Saturday, November 27

Bodyfitness

ပူးတေဘလော့လေးကို ပစ်ထားရတာ တော်တော်လေးကြာသွားပြီ...အကြောင်းတွေကလဲ မတိုင်ဆိုင်တော့ ရေးချင်စိတ်ရှိနေရင် ရေးဖို့ အချိန်မရှိ ရေးဖို့အချိန်ရှိတော့ ရေးချင်စိတ်မရှိနဲ့ ဂျာအေးသူ့အမေရိုက်သလို ပတ်ချာလည်နေတာနဲ့ ဘလော့လေးကို ပစ်ထားသလို ဖြစ်နေတယ်... ဒီတလော လူကလဲ လုပ်ချင်တာတွေ အရမ်းများနေတယ်... လုပ်ချင်တာတွေ လုပ်ခွင့်မရတိုင်း ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျ ဖြစ်မိတာလဲ အခါခါ၊ ပြီးရင် ကိုယ့်ကိုကိုယ် တရားချရတာလဲ အခါခါ။ ပဌာန်းရွတ် ပရိတ်ရွတ် တရားနာတော့လုပ်နေမိတယ်။ အရင်ကလဲ ပုံမှန်လုပ်မိနေပါတယ်။ ဒါပေမယ့် ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့ အခါကျရင် ဘုရားတရားကို ပိုအားကိုးမိသလိုပဲ။ စိတ်ငြိမ်အောင်လို့ စတိုခန်းထဲထည့်ထားတဲ့ အပ်ချုပ်စက်ကလေး ပြန်ထုတ်ပြီး စက်လဲ ချုပ်လိုက်သေးတယ်... ဟင်းတွေလဲ ချက်ဖြစ်တယ်... မလုပ်ဖြစ်တာက မီးပူတိုက်တာ တခုပဲ...မီးပူတိုက်တာနဲ့ ပက်သက်ပြီးတော့ တခါတလေ ရူးကြောင်ကြောင်နဲ့ စဉ်းစားမိသေးတယ်။ မီးပူတိုက်တာကို ဘယ်သူကများ အဆန်းထွင်လိုက်တယ်မသိဘူးပေါ့... ခုတော့ လူတိုင်းအများစုက မီးပူတိုက်နေကြတော့ ကိုယ်တယောက်ထဲမှ မတိုက်ရင် အဝတ်စားအကြေတွေနဲ့ဆိုတော့ လူက ဘယ်လိုကြည့်ကောင်းမလဲနော်.. ဘယ်သူမှသာ မီးပူတိုက်မဝတ်ကြရင် သူလဲအကြေဝတ် ကိုယ်လဲအကြေဝတ် ဘယ်လောက်ကောင်းမလဲလို့... :) သူများတွေ အကြံပေးသလို မီးပူမတိုက်ရမယ့် အဝတ်စားမျိုး ရှာဝယ်ကြည့်သေးတယ်... အဲလို အဝတ်တွေကလဲ ပိတ်စက နိုင်လွန်ပါတော့ ပူတယ်.. ပူးတေက အရမ်း အိုက်တတ်တော့ ချည်သားပဲ ဝတ်လို့ရတယ်.. ချည်သားဆိုတော့ ပိုကြေတာပေါ့

စာတွေလဲ ပြန်လုပ်ဖြစ်နေတယ်...အင်္ဂလိပ်စာလဲ ပြန်လုပ်နေတယ်။ တိုဖယ်လ် ပြန်ဖြေမလားလို့... တကယ်ကတော့ ပူးတေက လုပ်ချင်တာတွေများနေတာ။ လောဘက အရမ်းကြီးသေးတာ။ ငယ်ငယ်ထဲက စက်ချုပ်ဆိုလဲ တတ်ချင်တယ်။ ကြီးတော်ကြီးဆီကနေ သင်တယ်။ ဆံပင်ညှပ်/ကောက် သင်တန်းလဲ တက်တယ်... ဒေါ်စန်းလေးရဲ့ အိမ်တွင်းမှုလဲ တတ်ခဲ့တယ်... အဲဒီတုန်းက ပူးတေကြိုက်တာက မုန့်ဟင်းခါးဆိုတော့ မုန့်ဟင်းခါးချက်တတ်ချင်လို့ သွားတတ်တာ ၈ တန်းပဲရှိသေးတယ်... အဲဒီတုန်းကတော့ ရယ်ဒီမိတ် မုန့်ဟင်းခါးတွေ မပေါ်သေးတော့ သင်တန်းတောင်သွားတတ်တာ... ရွှေအရောင်းဝယ် သင်တန်းလဲ သွားတက်လိုက်သေးတယ်... အကူညီလိုရင် ပြောနော်... :)

လူတိုင်းတတ်နေကျ ကွန်ပျူတာ စပီကင် သင်တန်းတွေကတော့ ပြောစရာတောင်မလိုဘူး... တတ်ပြီးသားပဲ... အဲဒီတုန်းက မတက်ဖြစ်ခဲ့တာက ရေကူးသင်တန်း။ ဒါလဲ ၂ ရက်လောက်တက်လိုက်သေးတယ်... ပူးတေငယ်ငယ်က မျက်နှာထဲ ရေမွန်းရင်ကြောက်တယ်... ခေါင်းပေါ်ကရေလောင်းချိုးရင်တောင်မှ မျက်စိကို အစွမ်းကုန်မှိတ်ထားရတာဆိုတော့ ရေကူးသင်တန်းတက်တော့ ပူးတေနဲ့ မကိုက်ဘူးလေ... ဒါနဲ့ မတက်ဖြစ်တော့တာ..



body fitness လဲ တတ်လိုက်သေးတယ်..body fitness သွားတက်တာက လူက ပိန်ညောင်လေး(ဗလံလေး)  ဖြစ်နေလို့။ အဲဒီမှာ မောင်မြန်မာ ဆရာသင်တဲ့ သင်တန်းမှာ သွားတက်တာ... သင်တန်းဆိုတာထက် ကိုယ်ကိုယ်တိုင် လုပ်ရတာပါ... ဆရာက တခါလုပ်ပြပြီးရင် ဘာလုပ် ဘာလုပ်နဲ့... ပြီးရင် နောက်နေ့တွေ သူပြောထားတဲ့ အတိုင်းလုပ်ရတာ။ အရင်ဆုံး သွေးပူလေ့ကျင့်ခန်းလုပ်၊ အကြောလျော့။ ပြီးရင် အမျိုးမျိုးပဲ စက်ဘီးလိုဟာကို နင်း၊ လမ်းလျောက်၊ ပြေး၊ ဝိတ်ပြားမ၊ ဝိတ်ပြားကို ပက်လက်လန်နေရင်းနဲ့လဲ မ ဒီအတိုင်းလဲမ။ ခြေထောက်နဲ့လဲ မရတယ်....စက်တွေက ဒီက gym တွေလိုမျိုးပေါ့။ ဆရာ့ပစ္စည်းတွေက အဲဒီအချိန်ခါနဲ့တော့ ခေတ်မှီပြည့်စုံပါတယ်...ဆရာ့ဆီမှာ မယ်မြန်မာတွေ၊ လှယဉ်ကျေးမယ်တွေ လာလေ့ကျင့်ကြတာ။ ပြီးတော့ သူတို့တွေက ပြိုင်ပွဲတွေဝင်ကြ ဆုတွေရကြတယ်။ ဆရာ့ဆီက တပည့်တွေက ပထမ၊ ဒုတိယတွေ ချည်းပဲရကြတာလေ..(ပူးတေမပါဘူးနော်) ပူးတေက ပိန်ညောင်နေလို့ ကိုယ်လက်လှုပ်ရှားဖြစ်အောင်ဆိုပြီးသွားတက်တာ...

လာတက်ကြတာတွေက အစ်မကြီး ဝဝတွေနဲ့ အနေတော်လေးတွေ... ပူးတေက under weight လေး.... ပူးတေကလဲ စိတ်ထဲကတော့ ငါသူတို့လို ပြိုင်ပွဲဝင်အဆင့်တွေ မရောက်တာတောင်မှ သူတို့လို လှအောင်လုပ်မယ်ဆိုပြီး အပြတ်ကို ချတာ.... နေ့တိုင်းသွားတယ်... တချို့နေ့တွေဆို မနက်ရော ညနေရော သွားတယ်...ဆရာကလဲ ပူးတေကို ကလေးလေးဆိုပြီး လွှတ်ထားတာလား ဂရုမစိုက်မိတာလားတော့ မသိဘူး... သူသင်ပေးထားတော့ ပူးတေက ကိုယ့်ကို လုပ်တတ်နေပြီ။ ဆရာဂရုမစိုက်တာ ပိုတောင်ကောင်းသေးတယ်ဆိုပြီး အပြတ်ကိုချနေတာ။ တနေ့တော့ အစ်မကြီး ဝဝ လှလှကြီး တယောက်က ပူးတေကို လာမေးတယ်... ညီမလေးက ဒီလောက်ပိန်နေတာ ဒီထက်ပိန်ချင်သေးလို့လားတဲ့... အမလေး စိတ်ထဲမှာ ဒီအစ်မကြီး ဘာပါလိမ့်ပေါ့ သူများပိန်နေတာ ကိုယ့်ကို သိပါတယ်ပေါ့။ အပြင်မှာတော့ ဟုတ်ဘူးမမ ပူးတေက နဲနဲဝချင်လို့ body fitness လာတတ်တာလို့ ရိုးရိုးသားသား ပြောပြလိုက်တယ်... ဒါပေမယ့်ညီမလေးက နေ့တိုင်းလာနေတာမှတ်လား မမတို့ထက်တောင် အချိန်မှန်သေးတယ်... မမတို့ထက်တောင် ပိုလုပ်နေသေးတယ်တဲ့။ ဒါနဲ့ ပူးတေလဲ ဟုတ်တယ်မမ တချို့ရက်တွေဆို မနက်ရော ညရော လာလုပ်တယ်လို့ ဖြေလိုက်တယ်။ သူက မေးတယ်။ ပူးတေကို ဆရာက အဲလို လာခိုင်းတာလားတဲ့။ ဟင့်အင်းလို့ ဆရာက အဆင်ပြေတဲ့အချိန် ကြိုက်တဲ့အချိန် လာလို့ရတယ်လို့ ပြောတယ်လို့ ပြန်ဖြေလိုက်တယ်။ ညီမလေး မှားနေပြီတဲ့။ မမတို့က ပိန်ချင်လို့ နေ့တိုင်းလုပ်ရတာတဲ့။ ရပ်လိုက်ရင် ပိုဝသွားမှာတဲ့။ ညီမလေးက ဝချင်တာဆို နေ့တိုင်းလုပ်စရာ မလိုဘူးတဲ့။ သူကပြောလဲပြော ဆရာ့ကိုလဲ လှမ်းခေါ်ပြောလိုက်တယ်... ဒီတော့ဆရာက သူ့ကိုပြောထားတယ်တဲ့ တပတ် ၃ ခါလောက်ပဲ လုပ်ဖို့လိုတယ်.. ကျန်တဲ့ ရက်ကို နားရမယ်လို့ ပြောထားတယ်တဲ့။ ဒါကို သူက အစပိုင်း ၁ လလောက်က ဆရာပြောတဲ့အတိုင်း လုပ်တယ်တဲ့။ နောက်ပိုင်းသူက နေ့တိုင်းလာတာတဲ့။ ဆရာလဲ သူ့စိတ်ထဲ ငါ့ကျတော့ ၃ ရက်ထဲ လာခိုင်းတယ်။ တခြားလူတွေကျတော့ နေ့တိုင်းလာရတယ်ဆိုပြီး သူပေးတဲ့ ပိုက်ဆံနဲ့ မတန်ဘူးထင်ပြီး နေ့တိုင်းလာတာထင်တယ်ဆိုပြီး ဆရာက သူ့ကို ၃ ရက်ပဲ လာရမယ်လို့ ထပ်ပြောလိုက်ရင် စိတ်ဆိုးသွားမှာဆိုးလို့တဲ့။ ဆရာပြောမှ ပူးတေလဲ ဆရာ ပူးတေကို ၃ ရက်ပဲလာခိုင်းလို့ ၃ရက်ပဲ လုပ်ခဲ့တာ ပြန်မှတ်မိတယ်... ၃ ရက်လုပ်ပြီး နောက်နေ့ နားတဲ့ရက်တွေကျရင် ပူးတေက ပေါင်တွေ လက်မောင်းတွေ ကြါက်သားတွေနာလွန်းလို့ အိမ်မှာ ပြန်ညည်းမိတာ ပြန်မှတ်မိတယ်... လက်မောင်းတွေဆို ကြက်တောင်ရိုက်ပြီး နောက်နေ့မနက် နာနေသလိုမျိုးကို နာတာ။ အဲဒါနဲ့ သူငယ်ချင်းတယောက်ကို ပြောပြမိတယ်... ငါပေါင်တွေနာနေလို့ နင်ခေါ်တဲ့နောက် မလိုက်နိုင်ဘူးဆိုပြီး... သူက ပြန်ပြောသွားတယ်...လေ့ကျင့်ခန်းဆိုတာ နေ့တိုင်းလုပ်မှ မနာမှာတဲ့ နင်က ၃ ရက်လောက်လုပ်လိုက် နာနေတာကို နားလိုက်တော့ ပျောက်သွားလိုက် ပျောက်သွားတော့မှ သွားလုပ်လိုက်နဲ့ နင်ဒီလို ဆက်လုပ်နေရင် ဒီလိုပဲ တသက်လုံးနာနေမှာပဲတဲ့။ မနာချင်ရင် နေ့တိုင်းလုပ်တဲ့။ သူပြောတဲ့ အတိုင်းနေ့တိုင်းသွားလိုက်တာ မနာတော့ဘူး... ဒီအတိုင်း ဆက်လုပ်ရင်းနဲ့ ပူးတေလဲ ဆရာပြောတာမေ့ပြီး ကိုယ့်သဘောနဲ့ကိုယ် ဆက်လုပ်နေလိုက်တာ ဆရာကလဲ ပူးတေကို ဒီလိုပဲ ထင်တော့မှာပေါ့။

ပူးတေက ကိုယ်လုပ်ချင်တာသာ ကိုယ်လုပ်တာ... ဘာမှန်းကို သေချာလုပ်တာမဟုတ်ဘူး... သင်တန်းတက်ပြီး ဆရာပြောတဲ့အတိုင်း ၃ ရက်ပဲလုပ်တဲ့ ပထမလတုန်းက ပူးတေ ၁ ကီလိုလောက်တက်တယ်ဆိုပြီး ပျော်နေတာ.... နောက်ပိုင်းတွေ ဆက်ချိန်တော့ မတက်တော့ဘူးကျကျသွားတယ်... ဒါပေမယ့် အဲဒီအချိန်တုန်းက ပူးတေက ဘာကြောင့်မှန်းကို မသိခဲ့တာ..အဲဒီနေ့က အဲဒီအစ်မကြီး လှလှဝဝလေးသာ မကယ်ရင် ပူးတေတော့ ဘာဆက်ဖြစ်မယ် မတွေးတတ်တော့ဘူး... ဆရာကလဲ သူ့စကားကို နားမထောင်တဲ့ လူဆိုပြီး ဘာမှကို ဆက်မပြောပဲ ဘေးမဲ့လွှတ်ထားတာ... ပူးတေကလဲ ကိုယ်တွေလက်တွေလဲ မနာတော့ဘူး... လုပ်လို့လဲကောင်းတယ်ဆိုပြီး ဆက်လုပ်နေတာ ဆရာတပည့်နားလည်မှုလွဲပုံများ ကံမကောင်းရင် မသာပေါ်သွားနိုင်တယ်....;(

ပူးတေရဲ့ လွဲချက်တွေက ဒါတွေပဲလားဆိုတော့ မဟုတ်သေးပါဘူးလို့ ... နောက်ကြုံမှပဲ ကိုယ့်အကြောင်းကိုယ် ဖောက်သည်ပြန်ချဦးမယ်နော်... အခုတော့ ကိုယ်လုပ်ချင်တာတွေ လုပ်ခဲ့ တလွဲတွေ ဖြစ်ခဲ့တာတွေကို ဆင်ခြင်ရင်းနဲ့ပဲ အခုလုပ်ချင်တာတွေ လုပ်ခွင့်မရသေးတာကို ကိုယ့်ကို ပြန်ဖြေသိမ့်ထားလိုက်ပါဦးမယ်လို့... :D


ပုံ
အရာရာကို စူးစမ်းချင်သူ တဦး (မရောင်ရာ ဆီလူး ဆိုလားပဲ)

P.S>> ဘလော့လဲ ဒီလိုနဲ့ပဲ လုပ်ချင်ဇောနဲ့ လုပ်ဖြစ်ပြီး ပေါက်ကရတွေရေးဖြစ်နေတာလေးတွေကို သည်းခံပြီး လာဖတ်ပေး အားပေးစကားလေးတွေ ပြောကြားပေး မန့်ပေးကြတဲ့ မိတ်ဆွေ ညီအစ်ကို မောင်နှမအားလုံးကို ကျေးဇူးတင်ပါတယ်လို့

ပုံကို ထုံးစံအတိုင်း GOOGLE ကနေ ယူထားတာပါ... :)