အားလုံးပဲ မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့...
ပူးတေကို အိမ်က လူကြုံနဲ့ထည့်ပေးလိုက်တဲ့ မြန်မာပြည်က ရောင်ပြန်မဂ္ဂဇင်း ၂၀၁၀ ပြည့် အထူးထုတ်ထဲမှာပါတဲ့ "၂၀၁၀" ဆိုတဲ့ကဗျာလေးတွေထဲကနေ ပူးတေ နှစ်သက်မိတာလေးတွေကို မျှဝေပေးချင်လို့ပါရှင်.. ပူးတေက ကဗျာမရေးတတ်တော့ သူများရေးထားတဲ့ ကဗျာလေးတွေကိုပဲ မျှဝေပေးရတာ ကဗျာချစ်သူချင်း ခံစားနားလည်ပေးနိုင်မယ်လို့ ပူးတေမျှော်လင့်မိပါတယ်။ ကဗျာဆရာများကိုလဲ အခွင့်မတောင်းပဲ ယူသုံးမိတဲ့ အတွက် ပူးတေ ဘလော့လေးကနေတဆင့် တောင်းပန်အပ်ပါတယ်။ ပူးတေဒီကနေ အခွင့်တောင်းပါတယ်လို့။ ပူးတေ သူငယ်ချင်းများကို မျှဝေပေးချင်လို့ ဆရာတို့ရဲ့ ကဗျာများကို ဘလော့လေးမှာတင်ခွင့်ပြုပါလို့ ခွင့်တောင်းရင်း တလက်စထဲ ဒီကနေပဲ ကျေးဇူးတင်ပါတယ်။ ရောင်ပြန်မဂ္ဂဇင်း စီစဉ်ထုတ်လုပ်သူ ဆရာဦးမောင်မောင်မြင့်အေးကိုလဲ အခွင့်တောင်းရင်းကျေးဇူးတင်ပါရစေ။
၂၀၁၀
(ကဗျာဆရာ- ပုသိမ် မောင်သောင်းယဉ်)
နှစ်ဆယ့်တစ်ရာစုရဲ့
ပထမဆယ်စုနှစ်ပြည့်
ရောင်ခြည်သစ်ကို မျှော်နေတဲ့လူသားများ
"Happy New Year" ဟစ်အော်
ဝမ်းမြောက်ပျော်ရွှင်စွာနှုတ်ဆက်
" ၂၀၁၀ " ကို လက်ကမ်းကြိုလိုက်ကြပါပြီ။
၂၀၀၉ ကတော့
တိုးတိုးတိတ်တိတ်ထွက်ခွာ
ဘယ်တော့မှ ပြန်လာမှာမဟုတ်ပေမယ့်
တစ်နှစ်တာ သူလုပ်ဆောင်ခဲ့တဲ့အဖြစ်
ကောင်းကျိုးဆိုးပြစ်တွေကတော့
အမှတ်ထင်ထင် ကျန်ရစ်နေမှာပါ။
ဘဝအဖြာဖြာနဲ့
ကမ္ဘာ့ရွာကြီးထဲက
သန်းပေါင်း ၇၀၀၀ကျော် လူသားတွေရဲ့ဆန္ဒ
တစ်နှစ်တာကာလ
ဖြစ်လာသမျှ အကောင်းဘက်နွယ်
"၂၀၁၀" ဆိုတဲ့ ခရစ်နှစ်
အယ်လ်နီညိုကို တားမြစ်ပေးပါ
ကမ္ဘာ့လူတုတ်ကွေးရောဂါ အမြစ်ဖြစ်ပေးပါ။
လောဘ၊ ဒေါသ၊ မောဟတွေကို သတ်ပေးပါ။
သမ္မာအာဇီဝနဲ့ ကမ္ဘာတည်သမျှ အလှဆုံးနှစ်
"၂၀၁၀" ရဲ့  ခေတ်ဖြစ်ပါစေနော်။
၂၀၁၀
(ကဗျာဆရာ- ဝေးနေ)
တဖြည်းဖြည်း တရွေ့ ရွေ့ 
တစ်နေ့နေ့ တစ်ချိန်ချိန်
၂၀၁၀ ဆိုတဲ့ ပြက္ခဒိန်တစ်ချပ်
နံရံပေါ် ချိတ်ကပ်ရတော့မယ်။
ရောက်ပြီ....
နှင်းတွေကြားမှာ ၂၀၁၀
ကျွန်တော်တို့ကြားမှာ ၂၀၁၀
ကမ္ဘာကြီးထဲမှာ ၂၀၁၀
အိပ်မက်အသစ်တွေ သယ်လာပြီ။
ဘယ်သူဖြစ်ဖြစ်
သက္ကရာဇ်အသစ်ကို ချစ်တယ်။
ဘယ်သူဖြစ်ဖြစ်
နှစ်သစ်ရင်ခွင် ခိုဝင်ချင်မယ်။
တွန်းဖွင့် တိုးဝှေ့ဝင်ဖို့မလို
နှစ်သစ်တံခါးကြီး အလိုလိုပွင့်
၂၀၁၀ ကို နမ်းခွင့်ကြုံ
သည်းအူလှိုက်တုန် ပျော်ကြတယ်။
ဟောဒီကဗျာတပုဒ်
၂၀၁၀ ကို ကြိုဆိုနှုတ်ခွန်းဆက်
ဘဝသက်တမ်းတစ်ဝက် ကျော်လာပေမယ့်
ခြေကုန်လက်ပမ်းကျဖို့ဝေး
စိတ်ကူးအတွေးတွေလန်းနေတုန်း။
(ဆရာ ဝေးနေရဲ့ ကဗျာလေးနဲ့ လိုက်အောင်လို့) :)
ပုံလေးတွေကို အင်တာနက်မှ ရယူပါတယ်ရှင်...
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ သာယာကြပါစေလို့ နှစ်သစ်မင်္ဂလာမှာ ဆုမွန်ကောင်းတွေတောင်းလိုက်ပါတယ်.. :)
3 comments:
Happy New year ပူးးးးးးးးး
းဝ)
မင်္ဂလာပါ..ညီမရေ
ပျော်စရာနှစ်သစ်ဖြစ်ပါစေနော်..
၂၀၁၀ မှာ အရာရာပြည့်စုံပါစေ..
ချစ်ခင်စွာဖြင့်
နှစ်သစ်မှာ ပျော်ရွှင်ပါစေ ပူးတေရေ...
Post a Comment