Friday, September 23

မြစ်ဧရာ အဓွန့်ရှည် ကျန်းမာနိုင်ပါစေ

စာမရေးတာ အတော်လေးကို ကြာသွားပါပြီ။ ရေးဖို့လဲ ဘာအကြောင်းကို ဘယ်လို စရေးရမယ်မသိဖြစ်နေတယ်။ သူငယ်ချင်း သက်တန့်ချိုကတော့ ဘလော့ဂါဆိုတာဘာလဲ ဆိုပြီး တက်ဂ်ပို့စ် ရေးခိုင်းထားပါတယ်။ သူငယ်ချင်းရေ ကိုယ်တိုင်က ဘလော့ရေးနေပေမယ့် တကယ့်ဘလော့ဂါအစစ်မဟုတ်ပဲ အမည်ခံ ဘလော့ဂါသက်သက်လို ဖြစ်နေတဲ့သူဆိုတော့ သူငယ်ချင်းရေးခိုင်းတဲ့ ခေါင်းစဉ်က အတော်လေးခက်တယ်။ ဒါပေမယ့် ရေးပေးပါမယ်လို့။ ဘယ်တော့လဲ ဆိုတာတော့ မပြောတတ်ဘူး။ နောက်နှစ် ဘလော့ဒေးကျမှ ပေါင်းရေးဖြစ်မလားပဲ။  အခုတော့ အမျိုးသားရေးဖြစ်တဲ့ ဧရာဝတီမြစ်ကြီးအရေး မမရွှေစင်ဦးနှိုးဆော်ထားတာတွေ့တော့ ကိုယ်လဲမြန်မာပြည်သားတယောက်အနေနဲ့ မြန်မာပြည်ကြီးရဲ့ အသက်သွေးကြောဖြစ်တဲ့ မြစ်ကြီးဧရာကို ရေရှည်တည်တန့်လိုတဲ့စိတ်နဲ့ ဒီပို့စ်လေး တပုဒ်ရေးချင်မိတယ်။  နဂိုထဲက စာရေးမကောင်းတော့ ဖတ်လို့ကောင်းအောင်လို့ ပူးတေမရေးတတ်ပါဘူး။ ဒီပို့စ်ကို မြန်မာပြည်သားတယောက်အနေနဲ့ အမိမြန်မာပြည်ကို ချစ်တဲ့စိတ် (ပူးတေနိုင်ငံရေးပြောတာမဟုတ်ပါဘူး။ ဘယ်သူမဆို ကိုယ့်မွေးရပ်မြေကိုတော့ ကိုယ်ချစ်ကြတာပဲလေ။) တစ်ခုထဲနဲ့ပဲ ပူးတေကို ဒီပို့စ်လေး ရေးခွင့်ပြုပါလို့ ။

ညတုန်းကမှ ဘလော့တွေလိုက်ဝင်ဖတ်ရင်းနဲ့ မမရွှေစင်ရဲ့ ဘလော့ဂါတွေကို နှိုးဆော်ထားတာလေး ဖတ်လိုက်ရတယ်။ ဒါနဲ့အချိန်မှီလေးရယ် ဧရာဝတီအကြောင်း အန်တီစု အပါဝင် မြန်မာပြည်သားတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ စာပေပညာရှင်တွေ၊ မီဒီယာတွေ၊ အဖွဲ့အစည်းတွေ ပြောနေကြတာတွေ၊ လှုပ်ရှားနေကြတာတွေ ကြားသိမြင်သိနေရသလောက် တခုမှကို စိတ်ချမ်းသာစရာ မကောင်းခဲ့ပါဘူး။ တခါ မအိမ့်ချမ်းမြေ့ ဘလော့မှာလဲ သွားသွားဖတ်မိတယ်။ အစ်မက နဂိုထဲက စာရေးကောင်းတဲ့အပြင် ခံစားချက်နဲ့ထပ်ပေါင်းရေးလိုက်တော့ အစ်မရေးတဲ့ ပို့စ်လေးဖတ်ပြီး မျက်ရည်ပါကျမိတယ်လို့ ပြောရင် ပူးတေပိုတယ်လို့များ ပြောကြမလားပဲ။

ခုမနက် ကိုသတိုးရဲ့ ပို့စ်လေးသွားဖတ်မိတော့လဲ အင်္ဂုလိမာလဇာတ်နဲ့ ပမာပြရေးထားပုံလေးက ရင်ထဲကို နင့်ကနဲ ထိသွားစေတယ်။

ပူးတေအနီးကပ်သိခွင့်ရတဲ့ ဧရာဝတီအကြောင်းပြောရမယ်ဆိုရင် ပူးတေတို့ငယ်ငယ်က ရန်ကုန်ကနေ ဇလွန်မြို့က ပြည်တော်ပြန်ဘုရားကြီးကိုသွားရင် ညောင်တုန်းမြို့ကဇက်ဆိပ်ကနေ ဧရာဝတီမြစ်တဖက်ကမ်းကိုကူးဖို့ ဇက်နဲ့ကူးရတယ်။ အဲမှာဇက်တခါကူးဖို့အရေး ၃၊ ၄ နာရီလောက်စောင့်ရတယ်။ အဲဒီအချိန်တွေတုန်းက ကလေးဆိုတော့ အိပ်ကငိုက်၊ ခြင်ကကိုက်၊ တခါမှလဲ ရေလမ်းခရီးမသွားဖူးတော့ ဇက်စီးရင်း မြစ်ပြင်ကိုကြည့်ရမယ်ဆိုတာသိနေတော့ မြန်မြန်စီးချင်နေတယ်။ အဲဒီအချိန်တုန်းက ဖြတ်ရတဲ့မြစ်ကြီးကို အိမ်က အမေတွေ အဒေါ်တွေ ပြောပြလို့ ဧရာဝတီမြစ်ကြီးဆိုတာသိနေတယ်။ ပူးတေငယ်ငယ်က စာထဲကသင်ရတဲ့အကြောင်းအရာတွေ အပြင်မှာမြင်ရတွေ့ရရင် အရမ်းစိတ်ဝင်စားတာပဲ။ အပြန်ကျရင်လဲ မနက်အဆောကြးထလာကြရလို့ ပင်ပန်းပြီး ကားပေါ်ရောက်ရင် အိပ်ချင်နေပြီ။ ကလေးဆိုတော့ ကားလေးစထွက်တာနဲ့ အိပ်ပျော်တာပဲ။ ဒါပေမယ့် မြစ်ဆိပ်ရောက်လို့ ဇက်ကူးဖို့စောင့်ပြီိဆိုတာနဲ့ တန်းနိုးပြီး ထဆော့တော့တာပဲ။ ဇက်ကူးပြီဆိုရင်လဲ လူကြီးတွေက ကားပေါ်ကဆင်းရင် ကလေးတွေ ကားတွေကြားထဲညှပ်မှာ ပျောက်မှာဆိုးလို့ ကားပေါ်ကနေ မဆင်းခိုင်းဘူး။ ပူးတေတို့က ဇက်ပေါ်ဆင်းချင်တယ်။ မြစ်ရေပြင်ကို ကြည့်ချင်လို့ မရမက ပူဆာခဲ့ကြတာ အခုထိမှတ်မိနေသေးတယ်။

ရွှေစက်တော်သွားရင်လဲ မင်းဘူးမှာထင်တယ်။ မြစ်ကိုဇက်နဲ့ကူးရတာ။ ရွှေစက်တော်ကတော့ ၂ ခါပဲ ရောက်ဖူးတယ်။ ငယ်လည်းငယ်တော့ သိပ်မမှတ်မိဘူး။ ဒီလောက် ပါပဲ။ ပူးတေနဲ့ ဧရာဝတီ တွေ့ဆုံခဲ့ကြပုံပေါ့။ ဒါပေမယ့် ပူးတေ အခုလို ကိုယ့်နိုင်ငံကမြစ်ကြီးက ဒီဆည်ကြီးဆောက်ပြီး နောင်အနှစ် ၃၀ အတွင်းမှာ ဒဏ္ဍာရီလို ဖြစ်ကျန်ရစ်တော့ဆိုတာကို တွေးကြည့်ယုံနဲပတင် ဝမ်းနည်းခံစားရပါတယ်။ ပြောသလောက်ကြီးလဲ မပျက်စီးနိုင်ပါဘူး။ ရောဂါကြီးနေကြတာသက်သက်ပါ။ သေလောက်တဲ့ထိ ဖြစ်မသွားနိုင်ဘူးလို့ဆိုရင်တောင်မှ အနည်းနဲ့ အများ ပျက်ဆီးထိခိုက်နိုင်မယ်ဆိုတာ အိမ်နီးချင်းနိုင်ငံက ဆည်ကြီးတွေဆောက်လုပ်ခဲ့ပြီးနောက်ပိုင်း ပျက်စီးခဲ့ကြတဲ့ သူတို့နိုင်ငံက မြစ်ကြီးတွေရဲ့ သာဓကဆိုးတွေကိုကြည့်ပြီး တော်ရုံလူတောင်မှ သိနိုင်ပါတယ်။  

ပူးတေလို မြစ်ကြီးနဲ့ တိုက်ရိုက်ပက်သက်မှု မရှိတဲ့လူတောင် ခံစားရတယ်ဆိုရင် မြစ်ကြီးနဲ့ အနီးကပ် တသားတည်း ဒိုးဒူဘောင်ဘက် စီးပွားရှာ၊မြစ်ကြီးကို မှီခိုကြီးပြင်းလာကြရတဲ့ အနယ်နယ် အရပ်ရပ်က တိုင်းရင်းသား ပြည်သူတွေ ဘယ်လောက်ခံစားရမယ်ဆိုတာ မှန်းဆကြည့်လို့ရပါတယ်။

ခုတလော ဒီသီချင်းလေးကိုပဲ နှုတ်မှာ တိုတိုးလေးဆိုနေမိတယ်... အမျိုးသား အားကစားပွဲတော်လား ကျောင်းသားအားကစားပွဲတော်လား မမှတ်မိတော့ဘူး ကျင်းပတုန်းက အကော်ဒီယံ ဦးအုန်းကျော် ရေးစပ်ခဲ့တာလို့ထင်တယ်...

တောင်ပေါ်မြေပြန့်မှ မောင်နှမညီအစ်ကိုများ
ပေါင်းစည်းထားခြင်းကို ပြည်ထောင်စုဟုခေါ်ပါသည်။
မြန်မာပြည်ရဲ့ အလှ ရိုးမနဲ့ ဧရာဝတီ၊
သံလွင်၊ ချင်းတွင်း စစ်တောင်း ၊ ရွှေလီ
တည်ရှိနေသမျှ စည်းဆင်းနေသမျှ
တနယ်စီသားချင်းတွေ ချစ်ကြသည်။ သွေးချင်းတွေ ချစ်ကြသည်။ နောင်နှစ်မှာ တွေ့ကြမည်။ သွေးချင်းတို့ရေ နှုတ်ဆက်သည်....

တိုင်းရင်းသားပြည်သူတွေ ဆိုတာရှိလို့လဲ ပြည်ထောင်စုဆိုတာကြီး ဖြစ်တည်နေလာပါ။ ပြည်ထောင်စုကြီးမှာရှိတဲ့ သယံဇာတ အရင်းအမြစ်အားလုံးက ပြည်ထောင်စုသားအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ပြည်ထောင်စုသားအားလုံး ပိုင်ဆိုင်ပါတယ်။

ဒီစီမံကန်းကို အကောင်အထည်ဖော်နေကြတဲ့ ဝန်ကြီးနဲ့အဖွဲ့ဟာ ပြည်ထောင်စုသားအားလုံးပိုင်ဆိုင်တဲ့ အရင်းအမြစ်ကို အခြေခံပြီး တည်ဆောက်မှာမို့ ပြည်ထောင်စုသားတွေအကျိုးအတွက် အဓိကကြည့်ပေးရမှာပါ။ ပြည်သူတွေအများစုမှာ အကျိုးအမြတ်မရှိရင် တိုင်းပြည်မှာလဲ အကျိုးမရှိနိုင်ဘူးလို့ ထင်ပါတယ်။ ဒီလိုတွေပြောတာ ပူးတေနိုင်ငံရေးတွေ နားလည်လို့ပြောနေတာလဲ မဟုတ်ပါဘူး။ မိသားစုတခုအနေနဲ့ ပြောရမယ်ဆိုရင် မိသားစုညီအစ်ကိုမောင်နှတွေအားလုံးပိုင်တဲ့ ဘိုးဘွားပိုင်ပစ္စည်းတစ်ခုကို မိသားစုဝင်အချို့၊ ညီအစ်မောင်နှမ တချို့ သဘောတူရုံနဲ့  ပြုပြင်ခွင့်၊ ရောင်းချခွင့်၊ ခွဲဝေပိုင်ခွင့် မရှိကြဘူး။ တဦးတယောက်က ကန့်ကွက်ခဲ့ရင်တောင်မှ ဒီလူ နားလည်သဘောပေါက်လာပြီး သဘောတူညီလက်ခံလာတဲ့အထိ စောင့်ရတာ လူမှုဥပဒေဘောင်မှာကိုက ပြဌာန်းသဘောတူထားပါတယ်။

ဒါကြောင့်မို့ ပူးတေအနေနဲ့ ပြည်ထောင်စုကြီး ပြိုကွဲမှာ မလိုလားပါဘူး။ ပြည်ထောင်စုကြီး မပြိုကွဲစေချင်ဘူး။ ဒါကြောင့် ပြည်ထောင်စုသားတိုင်း ချစ်ကြတဲ့ ပြည်ထောင်စုကြီးအတွက် ပြည်သူကပိုင်သော မိခင်ဧရာဝတီမြစ်ကြီးကို မဖြစ်မနေ တခုခု လုပ်ရမယ်ဆိုရင်တောင်မှ ပြည်သူအားလုံး သဘောတူကြည်ဖြူဖို့ လိုအပ်တယ်လို့ ထင်မြင်ယူဆမိကြောင်းနဲ့ ဖြစ်နိုင်ရင်တော့ မိခင်ဧရာဝတီကို သဘာဝအတိုင်းသာ ပြုစုစောင့်ရင်းနဲ့ သက်တမ်းရှိသလောက် စီးဆင်းစေချင်မိကြောင်း .....

(ပူးတေမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဆည်တည်ဆောက်ရေး အစရှိတဲ့ နည်းပညာပိုင်းရော၊ ဗဟုသုတပိုင်းရော၊ နိုင်ငံရေးဆိုင်ရာ နည်းဗျူဟာ၊ ဗဟုသုတများလုံးဝမရှိပါသဖြင့် ပူးတေအထက်မှာရေးခဲ့တာတွေက အမှားပါခဲ့ရင် ခွင့်လွှတ်ပါလို့။ ဘိုးဘွားအမွေနှစ်ပစ္စည်းတခုကို ဆုံးရှုံးခါနီးတွင်ခံစားရတဲ့ ခံစားချက်မျိုးဖြင့်သာ ခံစားရေးသားခဲ့ပါကြောင်း ဝန်ခံပါရစေ...)

အမိမြန်မာပြည် တည်ရှိနေသမျှ ဧရာဝတီလည်း ကျန်းမာချမ်းသာစွာဖြင့် အဓွန့်ရှည် စီးဆင်းနိုင်ပါစေလို့

စာဖတ်သူ အားလုံးကို လေးစားခင်မင်စွာဖြင့်
ပူးတေ

P.S>>> အချိန်မရတော့လို့ မမအိမ့်တို့ ကိုသတိုးတို့ရဲ့ ပို့စ်တွေ မလင့်ခ်ပေးလိုက်ရဘူး။ (လင့်ခ်ဖို့က အခွင့်တောင်းတာနဲ့ ဘာနဲ့ကြာသွားမှာဆိုးလို့) မနက်ဖြန်လောက်ဖြစ်ဖြစ် ခွင့်တောင်းပြီး လင့်ခ်နိုင်အောင် ကြိုးစားပါ့မယ်။ မဖတ်ရသေးတဲ့ လူတွေ ဖတ်လို့ရအောင်ရယ်၊ ကိုယ်ပြန်ဖတ်ချင်ရင် အလွယ်တကူသွားလို့ရအောင်ရယ် လင့်ထားမယ်စိတ်ကူးတယ်။ :)

11 comments:

ညိမ်းနိုင် said...

ဟော...ပူးတေတောင် စာပြန်ရေးပြီ...ဝမ်းသာပါတယ်ဗျား
ဧရာဝတီအတွက် ကျွန်တော်တို့လို သာမန်ပြည်သူတွေရဲ့
ခံစားရတဲ့စိတ်တွေက ထပ်တူပါပဲဗျာ....၊မြစ်ဆုံစီမံကိန်း
ကို အားလုံးညီညွတ်စွာကန့်ကွက်ကြပါစို့ဗျား

ချော(အစိမ်းရောင်လွင်ပြင်) said...

ပူးတေစာပြန်ရေးတာဝမ်းသာမိတယ်
အကော်ဒီယံဦးအုန်းကျော်ရေးတာဟုတ်ပါတယ်။
သီချင်းလေးက အဓိပ္ပါယ်လဲကောင်း သံစဉ်လေးကလည်း သိပ်ကောင်းတာမို့ ဟိုးတုန်းက သိပ်ကြိုက်ခဲ့တဲ့ သီချင်းလေးပါ။
သီချင်းထဲကအတိုင်း တိုင်းရင်းသားတွေကို အလေးထားပြီး ပြည်သူအကျိုးကိုကြည့်မယ်ဆိုရင် ဧရာတီမြစ်ကြီးကို ရောင်းစားကြမှာ မဟုတ်ပါဘူး
အဲဒီလိုမကြည့်တဲ့သူတွေမို့ ဧရာဝတီကို ရောင်းစားရက်ကြတယ်

seesein said...

ဧရာအရေးနဲ့ ဘလော့လေးပြန်လည် ရှင်သန်နိုးထလာသလို
ဧရာလဲ ထာဝရ စီးဆင်းနိုင်ပါစေ

ခင်မင်တဲ့
seesein

SHWE ZIN U said...

ညီမ ပူးတေ နဲ့ အတူ ကန့်ကွက်ကြမယ်

ကျေးဇူးညီမ
ရွှေစင်ဦး

ကိုအောင်(ပျူနိုင်ငံ) said...

မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...

PhyoPhyo said...

မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်။
ဧရာဝတီ အမြဲ ရှင်သန်ပါစေ။

blackroze said...

ပူးတေရေ
ဧရာဝတီပိုစ့်လေးနဲ့တူတူပြန်ပေါ်လာလို့
ဝမ်းသာပါတယ်..
ပူးတေပျောက်နေတာတော်တော်ကြာပြီ..

ပူးတေနဲ့ထပ်တူတပ်မျှ ကန့်ကွက်ပါတယ်..
ဒီစီမံကိန်းကြီးကိုလုံးဝလက်မခံနိုင်ပါဘူး..

ကိုကိုမောင်(ပန်းရနံ့) said...

ပူးတေ ပြန်ပေါ်လာပြီဘဲ။ ဧရာဝတီကို ချစ်တဲ့ စိတ်နဲ့ ပြန်ပေါ်လာတာ ကောင်းတယ်။

ခင်မင်လျှက်

အဖြူရောင်နတ်သမီး said...

ဟုတ်ပ..
ဧရာဝတီကို ချစ်တဲ့စိတ်.. ဘယ်လောက်ပျင်းလိုက်ကြသလဲ.. ပူးတေလေးတောင် ပြန်ပေါ်လာတယ်..။
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်။

mstint said...

နိုင်ငံသားများအားလုံး ချစ်ခင်မြတ်နိုး တွယ်တာတဲ့ 'မြစ်ဧရာ' ထာဝရအေးချမ်းစွာဖြင့်စီးဆင်းနိုင်ပါစေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မြသွေးနီ said...

ဧရာဝတီကို လွတ်လပ်ခွင့်ပေးပါ...။
ဒီမြေမှာနေ ဒီရေကိုသောက်ပြီး
ဧရာဝတီကို ကျေးစွပ်နေကြတာ ရင်နာတယ်..။
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါတယ်..။