Wednesday, December 30

ပြာသိုလပြည့်နေ့ (ရှင်တစ်ထောင်အခါတော်နေ့)

ဒီနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ဟာ မြန်မာပြက္ခဒိန်မှာ ပြာသိုလပြည့်နေ့ကျပါတယ်။ ဇန်နဝါရီလ ၁ရက်နေ့ကတော့ အားလုံးသိကြတဲ့ အတိုင်း အင်္ဂလိပ်နှစ်သစ်(New Year Day) ကျရောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဇင်ဘာ ၃၁ ရက်ညနေလောက် ကတည်းက နောက်နှစ်နှစ်သစ်ကို ကြိုဆိုဖို့၊  "Happy New Year" အော်ဖို့ ၊ New Year ပါတီကျင်းပဖို့ အားလုံးနီးပါး ပြင်ဆင်လေ့ရှိကြပါတယ်။ (လွန်ခဲ့တဲ့ ၅ နှစ်လောက်အထိ ပူးတေလဲ အပါအဝင်ပေါ့။ :D)

2004 ကစပြီး ပူးတေရဲ့ အန်းကုန်း (ပူးတေပါပါးရဲ့  အဖေ) က ဇန်နဝါရီလ ၁ရက်နေ့ မနက် 00:45 မိနစ်မှာ စမ်းချောင်း၊ မဟာမြိုင်ဆေးရုံမှာ ကွယ်လွန်ခဲ့တာပေါ့။ ပူးတေတို့တွေ အဲဒီနှစ်က စလို့ New Year ပါတီ၊ New Year ပျော်ပွဲရွှင်ပွဲ ဆိုတာ ကိုယ်နဲ့ သိပ်မဆိုင်တော့ပါဘူး။ ဒါပေမယ့် နှစ်စဉ် ဇန်နဝါရီလ ၁ ရက်နေ့ရောက်တိုင်းတော့ အန်းကုန်းအတွက် ရည်စူးပြီး နှစ်တိုင်း အိမ်မှာ ဘုန်းကြီးဆွမ်းကပ်၊ တရားနာရေစက်ချ အလှူလုပ်ပါတယ်။

ပြောနေရင်းနဲ့ အန်းကုန်းအကြောင်းရောက်သွားတယ်။ ရှင်တစ်ထောင်အခါတော်နေ့ အကြောင်းပြန်ဆက်မယ်နော်။ အရင်ကပူးတေလဲ ပြာသိုလပြည့်နေ့ကို ရှင်တထောင် အခါတော်နေ့လို့ပဲ သိပါတယ်။ ဘာကြောင့် ရှင်တထောင် အခါတော်နေ့လို့ ခေါ်မှန်းလုံးဝမသိခဲ့ပါဘူး။ တချို့ လဲ သိကြပါလိမ့်မယ်။ အားလုံးကို မသိဘူးလို့ ပူးတေမဆိုလိုပါဘူး။ ပူးတေမသိခဲ့တာကို ပြောတာပါ။ ဝါဆိုလပြည့် ဗုဒ္ဓနေ့ ဆိုတာမျိုး အထင်ကရနေ့တွေကိုတော့ပူးတေသိပါတယ်။ :)

၁။ တန်ခူးလ ( သင်္ကြန်ပွဲ )
၂။ ကဆုန်လ ( ညောင်ရေသွန်းပွဲ )
၃။ နယုန်လ ( စာတော်ပြန်ပွဲ )
၎။ ၀ါဆိုလ ( ၀ါဆိုပွဲ ) ( ပဉ္ဖင်းရှင်ပြုပွဲ )
၅။ ၀ါခေါင်လ ( စာရေးတံမဲပွဲ )
၆။ တော်သလင်းလ ( လှေပြိုင်ပွဲ )
၇။ သီတင်းကျွတ်လ ( မီးထွန်းပွဲ )
၈။ တန်ဆောင်မုန်းလ ( ကထိန်ပွဲ )
၉။ နတ်တော်လ ( စာဆိုတော်ပွဲ )
၁၀။ ပြာသိုလ ( မြင်းခင်းပွဲ )
၁၁။ တပို့တွဲလ (မီးပုံပွဲ)( ယာဂုထမနဲပွဲ )
၁၂။ တပေါင်းလ ( သဲပုံစေတီပွဲ )

တန်ခူးလ- နှစ်သစ်ကူးပွဲတော်
ကဆုန်လ- (ဗုဒ္ဓနေ့)ညောင်ရေသွန်းပွဲတော်
နယုန်လ- မဟာသမယနေ့
ဝါဆိုလ- ဓမ္မစကြာအခါတော်နေ့
ဝါခေါင်လ- မေတ္တာအခါတော်နေ့
တော်သလင်းလ- ဂရုဓမ္မအခါတော်နေ့
သီတင်းကျွတ်လ- အဘိဓမ္မာအခါတော်နေ့
တန်ဆောင်မုန်းလ- သာမညဖလ အခါတော်နေ့
နတ္တော်လ- ဓမ္မစာဆိုတော်များနေ့
ပြာသိုလ်လ- ရှင်တစ်ထောင်အခါတော်နေ့
တပို့တွဲလ- ဩ၀ါဒပါတိမောက်အခါတော်နေ့
တပေါင်းလ- မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့ တို့ဆိုပြီး သတ်မှတ်ထားပါတယ်။
(ဒီအပိုဒ်ကလေးကို ဒီနေရာလေးကနေ ကူးယူကိုးကားပါတယ်ရှင်)

တော်သလင်းလ- ဂရုဓမ္မအခါတော်နေ့ ဖြစ်လာပုံ အကြောင်းလေးကိုလဲ အရှင်တိက္ခဉာဏာလင်္ကာရ က ဒီနေရာလေးမှာ ရေးဖွဲ့ထားပါသေးတယ်ရှင်။ ဘာသာရေးပွဲတော် အားလုံးကို ပူးတေတစုတစည်းထဲ ထားချင်တာရယ်၊ အာလုံးလဲ သိရ ဖတ်ရအောင် ပူးတေဘလော့လေးမှာ မှတ်တမ်းအနေနဲ့ ထားခွင့်ပြုပါလို့။

ပြာသိုလပြည့် ရှင်တစ်ထောင်အခါတော်နေ့ဆိုတာတော့ ကြားယုံသာကြားဖူးပြီး ဘယ်လိုဘယ်ပုံ ဖြစ်လာတယ်ဆိုတာ ပူးတေမသိခဲ့ပါဘူး။ ဟိုတနေ့ကမှ အိမ်ကလူကြုံနဲ့ ပို့လိုက်တဲ့ ရောင်ပြန်မဂ္ဂဇင်းထဲမှာ စာရေးဆရာ တက္ကသိုလ် သျှင်ဥက္ကာ (မဟာဝိဇ္ဇာ ကျမ်းပြု) ရေးထားတာလေးတွေ့လို့ ဘာသာရေးနဲ့ပက်သက်တာလေးကို ပြန်လည်မျှဝေချင်စိတ်ပေါက်လာပါတယ်။ ပြာသိုလပြည့်နေ့ (၃၀-၁၂-၂၀၀၉) နေ့အမှီလေး တင်ပေးချင်တာကြောင့် ပူးတေအနေနဲ့ စာရေးသူဆီ ဆက်သွယ်အခွင့်တောင်းဖို့ အချိန်မရှိတော့တာကြောင့် ဒီနေရာလေးကနေတဆင့်ပဲ အခွင့်တောင်းပါရစေရှင်။ စာရေးဆရာရဲ့ စာမူ မူရင်းအတိုင်း စာရေးသူရဲ့ အမည်ကို အတိအကျဖော်ပြပြီးတော့ ပြန်လည်ဖြန့်ဝေပေးတာမို့ ပူးတေကို နားလည်ခွင့်လွှတ်ပေးဖို့ ဒီနေရာကနေပဲ လေးစားစွာဖြင့် အခွင့်တောင်းလိုက်ပါတယ်လို့။ စာရေးသူကို ပူးတေ ရဟန်းတပါးဖြစ်မယ်လို့ခန့်မှန်းပါတယ်။ ရဟန်းဖြစ်ခဲ့မယ်ဆိုလဲ တပည့်တော်ကို နားလည်ခွင့်ပြုပေးပါလို့။ စာရေးသူအနေနဲ့ သာမန်လူပုဂ္ဂိုလ်ဆိုလဲ ဘာသာရေးအကြောင်း အများသိအောင် ကျမ်းပြုရေးသားနေသူအား ပူးတေအနေနဲ့ စာရေးသူအမည်နဲ့သာ ထပ်မံဖြန့်ဝေပေးတာဖြစ်လို့ နားလည်ပေးပါလို့။



ပြာသိုလပြည့်နေ့ (ရှင်တစ်ထောင်အခါတော်နေ့)
တက္ကသိုလ် သျှင်ဥက္ကာ (မဟာဝိဇ္ဇာ ကျမ်းပြု)

ပြာသိုလကား စိုစိုရွှဲရွှဲ ငွေခဲနှင်းပွင့်တို့နှင့်အတူ ခွာညိုတွေ လှိုင်လှိုင်သင်းသည့်လ ဖြစ်ချေ၏။

ပြာသိုလပြည့်နေ့ကို ရှင်တထောင်အခါတော်နေ့အဖြစ် ကျင်းပကြလေသည်။ ထိုသို့ကျင်းပရခြင်းမှာ ဂေါတမဘုရားရှင် လက်ထက်တော်အခါက ရသေ့ညီနောင် ရှင်တစ်ထောင်တို့သည် ၄င်းတို့၏ အယူဝါဒအား စွန့်ပယ်ကြလျက် ဗုဒ္ဓသာသနာတော်အတွင်း ကူးပြောင်းရောက်ရှိလာကြသောကြောင့်ပါပေ။

ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်ကို ချွတ်ရန် ဥရုဝေလတောသို့ တန်ဆောင်မုန်းလပြည့်နေ့တွင် သွားရောက်ခဲ့ပါသည်။ ပြာသိုလပြည့်နေ့အထိ ၂လကြာမျှ ဥရုဝေလတော၌ပင် သီတင်းသုံးလျှက် ရသေ့များအား စည်းရုံးခဲ့ပါသည်။ ထိုစဉ်ကာလ ဥရုဝေလတော၌ အစ်ကိုကြီး ဥရုဝေလကဿပ ခေါင်းဆောင်သော ရသေ့ငါးရာ၊ အစ်ကိုလတ် နဒီကဿပ ခေါင်းဆောင်သော ရသေ့သုံးရာ၊ ညီငယ်ဂယာကဿပ ခေါင်းဆောင်သော ရသေ့နှစ်ရာ စသည်တို့သည် သုံးနေရာခွဲလျက် နေထိုင်သီတင်းသုံးနေကြသည်။ ဥရုဝေလတောအုပ်သို့ ရောက်ရှိတော်မူခဲ့သော ဂေါတမဘုရားရှင်သည် ဦးစွာ ဥရုဝေလကဿပ ရသေ့ကြီးထံ သွားရောက်လျက် နေခွင့်တောင်းခံသောအခါ နဂါးကြီးရှိသောနေရာ၌ သီတင်းသုံးခွင့် ရခဲ့သည်။ ရသေ့အားလုံးပင် နဂါးကြီး၏ လက်ချက်ဖြင့် ဘုရားရှင်အသက်ဆုံးမည့်အရေးအတွက် စိုးရိမ်တော်မူနေကြသည့်ကြားမှပင် ဘုရားရှင်က နဂါးကြီးအား နှိမ်နင်းပြလိုက်သည့်အခါ ဥရုဝေလကဿပနှင့်တကွ ရသေ့အပေါင်းတို့လည်း ဘုရားရှင်အား လေးစားအထင်ကြီးသွားကြကုန်၏။

ဥရုဝေလကဿပနှင့်တကွ ရသေ့အားလုံးတို့သည် တရားနည်းလမ်းမကျသော မီးလှုံခြင်း၊ ရေငုပ်ခြင်း စသည့် ပဉ္စာတပအကျင့်များကို ကျင့်ကြကုန်၏။ ထိုအကျင့်များကို ကျင့်ခြင်းဖြင့် ကိလေသာခေါးပါးလိမ့်မည်ဟုလည်း လွဲမှားစွာ မှတ်ထင်ထားကြကုန်၏။ ၄င်းတို့၏ ကျင့်ကြံပုံမှာ ဆီးနှင်းများ တဖွဲဖွဲကျဆင်းနေပြီး ခိုက်ခိုက်တုန်အောင် ချမ်းအေးလှစွာသော ပြာသိုလသမယအတွင်း သတ်မှတ်ရက် ရှစ်ည၌ နေရဉ္ဇရာမြစ်အတွင်းသို့ သက်ဆင်းကာ ရေငုပ်ကြကုန်၏။ သည့်အတွက် ခိုက်ခိုက်တုန်မျှ အချမ်းဝေဒနာကို ခံစားကြရလေသည်။ ဤ၌ မေတ္တာကရုဏာ ကြီးမားလှစွာသော ဗုဒ္ဓဘုရားရှင်က ရသေ့များ အချမ်းဝေဒနာ သက်သာစေရန် ဖန်ဆင်းပေးတော်မူခဲ့သည်။

ထို့အပြင် ဗုဒ္ဓဘုရားရှင်သည် ရသေ့များခွဲ၍ မကွဲသော ထင်းတုံးငါးရာအား တစ်ပြိုင်နက် ကွဲစေခြင်း၊ ရသေ့များမွှေး၍မရသောမီးကို တစ်ပြိုင်နက် တောက်လောင်စေခြင်း၊ ရသေပများငြိမ်း၍မရသော မီးငါးရာအား တပြိုင်နက် ငြိမ်းစေခြင်း၊ မီးအိုးကင်း ငါးရာကို တပြိုင်နက် ဖန်ဆင်းခြင်းစသော တန်ခိုးတော်များကို ပြသတော်မူပါသည်။ တန်ခိုးတော်စုစုပေါင်း (၃၅၁၆)မျိုးပြသ၍ ရသေ့များအား ဆွဲဆောင်တော်မူခဲ့သည်။

ထိုအခါ ရသေ့အပေါင်းတို့သည် ၄င်းတို့၏ အသုံးအဆောင် ပစ္စည်းများအားလုံးကို နေရဉ္ဇရာမြစ်အတွင်းသို့ စွန့်ပစ်လိုက်ကြပြီး ဗုဒ္ဓဘုရားရှင်ထံ၌ ရဟန်ဒအဖြစ်ကို တောင်းခံခဲ့ကြလေ၏။ ပထမအကြိမ် ဥရုဝေလကဿပနှင့် တပည့်များ၊ ဒုတိယအကြိမ် နဒီကဿပနှင့် တပည့်များ၊ တတိယအကြိမ် ဂယာကဿပနှင့် တပည့်များ သုံးသုတ်ခွဲ၍ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြသည်။ သည့်နောက် ရှင်တစ်ထောင် (ဝါ) ရသေ့တစ်ထောင်လုံး ဧဟိဘိက္ခုရဟန်းများ ဖြစ်လာကြတော့သည်။ ထိုအခါ ဗုဒ္ဓဘုရားရှင်လည်း ရသေ့တစ်ထောင်အား ဂယာသီသကျောက်ဖျာပြင်၌ " အာဒိတ္တ ပရိယာယ သုတ္တန် ဒေသနာ" ကို ဟောကြားတော်မူရာ ရဟန်းအားလုံး အာသဝေါကုန်ခမ်း၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြလေတော့သည်။ ထိုနေ့ကား ပြာသိုလပြည့်နေ့ ဖြစ်လေ၏။ သည့်အတွက်ကြောင့် ပြာသိုလပြည့်နေ့အား ဗုဒ္ဓဘာသာဝင်တို့က " ရှင်တစ်ထောင် အခါတော်နေ့" ဟူ၍ သတ်မှတ်ခဲ့ကြခြင်းဖြစ်လေသည်။
ပြာသိုလကား ဖုဿရာသီဖြစ်၏။ ဆောင်းဥတု၏ အလယ်ပိုင်းရတု ဖြစ်ခြင်းကြောင့် ဆီးနှင်းတို့ ထူထပ်၍ အအေးဒာတ်လွန်ကဲသောအခါလည်း ဖြစ်ပေသည်။ လမင်းနှင့် ဖုသျှနက္ခတ်ယှဉ်၍ လပြည့်ခြင်း၊ နေမင်းနှင့် "မကရ" ကြယ်စုတို့ ယှဉ်ခြင်းတို့ကြောင့် "မကာရရာသီ" ဟူ၍လည်း မှတ်သားကြလေသည်။ မကာရမှာ မိကျောင်းဟူ၍ အဓိပ္ပာယ် ရပါသည်။ ရှေးမြန်မာဘုရင်တို့သည် ဤလရာသီသို့ရောက်လျှင် မြင်းခင်းသဘင်ကို ဆင်ယင်ကျင်းပလေ့ ရှိကြသည်။ မင်းညီမင်းသား၊ မင်းမြေးများနှင့်တကွ မှူးကြီးမတ်ကြီး စစ်သေနာပတိကြီးများ စုရုံးကြွရောက်လာကြပြီး ကြည်းတပ်စစ်တန်ဆာများ ဖြစ်ကြသော ချပ်မိန်ညိုတို့အား သပ်ရပ်တင့်တယ်စွာ ဝတ်စားဆင်ယင်ကြလျှက် သက်ဆိုင်ရာတပ်ဖွဲ့အသီးသီးမှ ဓား၊ လှံ၊ လေး၊ မြား စသည်တို့ကို စွဲဆောင်ကြပြီး နန်းရင်ပြင်၌ စွမ်းရည်များ ပြသကြပါသည်။ ဓားခုတ် လှံထိုးအမျိုးမျိုးတို့ကို ဆိုင်းချက်ညီညီနှင့် အစွမ်းပြကြရာ ရင်ထိတ်သည်းဖို ရှုကွင်းရှု့ကွက်များအဖြစ် ခံစားကြရလေသည်။

မြင်းစီးသူရဲကောင်းများသည် မြင်းပေါ်၌ ထိုင်လျက်ကလည်းကောင်း၊ မတ်တပ်ရပ်လျှက်လည်းကောင်း၊ အိပ်လျက် ရှေ့ပြန်နောက်ပြန်ပြုလျက်လည်းကောင်း အမျိုးမျိုး မြင်းစီးရင်း စွမ်းရည်များပြသကြ၏။ မြင်းကို ဒုန်းစိုင်းစီးပြ၏။ မြင်းစီးယင်းမှ အဲမောင်းပစ်ပြ၏။ စက်အမျိုးမျိုး ခုတ်ပြ၏။ ဓားရေး လှံရေးတို့ပြသသည်မှာ ရင်သပ်ရှုမောဖွယ်ကောင်းလှ၏။ အဲမောင်း ၉၃၇)ချင်း သံပေါက်၌
" စီးနည်း သုံးဆယ်၊ ခုနှစ်သွယ်
ခြယ်လှယ်စိုင်းကာသာ။
လွှတ်ကွင်းပြင်ဝယ်၊ သဘင်မြင်းခင်း
ခွာရေးကျင်း
စိုင်းလျင်းဆိုဖွယ်သာ....." ဟူ၍ တွေ့ရှိရပါသည်။

မြင်းခင်းသဘင်အပြင် ဆင်ခင်းသဘင်ကိုပါ ကျင်းပပြန်ပါသည်။ ဆင်ခင်းသဘင်ဆိုသည်မှာ ဆင်တိုက်ပွဲပင်ဖြစ်လေ၏။ တိုက်ဆင်အချင်းချင်း အစွမ်းကုန် အားကုန် တိုးခွေ့တိုက်ခိုက် နင်းချေကြသော အင်အားချင်းပြိုင်၊ ဆင်ချင်းသတ်ပွဲ၊ တိုက်ခိုက်ပွဲကို ဆင်ခင်းသဘင်ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။ စစ်ပရိယာယ် အသွယ်သွယ်ဖြင့် တိုက်ခိုက်ထိုးခုတ်ပုံများနှင့်တကွ ဆင်စီး မြင်းစီး သိပ်သည်းကျစ်လျစ်လျက် စစ်ကြီးအင်္ဂါပြည့်စုံစွာ ကြည့်ရှုရခြင်းဖြင့် မြန်မာတို့အနေနှင့် စစ်သွေးစစ်မာန်များ၊ မျိုးချစ်စိတ်များ၊ တက်ကြွနိုးကြားလာရသည်ကား အဆိုပါ မြင်းခင်းသဘင်၊ ဆင်ခင်းသဘင်ကြောင့်ဆိုလျှင် မှားမည်မဟုတ်ပေ။ မြင်းခင်းသဘင်အကြောင်းနှင့် စပ်လျဉ်း၍ ဆီသည်ရွာစား ဦးအောင်ကြီးကာ အဝမြို့ဘွဲ့ ၁၂ ရာသီ လူးတား၌ မှတ်တမ်းတင်ခဲ့ပါသည်။

ပြာသိုလကား ၁၂ရာသီ မိုးလင်္ကာမှတ်စုအတိုင်း " ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှမ်းပုံပျက်" နှင့် ညီပါပေ၏။ ဗုဒ္ဓဘုရားရှင်သည်ပင်လျှင် ပြာသိုလ၌ အချမ်းဒဏ်မှ သက်သာစေရန်အတွက် မီးလှုံခဲ့ရပေသည်။ ရရှိလာသော ပြာများအား အကြောင်းမဲ့ ပြုန်းတီးမှုမရှိစေရန် သိုလှောင်စေ၏။ ပြာသည် အညစ်အကြေးများကို သန့်စင်နိုင်စွမ်းရှိ၏။ မြေဆီသြဇာကို ဖြစ်ထွန်းစေ၏။ သည့်အတွက် ပြာများကိုသိုလှောင်စေခြင်းမှ "ပြာသို" ဟူသော ဝေါဟာရ ဖြစ်ပေါ်လာရလေ၏။ ခွာညိုတို့သည် တလှိုင်လှိုင်ပွင့်သော၊ ငွေနှင်းတို့ ကြွေဆင်းသော ပြာသိုလရာသီနှင့် စပ်လျဉ်း၍ ကုန်းဘောင်ခေတ်စာဆို မဟာအတုလမင်းကြီးက အောက်ပါအတိုင်း လွမ်းချင်းဖြင့် သရုပ်ဖော်ခဲ့ရာ လွမ်းဆွတ်ကြည်နူးဖွယ် ကောင်းလှပါဘိ။

" တိမ်ခြေငယ်ရှင်းပါလို့
မြူနှင်းငယ်စိုစို၊ လပြာသိုမှာ
နွယ်ခွာညို မြိုင်မြိုင်နှင့်
လှိုင်လှိုင်သင်းတဲ့ လကိုလေး။

ရောင်သိင်္ဂီငယ်၊ ကြည်ညီဖုသျှ
မကာရမို့၊ ရွှေဝဥကင်
နန်းရင်ပြင်မှာ၊ လှံရင်မြင်းခင်း
သဘင်ကျင်းလို့၊ ရာမင်းထွက်စံ
ဗိုလ်ညီလာ ခံသော့ခါ
ဆန္ဒတ်ပိုင့် ပြောင်မွန်မှာ
အောင်တံခွန် တေဇာမြူးလို့
ထူးလှတယ်လေး။ "

စာဖတ်သူ အားလုံးပဲ ကျန်းမာ ပျော်ရွှင်ကြပါစေလို့။ :)

4 comments:

Anonymous said...

ဟုတ်တယ်နော် ..မမ
လုံမလေးလည်း ပျော်ဖို့ပဲ သတိရနေတာ
မမပျု့စ်လေးဖတ်မှပဲ အရှိန်နည်းနည်း သတ်မိတယ် အဟီ

Anonymous said...

ဟီ ဟိ
မမပို့စ်လို့ရေးတာ
ပျ့စ် ဖြစ်သွားရော အဲ့ဒါဘယ်လိုအသံထွက်မလည်းနော် မမ ဟဟား

ခင်မင်စွာဖြင့်
လုံမလေး

မေလေး said...

မျှဝေပေးတာကိုက ချစ်စရာကောင်းနေပါပီ ပူတေးရ

မေဓာဝီ said...

ကျေးဇူးတင်တယ် ညီမလေးရေ .. ။
ပြာသိုလပြည့် ရှင်တထောင်နေ့ဆိုတာတော့ သိတယ်။ ဘယ်လိုဖြစ်လာတယ်ဆိုတာ မေ့နေတယ်။ ဆရာတော် မာဂဓီသာစည် ရေးတဲ့ အခါတော်နေ့များ စာအုပ်ကလဲ အနားမရှိတော့ သိချင်နေတာနဲ့ ဂူဂဲလ်မှာ ရှာကြည့်လိုက်တာ ဒီပို့စ်လေးကို ဖတ်ရတာပဲ။
ခုခေတ်က ပြာသိုလပြည့်ကို အမေနေ့ လို့ပဲ အသိများကြတော့တယ်။ မူလဇစ်မြစ် ရှင်တထောင်နေ့ကို သိပ်မသိကြတော့ဘူး။
ခုလိုဝေမျှပေးတာ ကျေးဇူးပါပဲ။