Wednesday, January 6

ttmy ပူးတေ

ပြီးခဲ့တဲ့ နိုဝင်ဘာ ၊ဒီဇင်ဘာ တောက်လျှောက် ဘလော့ရေးဖို့ကို လူကမလှည့်နိုင်ဘူး။ ပူးတေတို့ company က အလုပ်ကြမ်းဝန်ထမ်း (general workers)ပဲ များတာပါ။ ရုံးထိုင်တဲ့လူ သိပ်မရှိဘူးလေ။ ရုံးထိုင်တာဆိုလို့ ပူးတေအပါဝင် မိန်းကလေး ၃ ယောက်ရယ်၊ ကျန်တာက သူဌေးရယ် မန်နေဂျာတွေရယ်ပဲရှိတာလေ။ ကျန်တဲ့လူတွေအားလုံးက ဆိုဒ်ထဲသွားရတဲ့ ယောက်ျားလေးတွေ နဲ့ supervisor တွေချည်းပဲရှိတာ။ ရှိတဲ့ မိန်းကလေး ၃ ယောက်ထဲမှာမှ ပူးတေတို့ရဲ့ Admin က မီးဖွားခွင့် ၄လယူရမှာ။ သူက နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီး ကလေးမွေးတာဆိုတော့ ၁၆ ရက်နေ့ကတည်းက ခွင့်စယူသွားရော။ ဒါနဲ့ကျန်တဲ့ မိန်းကလေး ၂ယောက်မှာ admin ရဲ့  အလုပ်တွေကို တာဝန်ပေးဖို့ကြည့်တဲ့ အခါကျတော့ သူဌေးနဲ့ မန်နေဂျာက ပူးတေကို မျက်စိကျသွားတယ်ထင်တယ်။ (ခိုင်းဖို့ပြောပါတယ်။ :) ) ဒါနဲ့ ပူးတေရဲ့  original ရာထူးလေး QS အပြင်၊ admin, HR and account ဆိုတဲ့ ရာထူးတွေပါ ပိုတိုးလာတယ်။ ရာထူးပဲတိုးတာနော်။ လစာတော့မတိုးသေးဘူး။ :) မစ္စတာပီကလဲ ပူးတေကို ပြောပါတယ်။ အော်ခုတော့ ttmy ပူးတေပေါ့တဲ့။ ttmy ဆိုတာ တောက်တိုမယ်ရကိုပြောတာပါ။ :(     လူကို နှိမ်တာလေ၊ အခွင့်ရတုန်းလေး။

အဲဒီ ttmy ရာထူးအသစ်စက်စက် ပိုင်ရှင်လေးပူးတေရဲ့  အတွေ့အကြုံသစ်ကလေးတွေကို မိတ်ဆွေတွေကိုလဲ ပြောပြချင်တာရယ်၊ ဘလော့မှာလဲ မှတ်တမ်းလေးအနေနဲ့ ထားချင်တာရယ်တွေကြောင့် ပူးတေဒီပို့စ်လေးကို ချရေးမိပါတယ်။ သူများတွေက စွိဒီဇင်ဘာတဲ့။ အဲဒီထဲက ပူးတေလဲ စွိချင်နေတာ။ (စွိဒီဇင်ဘာ ပြန်လုပ်ချင်နေတာလို့) စွိမယ့်စွိတော့ ၃ ထပ်ကွမ်း ရာထူးပိုင်ရှင် စွိပူးတေ ဖြစ်သွားတယ်။ လုပ်နေကျလူတွေအတွက်ကတော့ ပူးတေလုပ်တာတွေက သေးသေးလေးတွေပဲ ဖြစ်မယ်လို့ ပူးတေထင်ပါတယ်။ ကျွမ်းကျင်ရာ၊ လိမ္မာရာ ဆိုတဲ့ စာလိုပဲပေါ့။ ပူးတေအတွက်ကတော့ ကိုယ်မကျွမ်းကျင်တဲ့ အပိုင်းမို့ အမှတ်တရပို့စ်လေးအဖြစ် ဘလော့ပေါ်ကို တင်လိုက်ရတာပါ။

မစ္စတာပီ ဘယ်လောက်ပဲ ဘာပဲပြောပြော ပူးတေကတော့ ဒီတာဝန်ခဏယူပေးရတယ်ဆိုပေမယ့် ကျေကျေနပ်နပ်ကြီးကို ယူပေးခဲ့တာပါ။ သူဌေး၊ မန်နေဂျာ၊ admin စတဲ့ ဒီ လူတွေကလဲ ပူးတေကို ယုံကြည်လို့ ဒီလို ဝန်ထမ်းကိစ္စ၊ ဘဏ်ကိစ္စတွေ၊ CPF ကိစ္စစတဲ့ company ရဲ့  confidential တွေကို ပေးသိရတဲ့ တာဝန်ကို ပေးတယ်လို့ထင်ပါတယ်။  Insurance Plan တွေ၊ leave တွေ၊ ရုံးက တစ်ယောက်ချင်းဆီရဲ့ လစာ၊ allowance ၊ OT၊ Bonus ကိစ္စတွေပါ ဗဟုသုတအနေနဲ့ရော၊ confidential အနေနဲ့ပါ သိခွင့်ရ၊ လုပ်ခွင့်ရလို့ ကိုယ်တာဝန်ယူလိုက်ရတဲ့ အပိုင်းလေးကို ကျေနပ်မိပါတယ်။

သူ့တာဝန်တွေကို ပူးတေကို မလွှဲခင်ကဆိုရင် ပူးတေလဲ ကိုယ်လဲ ရန်ကုန်မှာ ဒါမျိုးတွေ လုပ်ခဲ့သေးတာပဲ။ ဘာခက်တာမှတ်လို့ ဆိုပြီးတော့ အေးဆေးပဲ။ တကယ်တမ်းလဲ ပူးတေတို့ admin လဲ ခွင့်စရော ပူးတေတယောက် ရုံးမှာ ဆပ်ပြာသည် လင်ပျောက်သလိုကို ဖြစ်တော့တာပဲ။ သူ့ခွင့်က  ၁၆ ရက်နေ့စတာဆိုတော့ လလယ်ပိုင်းဆိုတော့ သိပ်ထွေထွေထူးထူး မရှိသေးဘူး။ ပုံမှန်ပဲ ဧည့်သည်လာလိုက်။ customer တွေဆီက delivery လာရင် လက်ခံလိုက်၊ ရုံးကကားတွေ ဒီဇယ်ဖြည့်တာ၊ cash card တွေ top-up လုပ်တာတွေ၊ ရုံးက CNC စက်တွေ ၊ forklift တွေ servicing လုပ်တာတွေလောက်ကိုပဲ လက်မှတ်ထိုး၊ cash ဆို petty cash ထဲကရှင်း၊ ချက် သမားဆို ချက်ရေးပေး၊ သူဌေးက လက်မှတ်ထိုး ဒီလောက်ပဲ၊ ကျန်တာက ကိုယ့်အလုပ်လေး ကိုယ်လုပ်လိုက်၊ နေ့ခင်းဆို ထမင်းစားဆင်းရင် ၁၂ နာရီထဲကနေ ဆင်းလိုက်တာ၊ တချို့  ရက်တွေဆို ၂ နာရီခွဲလောက်မှ ပြန်ရောက်တယ်။ Discount တွေနောက်လိုက်တာလေ။ ပူးတေရဲ့ မန်နေဂျာနဲ့။ သူလဲ shopping ဆို အရမ်းဝါသနာပါတယ်လေ။ ဒီလိုနဲ့ တပတ် (working days 4/5 ရက်) လောက်ပဲကြာတယ်။ အေးအေးဆေးဖြစ်နေရာကနေ ရက် ၂၀ လောက်ရောက်လာတော့ ဝန်ထမ်းတွေလစာပေးပို့ တွက်ရရော၊ တွက်ပြီးသားတွေကို admin အိမ်ကိုသွားပို့၊ သူက checking လုပ်ပြီးတော့မှ ဘော့စ်ဆီတင်၊ ဘော့စ် ကစစ်၊ စစ်ပြီးတော့ လက်မှတ်ထိုး၊ သူလက်မှတ်ထိုး approved လုပ်ထားတာတဲ့ amount တွေအတိုင်း သူပေးလိုက်တဲ့ cheque(ချက်)စာအုပ်အလွတ်ထဲက စာရွက်တွေကို typewriter နဲ့ ရိုက်၊( ပူးတေလုပ်လို့ သူဌေးရဲ့ ချက် ဘယ်နှစောင်မှန်းမသိအောင်ကို cancel လုပ်လိုက်ရသေးတယ်။ :) ၊ ပြီးမှ သူဌေးဆီကိုပို့ သူကပြန်စစ်ပြီးတော့ cheque ပေါ်မှာ လက်မှတ်ထိုးပေးလိုက်ရင် သူ့ကိစ္စကပြီးနေပြီလေ။ သူပေးလိုက်တဲ့ cheque တွေကို bank မှာတခါ ဝန်ထမ်းတွေအတွက် deposite သွားလုပ်ပေးရတယ်။ ဒါက ရက်၂၀ လောက်ကနေစပြီး ၂၈ ရက်နေ့လောက်အထိ ဒီလစာကိစ္စကို အပြေးအလွှားလုပ်ရတယ်။ အပြေးအလွှားလို့ သုံးလိုက်တာ အတိသယဝုတ္တိအလင်္ကာသုံးတာမဟုတ်ပါဘူး။ လုပ်နေကျလူတွေအတွက်ကတော့ ဒါတွေက လစဉ်နဲ့အမျှလုပ်နေတော့ ပူးတေလိုမျိုး အပြေးအလွှားလုပ်ဖို့လိုမယ်မထင်ပါဘူး။ တချို့  company တွေမှာ ဝန်ထမ်းတွေ ထောင်ဂဏန်းလောက်ကို လစဉ် လစာပေးနေကြတာပါပဲ။ သူတို့တွေအတွက်ကတော့ ထမင်းစားရေသောက်ပဲပေါ့။ ပူးတေအတွက်ကတော့ ဒါက first time ပါပဲ။ ဒါကြောင့်ပူးတေမှာ အပြေးအလွှားဖြစ်နေရတာပါ။း)

ဒါတွေပြီးတော့ နားရမယ်ပေါ့ ၊ ကိုယ့်အလုပ်ပဲ ကိုယ်ဆက်လုပ်ယုံပဲ၊ နောက်လ လကုန်ခါနီးကျမှ ဒါမျိုး ငါအလုပ်ထပ်ရှုပ်တော့မှာ၊ အလုပ်ပါးသွားတုန်း ဘလော့ရေးလို့ရပြီလို့ အတွေးကောင်းနေတုန်း၊ admin ဆီက ဖုန်းလာပါတယ်။ hi! good afternoon ဘာဘာညာညာနဲ့ intro ပေါ့လေ။ နင်လစာတွေ လုပ်တာအဆင်ပြေလား၊ နင်ငါမရှိတုန်း ကူတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘာညာနဲ့ ပြီးတော့မှ နင်ငါ့ကို ကူဦးနော်၊ supplier တွေအတွက် ငါတို့ cheque တွေ issued လုပ်ကြရဦးမယ်တဲ့။ တွတ်ပီကံမကောင်းပါလားပေါ့။ ကံမကောင်းတာက အလုပ်လုပ်ရမှာမို့မဟုတ်ဘူး။ တကယ်လဲပူးတေက customer တွေ supplier နဲ့ ဆက်ဆံရတဲ့ အလုပ်ကိုပျော်ပါတယ်။ စင်္ကာပူမှာ မိတ်ဆွေတိုးတာပေါ့။(ရန်သူလဲ တိုးမလားမသိဘူး။)း) လူမျိုးပေါင်စုံနဲ့ တွေ့ရတယ်လေ။ customer ရဲ့ လေသံကတမျိုး၊ supplier တွေရဲ့ လေသံက တမျိုးလေ။ သူတို့နဲ့ ပြောတာတွေ၊ သူတို့ပြောတာတွေ နားထောင်ပြီးတော့ ရန်တွေ့ပုံတွေ့နည်းတွေ ချော့ပုံချော့နည်းတွေ သိလာရတယ်လေ။ e လဲ ပိုကောင်းလာတာပေါ့လေ။ :)(ဝမ်းမချုပ်တော့ဘူးလို့ပြောတာမဟုတ်ဘူးနော် english ပိုကောင်းလာမယ်ထင်တယ်။) အနဲလေးတော့ ဟောက်နည်း၊ ခြောက်နည်း၊ ကိုယ့်ဘက်ပါလာအောင်ဆွဲဆောင်နည်းနဲ့ ပက်သက်တဲ့ vocabulary တွေ တိုးတာပေါ့။ ချော့ပုံချော့နည်း၊ ကောပုံကောနည်းတွေ၊ မျိုးစုံပါပဲလေ။ တွတ်ပီ ကံမကောင်းတဲ့ အကြောင်းကတော့ ဘလော့ရေးရတော့မယ်ဆိုတဲ့ စိတ်ကူးလေး ပျက်သွားရလို့။း(

supplier တွေကို cheque issued လုပ်တဲ့ ကိစ္စကတော့ ပူးတေအတွက် ပိုရှုပ်ထွေးတယ်လေ။
အရင်ဦးဆုံးသူတို့တွေဆီက invoice တွေ debit note တွေကို စုဆောင်းရပါတယ်။ ပြီးရင်တော့ တချို့  company တွေက fax နဲ့ပဲ သူတို့ရဲ့ invoice ကိုပို့ပေးထားတာတွေရှိလို့ အဲဒီ supplier တွေဆီကို original invoice ပေးဖို့တောင်းရတယ်လေ။ သူဌေးက original invoice ရမှ cheque issue လုပ်ခိုင်းတာကိုး။ တချို့ supplier ကုမ္ပဏီက လူတွေကလဲ သူတို့ကို payment ပေးဖို့တာ ဖုန်းနဲ့ တတွတ်တွတ်ခေါ်နေတာ ငါ့ကို original invoice အရင်ပို့ပေးလိုက်ပါဆိုတော့ အေး mail နဲ့ ပို့လိုက်မယ် ဆိုတာက တမျိုး၊ နင်ငါ့ကို payment လုပ်ထားပေး၊ ငါ invoice ပို့ပေးလိုက်မယ်ဆိုတာက တမျိုး။ supplier တွေဆီက original invoice ရပြီဆိုမှ ပူးတေတို့ တကယ်မှာထားတဲ့ P.O တွေနဲ့ ဈေးနှုန်းတွေ၊ total amount တွေ၊  discount % တွေ၊ GST တွေ မှန် မမှန် သေချာတိုက်ကြည့်ပြီး သူ့ဆိုင်ရာ P.O တွေနဲ့ Invoice တွေကို attach လုပ်၊ ပြီးရင် payment voucher တွေလုပ်ပြီး သေချာ double check လုပ်ပြီးပြီဆိုမှ သူဌေးဆီကို approve လုပ်ပေးဖို့ တင်ရပါတယ်။ သူဌေးက approve လုပ်လိုက်ပြီဆိုမှ ပူးတေက cheque တွေကို လက်နှိပ်စက်နဲ့ ရိုက်ရပါတယ်။ သူဌေးက ပူးတေတို့ တင်သမျှ payment တွေ အားလုံးကိုလဲ approve မလုပ်ပါဘူး။ တခါတလေ supplier ကလဲ ကိုယ့်ကို လာပြီး remind လုပ်နေပြီ။ date ကလဲ due နေပေမယ့် အဲဒီ company နဲ့ နောက် project ရှိသေးရင်ပဲဖြစ်ဖြစ်၊ ပေးရမယ့် total amount က အရမ်းများနေရင်ပဲဖြစ်ဖြစ် ပေးရမယ့် ပိုက်ဆံအားလုံးကို အကုန်မပေးသေးပဲနဲ့ 50% သို့မဟုတ် 30% ချန်ထားပြီးမှ ပေးတတ်ပါတယ်။ ဒါကတော့ လုပ်ငန်းရှင်အများစုရဲ့ အကျင့်ပဲထင်ပါတယ်။ (ပူးတေတွေ့ဖူးတာကို ပြောတာပါ၊ အားလုံးကို အပြတ်ချေတဲ့ လုပ်ငန်းရှင်တွေလဲ ရှိရင်ရှိမှာပါ)။ တခါတလေ ပူးတေက 100% payment လုပ်ထားရင်လဲ သူက စသလိုနောက်သလိုနဲ့ မေးတတ်ပါတယ်။ Are you so rich? တဲ့ ။ ပူးတေလဲ ပြုံးပဲပြုံးပြလိုက်ပါတယ်။ တခါတလေတော့လဲ ပြန်ပြောမိပါတယ်။ supplier ဘက်က ဘော့စ်ကိုယ်တိုင် ငါ့ကို chase လုပ်နေပြီလို့ပေါ့။ amount နဲတာတွေတော့ ပူးတေတို့ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့်လဲ ကိုယ်က သူများတာဝန်ကို လပိုင်းလေးပဲ ဝင်ကူညီပေးတာဆိုတော့ အမှားမဖြစ်ချင်တော့ ဆုံးဖြတ်ပိုင်ခွင့်ရှိနေရင်တောင်မှ လုံးဝကို မဆုံးဖြတ်ပါဘူး။ သူဌေးရဲ့ approval ကိုယူပြီးမှပဲ ဆက်လုပ်လေ့ရှိပါတယ်။ cheque တွေ အားလုံးပြီးရင်တခါ သူဌေးကို cheque မှာ လက်မှတ်ထိုးခိုင်းရပါတယ်။ ချက်တွေကို စာရိုက်ရတာတော့ တော်တော်လေးကို လက်ဝင်ပါတယ်။ နဲနဲလေး စာလုံးကွာသွားတာနဲ့တောင်မှ ဘဏ်က reject လုပ်ပါတယ်။ နောက်တခုက ကိုယ့်ရုံးက လူတွေကို လစာပေးတာထက်ပိုပြီးတော့ ဂရုစိုက်ရပါတယ်။ အပြင်လူဆိုတော့ မှားသွားခဲ့ရင်တောင်မှ ပြန်ပြောဖို့ဆိုဖို့က မလွယ်ဘူးလေ။

ခုချိန်မှာတော့ ဝန်ထမ်းရေးရာကိစ္စတွေ၊ ဝန်ထမ်းတွေနဲ့ Petty Cash ကိစ္စတွေ၊ Store ကိစ္စတွေ ၊ အဲကွန်းဆားဗစ်စင်း ကိစ္စတွေကတော့ ပူးတအတွက် အသေးမွှားလေးတွေဖြစ်ကုန်ပြီပေါ့နော်။ :)

ဘာလိုလိုနဲ့ admin ခွင့်သွားတာတောင်မှ တလကျော်လို့ ၂ လတောင်ပြည့်တော့မယ်။ ခုမှပဲ ပူးတေလဲ ရုံးမှာ သူ့အလုပ်တွေနဲ့ အထိုင်ကျတော့တယ်။ ခုတော့ ပူးတေ တယောက် admin, account, HR ဆိုတဲ့ တာဝန်လေးတွေကြားထဲမှာ အဆင်ပြေနေတယ်လို့ ဆိုရမှာပေါ့နော်။ သူများတွေ sweet December မှာ ကိုယ် မ sweet နိုင်ခဲ့ပေမယ့် ခုတော့ ပူးတေအတွက် Sweet January ဖြစ်နေပီလေ။ နောက်လဆို ပို Sweet မှာ။ ရန်ကုန်ပြန်မှာမို့လေ။ :)

(ဒီလိုမျိုးတွေလဲ ခဏ ခဏပေါ့)

ပူးတေ အတွေ့အကြုံလေးတွေကို စိတ်ရှည်လက်ရှည် ဖတ်ပေးကြတဲ့ မိတ်ဆွေအားလုံးလဲ ကျေးဇူးပါလို့။

(ပုံလေးကို အင်တာနက်က ယူတာပါ)


2 comments:

သုခုမလေဒီ said...

ရန်ကုန်ပြန်လာရင်တော့ စွိနိုင်ပါစေ ပူးတေရေ။း))
အဆင်ပြေပျော်ရွှင်ပါစေ။

နွေးနေခြည် said...

မလွယ်ပါလားနော်...
နေခြည်လည်း အဲဒါတွေနားမလည်တော့ ဖတ်ရုံနဲ့တင် အတော်ရှုပ်သွားတယ်။ (ရေးတာရှုပ်တာမဟုတ်ဘူးနော်.. အလုပ်အကြောင်းတွေက ရှုပ်နေတာပဲလို့ :D )