုးရေရတာ၊ ဘယ်နှရက်ပဲလိုတော့တယ်။ ကျောင်းဘယ်နှရက်တက်ပြီးရင် မမကြီးတို့ရောက်လာတော့မှာဆိုပြီး ခုပြန်တွေးကြည့်ရင် အဲဒီအချိန်တုန်းက တော်တော်လေး ပင်ပန်းခဲ့တာ။ ကလေးဆိုတဲ့ အမျိုးကလဲ ဧည့်သည်လာရင် သိပ်ပျော်တာလေ။ ပူးတေငယ်ငယ်ကဆို အိမ်မှာ ဧည့်သည်ပဲမျှော်တာ။ လူကြီးတွေကတော့ ဧည့်သည်လာရင် ချက်ပြုတ်ကျွေးမွေးရ၊ ဧည့်ခံရ၊ ဧည့်သည်ပြန်သွားရင် ပူးတေတို့တွေ ဧည့်သည်နဲ့ရောပြီး ဖွထားတာတွေသိမ်းဆည်းရ၊ ရှင်းလင်းရနဲ့ မောလို့ ပင်ပန်းလို့ တော်ရုံဆို အိမ်ကိုမဖိတ်ချင်ဘူးလေ။ ပြောရင်းနဲ့ မွေးနေ့အကြောင်းကနေ တခြားအကြောင်းတွေ ရောက်ကုန်ပြီ။

အားလုံးပဲ ဒီနေ့ ကိုကြီးမွေးနေ့မှာမွေးတဲ့ မွေးနေ့ရှင်အားလုံးကိုလဲ ပူးတေက ဒီကနေဆုတောင်းပေးလိုက်ပါတယ်။ HaPpY bIrThDaY ပါလို့။ ဆရာ စံဇာဏီဘို လို အတုလိုက်ခိုးတာ။ City FM ကနေပြီးတော့ နေ့တိုင်းမွေးနေ့ဆုတောင်းပေးနေတာလေ။ :o)

အဖြူရောင်နတ်သမီး ကလဲ ၁၉ ရက်နေ့ကျရင် သူ့မွေးနေ့ဖိတ်ထားသေးတယ်လေ။ သူငယ်ချင်း ချစ်ယောက်မရေ (သူ့ကို ယောက်မတော်ဖို့ ပြောထားတယ်လေ :P )သူငယ်ချင်းအတွက် ကဗျာလေး တတ်သလောက်မှတ်သလောက်လေး ဆပ်နိုင်အောင် ကြိုးစားနေတယ်လို့ ဒီကနေ အသိလှမ်းပေးလိုက်ပါတယ် နတ်သမီးလေး ရေ။

သူငယ်ချင်းတို့ကိုလဲ နတ်သမီး မွေးနေ့လေးကို နတ်သမီးကိုယ်စား ထပ်ဆင့်ဖိတ်လိုက်ပါတယ်။ ၁၉ ရက်နေ့ကျရင် သွားဖြစ်အောင်သွားလိုက်ပါနော်။ နတ်သမီးလေးရဲ့ လိပ်စာက အဖြူရောင် နတ်သမီး တဲ့။

ပြီးရင်တော့ ပူးတေရဲ့  ညီမလေး မွေးနေ့ ၂၁ ရက်နေ့ ကျ ထပ်လာခဲ့ဦးနော်။ ကောင်းကောင်းဧည့်ခံပါ့မယ်။

:)

ခင်မင်စွာဖြင့်
ပူးတေ

Sunday, November 8

ချက်စားဖြစ်ခဲ့တာလေးတွေ

ဘလော့စကတည်းက အိမ်မှာ ပူးတေတစ်ယောက် ရောဂါနဲနဲ ထနေတယ်။ တခုခု ချက်စားတိုင်း လှအောင်ချက်ရတာလဲအမော၊ ချက်ပြီးတိုင်းလဲ အခန်းထဲကို ဝင် ကင်မရာလေးကို အိမ်ကလူတွေ မမြင်အောင် မီးဖိုခန်းထဲကိုတိတ်တိတ်ကလေး ယူလာပြီး မီးဖိုချေင်တံခါးကို ချက်(ဂျက်)ချပြီး view အမျိုးမျိုးကနေ အမျိုးမျိုးပြင်ဆင်ပြီးကို ရိုက်တော့တာပဲ။ ချက်စားတယ်ဆိုတာထက် ဓါတ်ပုံရိုက်ပြီး ဘလော့ပေါ်တင်ချင်တာက ခပ်များများရယ်။ ပြီးတော့တင်မယ်တင်မယ်နဲ့ မတင်ဖြစ်တာတွေ ခုမှပဲ စုပေါင်းပြီးတင်လိုက်တော့တယ်။ အိမ်မှာနေတဲ့ သူငယ်ချင်းတယောက်ဆို ပူးတေကိုပြောတာက သူခုတလော ဟင်းချက်ရင် မီးဖိုခန်းကြီးကို ပိတ်ပိတ်ပြီးတော့ ဘာတွေ တယောက်ထဲ ရှုပ်နေမှန်းကို မသိဘူးတဲ့။ ချက်လိုက်ရတာလဲ မမောနိုင်မပန်းနိုင်နဲ့တဲ့။ သူတို့ကတော့ ပူးတေ ဓါတ်ပုံတွေ ရိုက်နေမှန်းလဲ မသိဘူးလေ။ ဘလော့အကြောင်းလဲ မသိတော့ အေးဆေးပဲ မသိချင်ယောင်ဆောင်ပြီးနေလိုက်တာပဲ။ ပြီးရင်တော့ ချက်ထားတွေမကုန်လို့ လူတကာကို ဖုန်းဆက်ပြီးလာစားခိုင်းရတဲ့ ဒုက္ခကလဲ မသေးဘူး။ မစ္စတာပီကဆို ပူးတေကို အော် ဘလော့ရောဂါ။ တယ်လဲ မသေးပါလားနော်တဲ့။ ကိုယ့်ဖက်သာကိုယ် တခြားဟာတွေ တင်ပါ့လားတဲ့။ ဘာလို့ သူများတွေ အစားအသောက်ဆိုတိုင်း လိုက်အစားသောက်နေရတာလဲတဲ့။ ဟင့် ငိုချင်သွားတယ်။ ပူးတေ copy ကူးတာ သူသိသွားပြီ။ ဒါပေမယ့် အားလုံးက ပူးတေ ကိုယ်တိုင်ချက်တာတွေချည်းပါပဲနော်။ အားလုံးအစစ်တွေချည်းပဲ။ ဖျက်၊ ညှပ်၊ ကပ်တွေ မဟုတ်ပါဘူးလို့။ ပူးတေက ငယ်ငယ်ထဲက အချက်အပြုတ် ဝါသနာပါတယ်လေ။ ငယ်ငယ်ကဆို လူကြီးတွေ လစ်ရင် သူတို့တည်ထားတဲ့ ဟင်းအိုးတွေကို မမှီမကန်းနဲ့ ဇွန်းကြီးယူပြီး သွားသွားမွှေလို့ အဆူခံရတာ ခဏခဏပဲ။ ခုတော့ ကိုယ့်စိတ်တိုင်းကျ ကိုယ်တိုင်ချက်ခွင့်ရနေလို့ ကိုယ်တိုင်ချက်ထားတာလေးတွေပါ။ သုံးဆောင်သွားကြပါဦး။ အားမနာနဲ့နော်။






(မုန့်ဟင်းခါး၊ ပဲကြော်၊ အိုးဘဲဥနဲ့ မှားလို့ အိုးကြက်ဥနဲ့) အဝစား ၃ ကျပ်ပဲပေးနော်။
ပြီးရင် အချိုပွဲ စတော်ဘယ်ရီ ကျောက်ကျော
ဒါက မုန့်ဟင်းခါးစားတဲ့လူတွေအတွက် အထူးစပါယ်ရှယ် ဖရီး

(စတော်ဘယ်ရီကျောက်ကျောလေး)



(၃ ဗန်းတောင် ရှိတယ်နော်၊ အဝသာစားသွားနော်)
ဘလော့ကမိတ်ဆွေတွေကိုလဲ တကယ်ခေါ်ကျွေးလို့ရရင် တကယ်ကို ခေါ်ကျွေးချင်တာပါ။ ခုတော့ ဓါတ်ပုံထဲက ဟာလေးတွေပဲ စားသွားကြပါဦး။

Sunday, November 1

မခေါ်ခဲ့လို့ မဖြစ်တဲ့သူလေး

အစကတော့ သူလေးကို ကိုယ့်နားမှာဆောဆောစီးစီး ခေါ်ထားဖို့မရည်ရွယ်ပါဘူး။ သူလဲ သူ့ဘက်သူ လွတ်လွတ်လပ်လပ်နေ၊ ကိုယ်လဲလွတ်လွတ်လပ်လပ်နေပေါ့။ သွားခါနီးမှ သူ့ကိုခေါ်ပြီး တူတူသွားကြတာပေါ့လို့ ရည်ရွယ်ထားတာပါ။ သွားလို့မှ သူ့ကို မခေါ်သွားမိရင် ပူးတေက ဒုက္ခနဲ့ လှလှနဲ့တွေ့မှာလေ။ ကိုယ်နဲ့တူတူ အဆောကြီးခေါ်ထားမိရင် သူ့ကို လိုက်ထိန်းနေရဦးမယ်လေ။ ပူးတေညီမတစ်ယောက်က နင်သူ့ကို ခေါ်ရမှာသေချာရင် သူ့ကိုတခါထဲ ဆောဆောစီးစီး ခေါ်ထားလိုက်တော့။ မဟုတ်ရင် သူကရှိတော့မှာမဟုတ်ဘူး။ မျက်နှာက များပါဘိသနဲ့၊ သူများနောက်ပါသွားဦးမယ်ဆိုတာနဲ့ မနေ့က မစ္စတာပီ ရယ် ပူးတေရယ် စင်္ကာပူရွှေမြို့တော်က မြန်မာရပ်ကွက်ကလေးရှိရာ ပင်နီဆူလာဆီသို့ သူလေးကို ခေါ်ထားဖို့ ချီတက်ခဲ့ကြပါတယ်။ ပြီးတော့ ၂ ထပ်က DBS ဆိုတဲ့ ဆိုင်းဘုတ်လေးရှိတဲ့ အခန်းရှေ့မှာ အချိန်တော်တော်လေး Q ပြီးသကာလ၊ ပူးတေရဲ့  ကဒ်လေးကို အဲဒီအခန်းထဲမှာရှိတဲ့ စက်တွေထဲက တစ်ခုသော စက်ထဲကို ခဏထည့်လိုက်ပြီး အရွက်ကလေးတချို့ကို ယူခဲ့ပါတယ်။ သူလေးကို တင်တောင်းရမှာလေ။ ထိုစက်ကလေးကနေ ထွက်လာတဲ့ အရွက်ကလေးတွေက ပူးတေလက်ထဲမှာ ကြာကြာနေခွင့်မရခဲ့ရှာပါဘူး။ နောက်တခါ သူလေးကို ခေါ်ခွင့်ရဖို့အတွက် ၃ ထပ်က စင်းမြန်မာဆိုင်က အံဆွဲလေးတခုထဲမှာ အဲဒီအရွက်စိမ်စိမ်းလေးတွေနေခဲ့ကြတယ်လေ။ အဲဒီသူလေးက ဒီဓါတ်ပုံထဲက သူလေးပေါ့။


















အရွက်စိမ်းစိမ်းလေး ၁၆ ရွက်လောက်နဲ့ တင်တောင်းခဲ့ရ သူလေး
:)
၂ယောက်စာမို့ပါ။ ၁ယောက်စာဆို ၈ ရွက်လောက်နဲ့ ok တယ်လေ။

ဒါလေးက သူလေးရဲ့ နောက်ကျောဘက်။
သူငယ်ချင်းတို့လဲ သူလေးကို ခေါ်ရမှာဆို ကြိုခေါ်ထားကြပေါ့။ ပူးတေတော့ ခေါ်ထားပြီးပြီ။ ခုတော့ သူလေးကို နားအေးပါးအေး ပူးတေ အံဆွဲထဲ ထည့်ထားလိုက်တော့တယ်။
:)

သူလေးကိုခေါ်ပြီး ပြန်လာတော့ shopping ပတ်မိသေးတယ်။ ဒါလေးတွေ ဝယ်ဖြစ်ခဲ့တယ်လေ။




ပြန်လာတော့ လမ်းမှာ Roadshow တခုတွေ့လို့ ဝင်ကြည့်ခဲ့တာ ဒါလေးတွေ free ရခဲ့တယ်။ :) ဘောပင်လေးမှာ 2010 calendar လေးလဲပါတယ်။ စာရွက်ကလေးကို ဆွဲဆန့်လိုက်ရင် Calendar ကြည့်လို့ရတယ်။



ပြန်လာတော့ အိမ်အောက်ရောက်တော့ ပူးတေတို့ တိုက်အောက်မှာ ယုန်လေးတကောင်ကို အန်ကယ်ကြီး တကောင် အဲ အဲ .. . အန်ကယ်ကြီး တယောက်က မြက်ခင်းထဲ လွှတ်ထားပြီး မြက်တွေကျွေးနေတာတွေ့လို့ ဒီလိုလေးမှတ်တမ်းတင်ခဲ့သေးတယ်လေး။







(ယုန်ကလေးကနားရွက်ထောင်)

ယုန်လေးကချစ်ဖို့တော်တော်လေးကောင်းပါတယ်။ ကြည့်နေရင်းနဲ့ အိမ်မှာမွေးထားချင်စိတ်တောင် ပေါ်မိတယ်။ ဒါပေမယ့် မဖြစ်ပါဘူးလေ။ အိမ်မှာ လူမှ အမြဲမရှိတာ။ အစာငတ်သေကိန်းမြင်မိတယ်။ အီးအီးပါ ရှူရှူပေါက် ကိစ္စကလဲ လူတယောက် အမြဲရှိနိုင်မှ သန့်ရှင်းနိုင်မှာလေ။ သူ့ပုံလေးကို ဘလော့ပေါ်မှာ အမှတ်တရ တင်ထားရင်းနဲ့ပဲ ပိုင်ဆိုင်လိုစိတ်ကို လျှော့လိုက်တော့တယ်။