Friday, December 31

နှစ်သစ်မတိုင်ခင် တဂ်ကြွေးဆပ်ခြင်း

၂၀၁၀ ကအကြွေးလေးတွေ နှစ်သစ်ကို မပါစေချင်လို့ ၂၀၁၀ မှာ အပြီး အကြွေးဆပ်လိုက်ပါတယ်… နောက်ကျတဲ့အတွက် ခွင့်လွှတ်ကြပါ စီနီယာ မမများရှင့် ရေးထားတာက အတော်ကြာနေပါပြီ… ခုမှ နဲနဲပါးပါး မွမ်းမံဖြည့်စွက်ပြီး တင်လိုက်ရပါတယ်.. ရေးခွင့်ရအောင် ဒီပို့စ်လေးကို အစပျိုးသော မမသက်ဝေအားလည်းကောင်း၊ ပူးတေလေးကို သတိတရ တက်ဂ်သော မမလသာညနဲ့ မမရွှေစင်ဦးအားလည်းကောင်း၊ ရေးပါလို့ သတိတရ ပြောလာသော သူငယ်ချင်း မြူး အားလည်းကောင်း ပူးတေတို့ စီးတီး ဖက်အမ်မှ အဲလေ ပူးတေလေးမှ အထူးပဲ ကျေးဇူးတင်ကြောင်း ပြောပါရစေရှင်.. တဂ်တဲ့လူတွေတောင် မေ့နေလောက်ပြီ....:) ခုမှ အိပ်မက်ကနေ တရေးနိုးလာတာ။း)

အသွင်တူလား မတူလားတဲ့ မေးနေကြလို့  (၁၅ ရက် ဇူလိုင်လထဲက ရေးထားတာ)

မမသက်ဝေစရေးတဲ့ စာစဖတ်ကတည်းက ပူးတေတို့ရော ဘာတွေတူလဲ မတူလဲ ဆိုပြီး စဉ်းစားနေတာ…. နောက် မမသက်ဝေက တက်ပို့စ်လုပ်လိုက်တော့ တော်တော်လေး ပျော်သွားတယ်။ ကိုယ့်ထက် စီနီယာ အစ်ကိုတွေ အစ်မတွေရဲ့ ကြင်ဖော်ကြင်ဖက်တွေ ဘာတွေတူပြီး ဘာတွေမတူကြတာလဲ ဆိုတာဖတ်ခွင့် သိခွင့်ရတော့မယ်… နောက်ပြီး မတူတာတွေကို ဘယ်လို ဘယ်ပုံ တစ်ဦးနဲ့ တစ်ဦး နားလည်သည်းခံကြလဲဆိုတာလေးတွေ သင်တန်းသွားစရာမလိုပဲ သင်ခန်းစာတွေ အများကြီးရတော့မယ်ဆိုပြီး ပျော်နေတာ… အိမ်က မစ္စတာပီကြီးကိုလဲ ပြောပြရတာအမော….ယောက်ျားရေ ဒီနေ့ ဒီအစ်မတစ်ယောက်က ရေးတာ အချစ်တို့နဲ့ တော်တော်လေး တူတယ်သိလား… သူ့ဟာဖတ်ပြီးတော့ တူလိုက်တာဆိုပြီး ရီလိုက်ရတာဆိုပြီး ညနေရုံးက ပြန်ရောက်ရင် ပြောပြရတာအမောပဲ…ပြီးရင်ပြောသေးတာ… ယောက်ျားရေ အချစ်ကို လာရေးခိုင်းရင်တော့ အချစ်က ဘယ်လိုရေးလိုက်မယ်နော်..ဘာညာနဲ့ ရေးချင်ရက် လက်တို့ ဖြစ်နေတာ… ခုတော့ မမရွှေစင်ဦးရယ် မမလသာညရယ်က သိချင်တယ်ဆိုတာနဲ့ အတော်ပဲ… နောက် သူငယ်ချင်းမြူးကပြောတော့ မမသက်ဝေလဲ ရေးခိုင်းပါတယ်တဲ့ လိုက်ရှာတာတော့ ရှာလို့မတွေ့ဘူး…ဘာပဲပြောပြော ရေးချင်လွန်းလို့ရော မြှောက်ပေးတဲ့သူတွေ အဲလေ ရေးခိုင်းတဲ့သူတွေ ရှိနေလို့ရော ရေးပြီပဲ….

စီနီယာ တော်တော်များများက ရေးထားပြီးသားတွေပါပဲ…..ပူးတေတို့မှာတူတာတွေ ရှားပါတယ်… မတူတာတွေက များနေတာ…. ပူးတေထင်တာကတော့ အသွင်တူမှ အိမ်သူဖြစ်တယ်ဆိုတာထက် တူတာ မတူတာလေးတွေကို ညှိနှိုင်းပြီး တစ်ဦးနဲ့ တစ်ဦးနားလည်ပေးကြမယ်ဆိုရင်ဖြင့် သာယာခိုင်မြဲတဲ့ အိမ်ထောင်ရေးဆိုတာ ဖြစ်လာမယ်လို့ထင်တယ်လေ… ဒီအမေ အဖေ တစ်မသားစုထဲက ပေါက်ဖွားလာတဲ့ ညီအစ်ကို မောင်နှမတွေ (တချို့ အမွှာတွေတောင်မှ ရုပ်သာတူပြီး အမူအကျင့်မတူတာတွေ၊ စိတ်ဓါတ်ချင်း မတူကြတာတွေ ရှိကြသေးတာပဲ) တောင်မှ တယောက်နဲ့ တယောက် တူကြတာ မဟုတ်ဘူးဆိုတော့ တစိမ်းနှစ်ယောက်က ပေါင်းစည်းလိုက်တော့မှ လင်ရယ် မယားရယ်လို့ ဖြစ်လာကြတာ အားလုံးတူဖို့တော့ မလွယ်လှပါဘူးနော်… ရှေးအတိတ်ဘဝတွေထဲက ကုသိုလ်ကောင်းတွေ အတူတကွ ဖြည့်ကျင့်ခဲ့ကြလို့ ယခုဘဝမှာ အရာအားလုံး ထပ်တူညီတူတဲ့ ဇနီးမောင်နှံတွေ ဖြစ်ခွင့်ရမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲနော်… ဒါပေမယ့် မတူလာတာတွေရှိခဲ့မယ်ဆိုရင်လဲ ရှေ့ဆက်ရမယ့် ဘဝလမ်းခရီးအတွက် စိတ်ဓါတ်မကျသွားပဲ လိုတိုး ပိုလျော့လေးနဲ့ နားလည် ညှိနှိုင်းနိုင်အောင်လို့လဲ ကြိုးစားကြရမယ်လို့ထင်တယ်….တဘဝလုံးအတွက် ဘဝအဖော်မွန်ဆိုပြီး ရွေးချယ်ခဲ့ပြီးပြီလေ….ဒီလိုတွေပြောနေလို့ ပူးတေက အရမ်းရင့်ကျက်ပြီး သည်းခံ နားလည်နိုင်စွမ်းတွေ ပြည့်နေတယ်လို့တော့ မထင်လိုက်ပါနဲ့…. ပူးတေတို့လဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်၊ စိတ်ကောင်လိုက် ပြန်ချော့လိုက်၊ ဖျက်ဆီးလိုက် အသစ်လေးတွေ ပြန်ဝယ်လိုက်ပါပဲ။ ဒါပေမယ့် ခုဆို အတော်လေး တိုးတက်လာပါပြီ….. ပစ္စည်းလေးတွေတောင် မပျက်စီးတာ အတော်လေးကြာနေပြီလေ…. ဟိုတခါ မော်န်ီတာ အသစ်တလုံးလဲပြီးကတည်းကပါပဲ….. :D

သူနဲ့ ပူးတေက ဘယ်လိုမှမတူပါဘူး။ ပူးတေကျောင်း ၅ နှစ်တက်လာတာ ၃ နှစ်ခွဲလောက်ကကျောင်းမှာ ဖဲရိုက်တာ။ ပထမ ၆ လလောက်ပဲ အေးအေးဆေးဆေးလေး။ ဒုတိယ နှစ်မှာ စပြီး ဂဏန်းတွက်စက်က Random ကို ပိုက်ဆံကြေး အဲဒီအချိန်တုန်းက တပွဲ ၅ ကျပ်ကြေးနှိပ်တာ၊ ဒုတိယနှစ်တနှစ်လုံး၊ တတိယနှစ်ကနေ နောက်ဆုံးနှစ်ထိက ဖဲရိုက်တာ၊ သူက ဖဲဆို ဘယ်လို ရိုက်မှန်းကို သိတောင်မှ မသိဘူး။ ခု ပူးတေနဲ့ လက်ထပ်ပြီးမှ သူ့သူငယ်ချင်းတွေနဲ့ သွားဆော့တာ သူ့ကို ပူးတေက သင်ပေးရတယ်… သူကဖဲကို ကောင်းကောင်းသာမရိုက်တတ်တာ သင်ပေးရင်ကျတော့ သူ့မှာ အိုင်ဒီယာရှိတယ်တဲ့ သူ့ဖာသာသူ ရိုက်ချင်တာ။ ဖဲသာမရိုက်တတ်တာ သူပူးတေဆီက သင်ချင်တာက ရှိုးရိုက်နည်းတဲ့….ပြီးတော့ ရှုံးရော။ ပြီးရင် မိန်းမ ပိုက်ဆံပေးဦး ပိုက်ဆံပေးဦးနဲ့…. ပူးတေက ပိုက်ဆံအိတ်ကို ဖွက်ထားတာလေ….အဲခါကျရင် တူတူခေါ်ရိုက်တယ်…ဖဲရိုက်တာကို သူကဘာမှမပြောပါဘူး… သူကအမြဲပြောသေးတာ မိန်းမက ဖဲကစားပြီး သူများတွေရဲ့ ဝှက်ဖဲကဘာလဲ ဆိုတာကို ခန့်မှန်းတဲ့အကျင့်ကပါနေပြီတဲ့ … ပူးတေက သူများတွေ ဘာစကားစပြောလိုက်ရင် ဘာတွေလုပ်တော့မလဲဆိုတာတွေကို များသောအားဖြင့် ကြိုမှန်းလေ့ရှိတယ်လေ။ ပြီးရင် ပူးတေက သူ့ကို ပူးတေမှန်းထားတာလေးတွေ ပြောပြလေ့ရှိတယ်။ များသောအားဖြင့် ပူးတေ ထင်ထား မှန်းထားတာလေးတွေက မှန်နေတတ်တယ်။ ဒါကို သူကချီးကျူးခန်းဖွင့်သေးတာ။ သူကတော့ တဖက်လူရဲ့ ဝှက်ဖဲကဘာလဲ စိတ်မဝင်စားသလို သူ့မှာလဲ ဝှက်ဖဲအနေနဲ့ ထားရကောင်းမှန်း မသိဘူး… သူ့ဝှက်ဖဲဆိုတာကိုလဲ လူတကာကို ဒါကျွန်တော့ဝှက်ဖဲလေလို့ လိုက်ပြနေမယ့်လူမျိုးလေ…(စကားချပ်-- လူတိုင်းမှာ ဝှက်ဖဲရှိနိုင်ပါတယ်.. ဝှက်ဖဲဆိုတာ လူတယောက်ရဲ့ အားနည်းချက်လဲဖြစ်နိုင်သလို အားသာချက်လဲဖြစ်နိုင်ပါတယ်…ကစားဝိုင်းမှာတော့ ဒီဝှက်ဖဲတချပ်ကြောင့်ပဲ အနိုင်အရှုံးအဖြေက ပြောင်းလဲသွားရတာလေ…ကျန်တဲ့ အချပ်တွေအကုန်လုံးက အားလုံးမြင်နေကြရတာပါပဲ…လင်မယားတွေကြားထဲမှာတော့ ဝှက်ဖဲမရှိရင် ပိုကောင်းမယ်ထင်တယ်..ဒါက ပူးတေရဲ့ အမြင်သက်သက်မျှသာဖြစ်ပါတယ်…)

သူက အချိုတွေ အအီအစိမ့်တွေကြိုက်သလောက် ပူးတေက ချဉ်ငံစပ်၊ မြန်မာပြည်ပြန်တုန်းက အဒေါ်တွေရှိတဲ့ နေပြည်တော်ကို အဒေါ်တွေက အလည်လာဖို့ ခေါ်လို့ ပူးတေနဲ့ သူနဲ့ သွားလည်ကြတာ….လမ်းမှာတွေ့သမျှ မလိုင်လုံး၊ မလိုင်ခဲတွေကို ဝယ်တာအထုတ်ပေါင်းမနည်းဘူး…. စင်္ကာပူအထိတောင်ပါလာသေးတယ်…ပူးတေက အဒေါ်တွေ ရေပန်းဥယျာဉ်လိုက်ပို့တာတောင် မရမ်းသီးအစိမ်းတွေကို သကြားနဲ့ ဆားနဲ့ စိမ်ထားတဲ့ အိုဗာတင်းပုလင်းတစ်လုံးနဲ့ air-tight ကော်ဗူးတစ်ဗူးထဲမှာ ပုဇွန်ခြောက်မှုန့်ငရုတ်သီးမှုန့်နဲ့ ပျစ်ပျစ်လေးဖျော်ထားတဲ့ ကင်းမွန်ငံပြာရည်တစ်ဗူးကို ကလေးတွေကျောင်းသွားတဲ့ ကော်ခြင်းလေးထဲထည့်ပြီး သွားလေရာ၊ ရောက်လေရာ ငံပြာရည်ဗူးကြီး ဖွင့်ဖွင့်စားတာ ငံပြာရည်နံ့ရလို့တဲ့ ဘယ်သူမှအနားမကပ်ကြဘူး… အဒေါ်သမီးလေး ညီမဝမ်းကွဲလေးနဲ့ ပူးတေနဲ့ နှစ်ယောက်ထဲရယ်…ပါးစပ်ကလက်ခံနိုင်ပေမယ့် ဗိုက်ကလက်မခံနိုင်တော့ နောက်ဆုံး အိမ်သာလိုက်ရှာရတာ…. ရွှေပြည်ကြီးမှာ လမ်းညွှန်မြေပုံကကောင်းတယ်ဆိုတော့ နေပြည်တော်ရေပန်းဥယျာဉ်ကြီးတခွင် အိမ်သာရှာဖွေရေး လုပ်ကြတာ ကံကောင်းတယ် လက်မတင်လေး တစ်ခုတည်းသော အိမ်သာရှားရှားပါးပါးရှာတွေ့ခဲ့တယ်… ဒါပေမယ့် မနဲတောင်းပန်ပြီး ဝင်လိုက်ရတယ်…နေပြည်တော်သူ မမတွေ ရေကစားပြီး အဝတ်လဲရတာလဲ အိမ်သာခန်းထဲမှာပဲဆိုတော့ အဝတ်လဲတဲ့လူတွေကို မနဲတောင်းပန်ပြီး ဒုက္ခကို ဖြေရှင်းခဲ့ရတယ်… အဲဒီတော့သူက တွေ့ပြီလား မလိုင်လုံးစားရင် အိမ်သာရှာစရာမလိုဘူးတဲ့…..မရမ်းသီးစားလို့ ခုလို အရှက်တကွဲဖြစ်တာတဲ့…

သူက လူပျိုထဲက ညစာစားလေ့မရှိဘူး… ညစာကို အသီးအနှံလောက်ပဲစားပြီး နံနက်စာနဲ့ နေ့လည်စာကို သေသေချာချာစားတာ။ ပူးတေက ရန်ကုန်မှာထဲက အိပ်ယာထနောက်ကျတတ်လို့ နံနက်စာနဲ့ နေ့လည်စာကိုလွတ်နေကျ၊ မွန်းလွဲစာလို့ခေါ်ရမလားမသိဘူး… နေ့လည် ၃ နာရီ ၄နာရီလောက်မှ တခါတဝတပြဲစား ည ၈ နာရီလောက်စားပြီး အိပ်ခါနီး ည ၁ နာရီလောက်မှ တဝတပြဲထပ်စားတာ…အိပ်တာက ည ၁ ချက်ကျော် ၂ ချက်လောက်မှ အိပ်တာကိုး… ခုတော့ သူအလေ့အကျင့်လုပ်ပေးထားလို့ ပူးတေ breakfast မစားရရင် မနေနိုင်သလို ပူးတေစားရင် အဖော်မရှိမှာဆိုးလို့ လိုက်စားရင်းနဲ့ သူလဲ ညလည်စာတွေ သန်းခေါင်သန်းလွဲတွေ စားတတ်လာတယ်။ ဒီလိုဆိုလို့ လူကို ဝက်ပုတ်တွေ ဖြစ်နေကြပြီလို့ မထင်ကြပါနဲ့နော်…. သူကတော့ ဝက်ပုတ်မဟုတ်ပေမယ့် ဝက်ပေါက်တော့ စဖြစ်နေပြီ…. : D

သူကစကားလုံးဝမပြောဘူး…. မေးတခွန်း ဖြေတခွန်းပဲ…ပူးတေက သောကြာပူးလေ.. သိတယ်မှတ်လား… သူက စာနဲ့ပက်သက်တယ်.. သူသိထားတဲ့ နည်းပညာအကြောင်းနဲ့ ပက်သက်လာရင်တော့ သေသေချာချာကို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြတော့တာပဲ…ပူးတေကတော့ အချိန်ပြည့်ပြောဖို့ပဲချောင်းနေသူ… ပြောစရာမရှိရင် ရန်ကုန်ကို ဖုန်းလှမ်းဆက်ပြီးတော့ကို ဒီကအကြောင်းတွေပြောတာ… နောက်ကျတော့ အိမ်ကတော်တော့ ပိုက်ဆံတွေကုန်မယ်ဆိုပြီး တားထားလို့ အခုတော့ ယောက္ခမဆီလှမ်းဆက်ပြီး ယောက္ခမနဲ့ ပြောတာ… ယောက္ခမကလဲ ပူးတေပြောတာတွေ နားထောင်ရတာသဘောကျတယ်.. သူ့သားကြီးဆို ဘာမှမပြောလို့ ဘာမှမသိရဘူးတဲ့လေ… ပြောစရာမရှိရင် ယောက္ခမကို မေမေဟိုဟင်းကို ဘယ်လိုချက်ရမလဲဟင်..တိုဟူးကို ဘယ်လိုကျိုရမလဲနဲ့ ဟင်းချက်နည်းတွေ လှမ်းမေးတာ… ပြီးရင် ယောက်ျားနော် ရှင့်အမေ တယောက်ထဲ lonely ဖြစ်နေမှာဆိုးလို့ အချစ်ကဒီကနေ အဖော်လုပ်ပေးနေတာနော်…ပြီးမှ ဖုန်းဘေလ်လာမှ အချစ်ကို လာမဆူနဲ့လို့ ပြောရသေးတာ….ဆူတာတော့ မဟုတ်ပါဘူး… မိန်းမက စင်္ကာပူမှာနေတာ star hub ကို လာလုပ်ကျွေးနေတာပေါ့လေ ဟုတ်လားတဲ့….ဒီလနဲ့ ပြီးခဲ့တဲ့ လက ပူးတေဖုန်းဘေလ် အကြွေး ၂ ခုပေါင်း ၂၂၄ ဒေါ်လာတဲ့… ၃၁ ရက်နေ့နောက်ဆုံးတဲ့ မဆောင်ရင် လိုင်းဖြတ်မယ်တဲ့ မနေ့ကပဲ စတားဟပ်က လှမ်းပြောတယ်လေ…

အိပ်ယာဝင်ရင်လဲ ပူးတေက ငယ်ငယ်ထဲက နဖူးပေါ်လက်တင်ပြီး ပက်လက်အိပ်တတ်တယ်။ သူက ဘေးတစောင်းအိပ်တတ်တယ်..ခုကျတော့ ပူးတေက ဘေးတစောင်း သူက နဖူးပေါ်လက်တင်ပြီးအိပ်နေပြီ… အဲလိုပဲ အကျင့်တွေက ကူးတတ်လားမသိဘူး။

ပူးတေက အိပ်လိုက်ရင် ဆင်အော်တာတောင်မနိုးဘူး….သူကအအိပ်အရမ်းဆတ်တယ်…ပူးတေတရေးနိုးလို့ တိတ်တိတ်ကလေးထသွားရင် သူကဆတ်ကနဲထပြီးတော့ မိန်းမဘယ်သွားမလို့လဲ…ထမင်းသွားစားမလို့လား နဲ့ ထမေးတာ… ပူးတေတောင်လန့်လန့်သွားတယ်…အဲလိုမျိုးကျရင် စိတ်ဖြောင့်ဖြောင့်နဲ့ အိပ်ပါဟယ်…လင်နောက်မလိုက်ပါဘူးလို့ အဲလိုပြောတတ်သေးတယ်…တခါတလေ နှစ်ယောက်သားရန်ဖြစ်ရင် သူကစကားနဲရန်ဆဲနဲ့ ပူးတေပြောသမျှမကြားချင်ယောင်ဆောင်ပြီး အိပ်ချင်ယောင်ဆောင်တာ…ပူးတေကလဲ သူအိပ်ပျော်ချင်ယောင်ဆောင်ပြီး တကယ်အိပ်ပျော်သွားမှာဆိုးလို့ သူ့ဘေးကနေ အိပ်ယာပေါ်မှာ မွေ့ယာကို ဖနောက်နဲ့ စောင့်စောင့်ချပြီး တဒုန်းဒုန်းနဲ့ ပေါက်တာ တညလုံး….အဲလိုလေး စိတ်ကောင်းရှိတာနော်…:D

သူကြိုက်တာက မြန်မာတေးဆိုရင် ဒေါ်ရီရီသန့် ဒေါ်တင်တင်မြတို့ ဒေါ်မာမာအေးတို့ရဲ့ ခေတ်ဟောင်းတေးတွေပဲ နားထောင်တာ…ပူးတေကြိုက်တာက မျိုးကြီးတို့ လေးဖြူတို့ ဝိုင်ဝိုင်းတို့ …အင်္ဂလိပ်သီချင်းတွေတော့ သူရော ပူးတေရော အတူတူ နားထောင်လို့ရတယ်… သူ youtube ကနေ နားထောင်လေ့ရှိတဲ့ မြန်မာသီချင်းတွေက အေဝမ်းက “ စိပ်ပုတီးကို စိပ်ကြအပေါင်းတို့ အေဝမ်းက နိုးဆော်ပါလို့ရယ် “ နောက် “ ရန်သူမျိုး ငါးပါးထဲမှာ တကယ်ကိုဆိုးဝါးလှတာ…မညှာတာ ဘယ်သူမှမထောက်တာ..သူခိုး ဓမြထက်ဆိုးတဲ့ရန်သူပါ ” ဆိုတဲ့ အဆိုတော် ဦးထွန်းရွှေရဲ့ မီးဘေးရှောင်မလောင်ခင်တားတို့…” တပင်ကိုတပင်ရှက်၍ တပင်ရိပ်တပင်ခိုကာ လေပြင်းမုန်တိုင်း တိုက်ခတ်သော်လည်း မတတ်သာ “ တို့ '' အောင်ခြင်းရှစ်ပါး" တို့လို သီချင်းအေးတွေကို ကြိုက်တာ။

သူက အဲကွန်းကိုကြိုက်ပြီး ရေချိုးဖို့ကျ အတော်လေးပြောယူရတယ်… သူ့အဖေပြောတာ သူ့ကိုရေချိုးဖို့ကို လူကိုဆွဲခေါ်သွားပြီး ရေအတင်းလောင်းချလိုက်မှ ရေချိုးတယ်တဲ့…ငယ်ငယ်ထဲကတဲ့….ခုသူ့ကိုရေချိုးပြောရင် ချိုးပြီးပြီလေလို့လုပ်တတ်သေးတယ်… အဲဒါ ဖုန်းဆက်ပြီး ဖေဖေနဲ့ တိုင်မယ်နော်ဆိုမှ ထချိုးတယ်…ပူးတေကတော့ ဘယ်အချိန်ရေချိုးရမလဲ ချောင်းနေတာ…ရန်ကုန်မှာတုန်းကလဲ အမျိုးအိမ်တအိမ်အိမ်သွားလည်ပြီးရင် ရေချိုးပြီးမှ ပြန်တာ… ခဏလေးနေလဲ ရေချိုးတာပဲ(အပြင် တခုခုသွားပြီးရင် ရေချိုးရမယ်လို့ကို စွဲနေလားမသိဘူး)…ဒီရောက်ခါစကလဲ အဒေါ်အိမ်မှာနေတာလေ…အဲဒါ ခင်တဲ့ သူငယ်ချင်းတွေအိမ်သွားလည်ပြီးရင် ငါရေချိုးချင်တယ်လုပ်လို့ နင့်အိမ်မှာရေမချိုးခဲ့ရဘူးလားတဲ့....ချိုးခဲ့တယ်လေ.. ထပ်ချိုးချင်တာဆိုတော့ သွားမချိုးနဲ့ နောက်ဆို နင့်ကို အိမ်လာခိုင်းတော့မှာမဟုတ်ဘူးတဲ့…ပူးတေကဘာလို့လဲဆိုတော့ နင့်ကို ကိုယ့်အိမ်မှာကိုယ်မချိုးပဲ ရေဖိုးသက်သာအောင် သူများအိမ်ရေလိုက်ချိုးနေတယ်ထင်ပြီး နောက်လာလည်ရင် လက်မခံတော့ပဲနေမယ်တဲ့…ဒီရောက်မှ သူများအိမ်မှာ ရေချိုးတဲ့ အကျင့်ရပ်သွားတာ။ အော် ရေတောင်တန်ဖိုးထားရတဲ့ တိုင်းပြည်ကိုမှ ရေအရမ်းကြိုက်တဲ့ ပူးတေက ရောက်မိနေတာကိုး။…အဒေါ်နဲ့တုန်းကလဲ တကျက်ကျက်ပဲ..ပူးတေ ရေချိုးတာကြာလို့တဲ့…ခုလဲ သူနဲ့တကျက်ကျက်ပဲ… ရေချိုးခန်းထဲဝင်သွားရင် ကြာလို့တဲ့….

ပူးတေက ဒေါသကြီးတယ်… အိမ်မှာတုန်းကလဲ စိတ်တိုလို့ မေမေဖွင့်နေကျ ဆိုနီကတ်ဆတ်တလုံး ကိုင်ပေါက်ခဲ့တယ်။ ကက်ဆက်ရဲ့ စပီကာတစ်လုံးမှာ သံချေးတွေကိုက်နေလို့ မသုံးတော့ပါနဲ့ဆိုတာ အိမ်ရှေ့ခန်းမှာတောင် ထားထားတော့ စိတ်တိုပြီး အပြတ်ရှင်းလိုက်တာ။ ကက်ဆက်လဲ အေးချမ်းမေ(တစစီကျိုးပဲ့နေ) ဖြစ်သွားတယ်။ လုပ်ပြီးမှ စိတ်မကောင်း ဖြစ်နေတတ်တာ(မေမေ့ကို စိတ်ဆင်းရဲအောင် လုပ်မိပြီဆိုပြီးတော့)။ ချက်နေပြုတ်နေရင်း ကိုယ်ချက်နေတာကို ဟိုပြောဒီပြောဆို စိတ်ကလုံးဝမရတော့ပဲနဲ့ ချက်လက်စဟင်းတွေကို စားလို့မရအောင်လုပ်ခဲ့ဖူးတယ်…ကျောင်းမှာဆိုလဲ ဖဲဝိုင်းမှာရန်ဖြစ်တာ ခဏခဏပဲ…ဆရာတွေနဲ့လဲ ဖြစ်တာပဲ…ဆရာ့ကို ဖဲခိုးရိုက်တယ်ဆိုပြီး ရန်တွေ့နေတာ… ပူးတေအစ်ကိုက သိသွားတော့ အိမ်ကိုတိုင်လို့ ဒီတခေါက် ရန်ဖြစ်တာကြားရင် ကျောင်းထုတ်မယ်တဲ့။ အဲဒီလို မိန်းကလေး ပီပီသသလေးနေခဲ့တာ.…သူကတော့ ဒေါသဆိုတာ ဦးချိုနဲ့လားလို့ မေးရမယ့်ပုံပဲ…

ပူးတေက ပစ္စည်းတွေကို တန်ဖိုးထားတယ်… သုံးစွဲ စားသောက်လိုက်လို့ ကုန်သွားတာမျိုး မနှမြောဘူး… ပျက်စီး ပျောက်ပျက်သွားတာမျိုးဆို အရမ်းနှမြောတာ။ သူကတော့ ပူးတေနဲ့ ဆန့်ကျင်ဘက်။ ပစ္စည်းတွေ တန်ဖိုးမထားတာပဲလား။ အမှုမဲ့ အမှတ်မဲ့ နေတာပဲလားမသိဘူး။ ပစ္စည်းအသစ်လေးတွေ ဒီနေ့ဝယ် မနက်ဖြန်ပျောက်ပဲ။ သူဖျောက်ခဲ့တဲ့ Thumb Drive အချောင်းပေါင်း မရေမတွက်နိုင်အောင်ပဲ။ external hard disk က တလုံး… ဦးထုတ်၊ခြေအိတ် ၊အနွေးထည်၊ ထည့်ကိုမပြောချင်တော့ဘူး။ အခုပူးတေ ရန်ကုန်ကို တပတ်လေးပြန်ပါတယ်… အိုင်ဖုန်း4 ကိုဖျောက်ပြစ်လိုက်တယ်… သြဂုတ်လ ၁၂ ရက်နေ့မှ စဝယ်တဲ့ iPhone4 လေး ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ လက်စသိမ်းလိုက်နိုင်တယ်… ပူးတေလဲ ပြောလိုက်ပါတယ်… ပျောက်စရာ မိန်းမပဲ ကျန်တော့တယ်နော်လို့။ စိတ်ဆိုးတာ အရမ်းပဲ။ (ယောက္ခမကြီးက ရန်ကုန်မှာ ပူးတေတို့အိမ်လာရင်း ပြောသွားသေးတယ်။ သမီးယောက်ျား မိန်းမတော့ ပျောက်မှာ မဟုတ်ပါဘူးတဲ့။ တခြားပစ္စည်းတွေသာ သူက မရူးတာ၊ မိန်းမကိုကျတော့ ရူးနေတာ ဥစ္စာရူးလိုပဲတဲ့) မစ္စတာပီပြောပုံကိုလဲ ကြည့်ပါဦး မိန်းမက ပျောက်စရာလား၊ ယောက်ျားမေ့ကျန်ခဲ့လဲ အိမ်ပြန်လာတတ်တာပဲဟာ ကိုယ့်ကို taxi ငှားပြီး ပြန်ခဲ့ပေါ့တဲ့။ အိမ်ရောက်မှ taxi ခ ပေးလိုက်တဲ့။ ပြောသေးတယ်။ မိန်းမက ရန်ကုန်မှာ အလှူတွေ သွားလုပ်နေသလို ယောက်ျားကလဲ ဒီမှာ အားကျမခံ အလှူကြီးလုပ်လိုက်တာပါတဲ့။

အစားအစာတွေစားရင် သူက အေးနေမှ စားတတ်တယ်… ပူနေရင် လုံးဝမစားတတ်ဘူး.. မုန့်ဟင်းခါးတွေ ဘာတွေ ချက်စားရင်တောင် သူ့အတွက် အရင်ခူးခပ် အအေးခံထား သူ့ဟာအေးလောက်ပြီဆိုမှ ပူးတေစားမယ့် ဟင်းရည်ကို ပွက်ပွက်ဆူအောင် ပြန်တည်ြ့ပီးမှ စားလို့ရတာ။ တခါညီမဝမ်းကွဲအိမ် အလှူသွားတာ မုန့်ဟင်းခါးပဲစားမယ်လုပ်တော့ ညီမက ဟင်းရည်အိုးနွှေးဖို့ မီးဖိုဖွင့်တော့ သူကမနွှေးနဲ့ မနွှေးနဲ့တဲ့… သူ့တပွဲကို ခူးပြီးတော့မှ နင့်အစ်မအတွက် နွှေးပေးလိုက်တော့ ရပြီတဲ့။ အဲလိုလေးတွေကအစ  အတော့်ကို တူတာနော်။ အဲ မတူတာတွေ ဆက်ရေးရရင် အများကြီးပဲ ကျန်သေးတယ်… တထောင့်တညပုံပြင်ကမှ တိုအုန်းမလားပဲ..တူတာကတော့ အချစ်တူတယ်... ဒါမှလဲ ညားမှာကိုးနော် (မမရွှေစင်နဲ့ မမလသာညတို့ဆီက reference ယူလိုက်တာ)..ဆန်ပြုတ်တွေ၊ ခေါက်ဆွဲပြုတ်တွေကို မညည်းမညူကြိုက်တာချင်းလဲ တူတယ်။

နိဂုံးချုပ်လိုက်တော့ မတူတာတွေကို စိတ်ညစ်နေမယ့်အစား သူရဲ့ကောင်းတဲ့ အမူအကျင့်ကလေးတွေ ရင်ထဲမှာမှတ်ထားရင် မကောင်းတဲ့ သူ့အမူအကျင့်လေးတွေ မေ့ပျောက်ရင်းပဲ သူလဲ မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ။ ဆိုတဲ့ လင့်ကျင့်ဝတ်တရားနဲ့ အညီနေထိုင်ရင်း ပူးတေလဲ အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ဝတ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ။ ဆိုတဲ့ မယားဝတ္တရားတွေကို ကျေပွန်အောင်နေထိုင်သွားကြဖို့ ကြိုးပမ်းရင်း နှစ်ဖက်မိဘတွေအပေါ်မှာလဲ သားကောင်း သမီးကောင်း သမက်အလိမ္မာ ချွေးမအလိမ္မာလေးတွေအဖြစ် ရာသက်ပန် လုပ်ကျွေးပြုစုသွားကြမယ်ဆိုတဲ့ ခံယူချက်ချင်းတူ အပေးအယူလေးမျှနေတာနဲ့တင် နှစ်ယောက်သား စိတ်တိုင်းကျ ရွေးချယ်ခဲ့ကြတဲ့ ဘဝလမ်းအတွက် ကျေနပ်နှစ်သိမ့်နိုင်ပါပြီလို့။

နှစ်သစ်မှာ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေရှင်…ပူးတေချစ်သော မြန်မာပြည်မှ တိုင်းရင်သားညီအစ်ကိုမောင်နှမများအပါအဝင်၊ ကမ္ဘာသူ ကမ္ဘာသားများ အားလုံးလဲ ရာသီဥတုဘေး၊ စီးပွားကပ်ဘေး၊ ရောဂါကပ်ဘေးများမှ ကင်းဝေး၍ ငြိမ်းချမ်းသာယာနိုင်ကြပါစေလို့ ပူးတေမှ မေတ္တာပို့ ဆုတောင်းလိုက်ပါတယ်ရှင်…. အားလုံးပဲ 2011 အပါအဝင် မင်္ဂလာရှိသော နှစ်သစ်ပေါင်းများစွာကို ပျော်ရွှင်စွာ ပိုင်ဆိုင်နိုင်ကြပါစေရှင်…
 အားလုံးပဲ Happy New Year ပါနော်


အားလုံးကို ချစ်ခင်လေးစားစွာဖြင့်

ပူးတေ

P.S>>  ပို့စ်ကြီး ရှည်သွားတဲ့ အတွက် အနူးအညွတ်တောင်းပန်ပါတယ်….အပိုင်းခွဲရင်လဲ မကောင်းဘူးထင်လို့ တခါထဲ တင်လိုက်မိပါတယ်..အမိုက်မဲလေးကို ခွင့်လွှတ်ကြပါ။…

11 comments:

မြူးမြူး said...

ဒို့စီနီယာကြီးကို အတင်းတုပ်တယ်ပေါ့လေ.. တိုင်ပြောမှာနော်.. SMS ပို့ထားတယ်.. ရပြီလား..

ချော(အစိမ်းရောင်လွင်ပြင်) said...

ပူးတေရဲ့ အသွင်မတူခြင်း တူခြင်းတွေကို ကြည်နူးစွာ ဖတ်သွားပါတယ်. ချစ်စရာကောင်းအောင် ရေးထားတဲ့ ပုံစံလေးကိုလည်း သဘောကျရပါတယ်..
ပူးတေတို့ ချစ်ခြင်းလည်း နှစ်သစ်မှာ အချစ်သစ်တွေတိုးပွားပြီး ဆထက်တံပိုး ချစ်နိုင်ကြပါစေ
စိတ်ချမ်းသာကိုယ်ချမ်းသာ ရှိပါစေ...
အရာရာ အဆင်ပြေချောမွေ့ပါစေ
နေ့ရက်တိုင်း ပျော်ရွှင်ပါစေ..
မင်္ဂလာရှိတဲ့ နှစ်သစ်ဖြစ်ပါစေ ပူးတေရေ....

သုခုမလေဒီ said...

နှစ်သစ်မတိုင်ခင် နှစ်ဟောင်းက အကြွေးတွေ ဆပ်ခဲ့ပီပေါ့လေ..း))

Happy New Year! ပါ ပူးရေ...

အဖြူရောင်နတ်သမီး said...

နှစ်သစ်မကူးခင် နှစ်ဟောင်းက ပို့စ်တွေ အပြီးလာဖတ်တယ် ပူးလေးရေ....
Happy New Year ...ပါ ပူးရေ...
XXXXX

သက်ဝေ said...

ညီမ ပူးတေရေ...
ရေးထားတာ အသက်ပါလွန်းတော့ မျက်စိထဲမှာ ညီမတို့ နှစ်ယောက်ကို ကွက်ကွက်ကွင်းကွင်းပါပဲ...

အိပ်ချင်ယောင်ဆောင်ရင်း တကယ် အိပ်ပျော်သွားမှာစိုးလို့ အိပ်ယာထဲမှာ အသံထွက်အောင် ထုနေတာကို သဘောကျလို့ မဆုံးဘူး... အိမ်မှာ ကိုကြီးကိုဖတ်ပြပြီး ရယ်နေတာ... (သူလဲ တအား အိပ်ပျော်လွယ်တယ်လေ...)

ညီမ ပြန်ဆိုပြလို့ အဆိုတော် ဦးထွန်းရွှေရဲ့ မီးဘေးရှောင် မလောင်ခင်တား သီချင်း ပြန်မှတ်မိလာတယ်... ဟီး...

ပျော်စရာ စိတ်ချမ်းသာစရာ ချစ်စရာ မိသားစုဘဝလေး နှစ်ပေါင်းများစွာ တိုင်ပါစေ ညီမငယ်...

တလက်စထဲ Link လေးလဲ ယူသွားပါတယ်...း))

rose said...

အသွင်တူ မတူ ပို့စ်လေး လာဖတ်ပါတယ် ညီမလေး ပူးတေ... ချစ်စရာ ကောင်းတယ် ပို့စ်လေးက ပူးတေလိုပဲနော်။ ပာက်ပီးနယူးယား... ပျော်ရွှင်တဲ့ နှစ်သစ်လေး ဖြစ်ပါစေ။

ကိုဇော် said...

ကောင်းလိုက်တဲ့ စာလေး။
ဖတ်လို့လည်း အဆင်ပြေချက်။
အားလည်း အားကျပါရဲ့။
ဒါပေမဲ့ ငါကို လှောင်ပြီး သတိပေး ရေးတာလားလို့ ဝမ်းနည်းပြီးတော့ တွေးသွားတယ် ပေတူး . . . အဲလေ . . . ပူးတေ။

နှစ်သစ်မှာ ပျော်ရွှင်ဖွယ်ကောင်းသော နေ့ရက်များစွာ ပိုင်ဆိုင်နိုင်ပါစေဗျာ။

လသာည said...

ကြည့်စမ်း ပူးတေလေး တအားရေးတတ်တာပဲ..။
ပီ ၀တ္တရား (မစ္စတာပီ)၊ ပူး ၀တ္တရား (ပူးတေလေး) ..ပေါင်းတော့ ဆယ်ပါးလုံး ပြည့်စုံသွားတာပဲးD

တူနှစ်ကိုယ် နှစ်သစ်မှာလည်း ပျော်ရွင်ချမ်းမြေ့ပါစေ နော်

Happy Happy new year ပါ.ညီမလေး

ညိမ်းနိုင် said...

နှစ်ဟောင်းကအကြွေးကို နှစ်သစ်မှ လာဖတ်ရတယ်...ဟီးးး
သိပ်ဖတ်လို့ကောင်းတယ်....။ပြုံးပြုံး ပြုံးပြုံး နဲ့ဖတ်နေလို့
အခန်းဖော်တရုတ်ကတောင် လာကြည့်ယူရလေရဲ့....:)..။
မစ္စတာပီကို ပြောလိုက်ပါဗျာ...နောင် i phpne 4 လေး
အလှူလုပ်ချင်ရင်ပြောပါလို့....:)

SHWE ZIN U said...

ချစ်ညီမ ပူးတေ ရေ

ညီမ က နှစ်မကူးခင် အကြွေးဆပ်ပေမဲ့ အတိုးများများလိုချင်လို့ အခုမှလာဖတ်ရတယ် ဟိုနေ့က ဖတ်ရင်းတန်းလန်း လိုင်းကျသွားလို့ အခုမနက်စောစော ဖတ်ရင်း တခစ်ခစ်နဲ့ ရီနေရတယ် ကျေးဇူးဘဲ ညီမ ရေ ညီမ တို့ ၂ယောက်က ပျော်စရာကြီး ညီမ တို့ ၂ယောက် နှစ်ပေါင်းများစွာ ပျော်ရွှင်ချမ်းမြေ့စွာ ပေါင်းသင်းနေထိုင်နိုင်ကြပါစေလို့ ဆုမွန်တောင်းရင်း နှစ်သစ်မှာ နှုတ်ဆက်လိုက်တယ်နော်...

ချစ်တဲ့
အမရွှေစင်

ချစ်ကြည်အေး said...

ညီမပူးတေ အချစ်တွေ တူကြတယ်ဟုတ်....ဒါ အရေးကြီးဆုံးပဲ။

တက်ဂ်ကြွေးဆပ်တာ ဟုတ်ပါပြီ အုန်းနို့ခေါက်ဆွဲထုတ် ပြမယ်ဆိုပြီး မေ့ချင်ယောင် ဆောင်နေတယ်ပေါ့လေ...။ ဟဟဟ နောက်တာပါ ညီမရေ...။ ပျော်ရွှင်ဖွယ် နှစ်သစ် ဖြစ်ပါစေ ညီမပူးတေရေ.....:)