Friday, April 23

မွေးနေ့အမှတ်တရ

ဒီနေ့ ပူးတေမွေးနေ့ပါ... မွေးနေ့နဲ့ မွေးရက်တိုက်ဆိုင်ပါတယ်... သောကြာပူးမို့ အပေအတေအဆိုးလေးမို့ ပူးတေတဲ့

အရင်ဆုံး လူ့လောကထဲရောက်အောင် ခေါ်ဆောင်လာပေးခဲ့တဲ့ မိဘနှစ်ပါးကို ရှိခိုးကန်တော့ပါတယ်... ပူးတေမေမေက သင်္ကြန်မတိုင်မီ ၁ပတ် အလိုထဲက တရားရိပ်သာဝင်တာ ၂၅ရက်နေ့မှ ပြန်ထွက်လာမှာမို့ မေမေကို မွေးနေ့မှာ ဖုန်းနဲ့ ရှိခိုးကန်တော့ခွင့် မရပါဘူး။ ဖေဖေနဲ့ အဖွားကိုတော့ ညထဲက ဖုန်းပြော ကန်တော့ပါတယ်.. ဒါမှ သူတို့ ဒီနေ့ဘုရားသွား ဘုံကျောင်းတက် စာချစတဲ့ အလုပ်တွေကို အေးအေးဆေးဆေး သွားလုပ်နိုင်ကြမှာပါ။ မဟုတ်ရင် ပူးတေဖုန်းဆက်တဲ့အချိန် သူတို့မရှိမှာဆိုးပြီး နောက်ဆံတင်း စိတ်မဖြောင့် ဖြစ်နေမှာဆိုးလို့ပါ။

ဒါက ပူးတေမေမေ လွန်ခဲ့တဲ့နှစ် ၂၀၀၈ သင်္ကြန်တုန်းက သီလရှင်ဝတ်တဲ့ ပုံလေးပါ။ ပူးတေညတိုင်းရှိခိုးပြီးအိပ်ပါတယ်... မနက်ရုံးသွားခါနီးတိုင်းလဲ ရှိခိုးသွားပါတယ်။ မွေးနေ့အမှတ်တရ မေမေ့ပုံလေးကို ပူးတေဘလော့ပေါ်မှာတင်လိုက်ပါတယ်။ ညက ပူးတေ မေမေ့ ဓါတ်ပုံကို upload လုပ်နေတုန်း ဘေးကနေ မစ္စတာပီက အမေပုံပဲတင်ပြီး အဖေပုံမတင်ရင် သူများတွေက အမေ မယ်သီလရှင် တစ်ယောက်ထဲကနေ မွေးတယ်ထင်မှာပေါ့ဆိုပြီး အတင်းလိုက် နောက်နေသေးတယ်။ ကောင်းကောင်းကိုမရေးရလို့ ခုမနက်မှ ဆက်ရေးရတယ်။

ပူးတေကို မွေးတဲ့အချိန်တုန်းက မေမေတော်တော်လေးကို ဒုက္ခရောက်ခဲ့တယ်လို့ လူကြီးတွေ ပြောစကားအရ သိခဲ့ရပါတယ်။ ပူးတေကို ကိုယ်ဝန်စရှိတော့ မေမေက နှင်းဆီပန်း အနီကြီးတွေကို အိပ်မက်မက်လို့ ဒီတခေါက်မိန်းကလေးဖြစ်မှာလို့ မေမေက သူ့ယောက္ခမ(ပူးတေအဖွား)ကို ပြောပါတယ်။ ပူးတေအစ်ကိုက မြေးဦးပါ။ သူတို့က ယောက်ျားလေးတယောက်ရထားပြီးသားဆိုတော့ ဒီတယောက်ကို မိန်းကလေးဖြစ်စေချင်တာတဲ့။ စာသွားချတော့လဲ မိန်းကလေးပဲတဲ့။ ရှေ့ကအစ်ကိုကိုပါ ဦးဆောင်မယ့် သမီးမိန်းကလေးပါတဲ့။ ကပ်ကြွားတာ.. :D တကယ်ပဲအဲဒီအချိန်က အားလုံးပဲ  အားလုံးဝမ်းသာကြပါတယ်တဲ့။

ပူးတေကို မွေးတဲ့အချိန်မှာ ပူးတေတို့အိမ်က လက်ဖက်ရည်ဆိုင်ဖွင့်ထားလို့ အရမ်းအလုပ်ရှုပ်ပါတယ်တဲ့။ ပူးတေကိုမွေးပြီးတဲ့အချိန်မှာ မေမေက ပူးတေကိုနို့တိုက်လို့မရခဲ့ပါဘူး... မေမေပြောတာတော့ နို့ချောင်းပိတ်တာတဲ့.... အရမ်းနာပြီး အရမ်းခံစားရပါတယ်တဲ့... ကလေးကငို နို့ကတိုက်ချင်ပေမယ့် မခံမရပ်နိုင်အောင်နာနေလို့ မတိုက်ရ၊ မတိုက်ရတဲ့အတွက်စိတ်မကောင်းဖြစ်ပြီး ငိုနဲ့ တော်တော်လေး အကျပ်တွေ့ခဲ့ပါတယ်တဲ့။ နောက်ဆုံးမခံနိုင်လို့ ဆေးရုံတက်ပြီး နို့နှစ်ဖက်လုံးခွဲစိပ်ကုသခဲ့ရပါတယ်တဲ့။ ပူးတေကလဲ နို့ဗူးပဲစို့ရတော့ အခုခေတ်လို နို့ဗူးပေါင်းတာတွေဘာတွေ မပေါ်သေးတဲ့ နို့ဗူးဖျော်ဖို့ သန့်ရှင်းရေးလုပ်ဖို့တွေအတွက် အရမ်းကိုပဲ ကရိကထများခဲ့တယ်လို့ သိခဲ့ရပါတယ်... ဒါနဲ့ပဲ ပူးတေအမေဆေးရုံစတက်တဲ့ အချိန်ကနေစပြီး မေမေနေပြန်ကောင်းတဲ့အချိန်ထိ ပူးတေက မေမေ့ညီမ အဒေါ်အပျိုလေး(အပျိုကြီးတွေမဟုတ်ပါ။ ပူးတေမေမေက ၂၁ နှစ်နဲ့ အိမ်ထောင်ကျတဲ့အတွက် သူ့ညီမတွေအားလုံးက အဲဒီအချိန်က အသက် ၂၀ ဝန်းကျင်ပါပဲ) တွေနဲ့ နေခဲ့ရပါတယ်။ ဒါနဲ့ပဲ ရှိတဲ့အစ်ကိုအပေါ်မှာ ဗိုလ်လုပ်ပြီးဆိုးခဲ့ အနိုင်ယူခဲ့ပါတယ်။ အစ်ကိုနဲ့ပူးတေနဲ့က ၃ နှစ်ခြားပါတယ်... ပူးတေကြောင့် သူအဆော်ခံခဲ့ရတာတွေ မနည်းဘူးလို့လဲ သတိရတိုင်းပြောပါတယ်။ :D ညီမလေးအပေါ် ဘယ်လို အနိုင်ကျင့်ခဲ့တယ်ဆိုတာတွေကတော့ ဒီပို့စ်လေးမှာရှိတယ်။

မွေးနေ့မှာ မေမေ့ကျေးဇူး ပြန်လည်သတိရပြီးတော့ ငယ်ငယ်က ပူးတေကို ဘယ်လို ဒုက္ခခံပြီးမွေးခဲ့ရလဲဆိုတာတွေးကြည့်ရင် ဒီကျေးဇူးတွေက ဆပ်လို့မကုန်နိုင်အောင်ပါပဲ။ ဒါကြောင့် မွေးမေကျေးဇူးများကို ဒီပို့စ်လေးနဲ့ မှတ်တမ်းတင်ရပါတယ်...မေမေကျန်းမာချမ်းသာနဲ့ သားသမီးအကျိုးခံစားပြီး စိတ်သွားတိုင်းကိုယ်ပါ သာသနာအကျိုးဆောင်ရွက်နိုင်တဲ့ မိခင်တယောက်ဖြစ်ပါစေလို့ သမီးဒီနေရာကနေဆုတောင်းလိုက်ပါတယ်...

စားစရာတွေကျွေးချင်ပေမယ့် အစ်ကိုတယောက်အလည်ရောက်နေတာရယ်၊ အမျိုးသားရဲ့ ဧည့်သည်နှစ်ယောက်အလည်ရောက်နေတာရယ်၊ ရုံးမှာ ပရောဂျက်အသစ်စတဲ့အချိန်ရယ်ပေါင်းပြီး လုံးဝမအားတာ မွေးနေ့ပို့စ်လေးတောင်မှ အခုမှပဲ လက်စသတ်နိုင်ပါတယ်...ဒါကြောင့် စားစရာ သောက်စရာတွေကို ပူးတေရဲ့ ချစ်မမက ပူးတေကိုယ်စား ဧည့်သည်တွေကိုတည်ခင်းဧည့်ခံကျွေးမွေးမှာမို့ ဒီမှာ သွားရောက်သုံးဆောင်ကြပါလို့.... 

ဒါလေးက မမအဖြူရောင်နတ်သမီးပေးတဲ့ မွေးနေ့ကတ်လေးပါ...


မမအဖြူရောင်နတ်သမီးရေ မွေးနေ့ပွဲလေးအတွက်ကျေးဇူးအထူးတင်ပါတယ်နော်... ဘယ်တော့မှ မမေ့ကြေးနော်.... အာဝါး x infinity. နော် ချစ်မမ :D

ဒါကတော့ သူငယ်ချင်း သက်တန့်ချိုပေးတဲ့ မွေးနေ့ကတ်လေးပါ။ သူငယ်ချင်းရော ကဗျာလေးအတွက်ရော၊ အမှတ်တရရှိတဲ့အတွက်ရော၊ ကတ်လေးအတွက်ရော အရာအားလုံးအတွက် ကျေးဇူးပါနော်... ကျေးဇူးx infinity ပါနော်... အမြဲအမှတ်ရနေမှာပါ။

နောက်ဆုံးရသတင်း ... ဒီညနေ အိမ်က မစ္စတာပီကြီးက အစ်ကိုတွေလဲရောက်နေလို့ ဆန်တိုဆာ လိုက်ပို့ပါမယ်တဲ့ မွေးနေ့အမှတ်တရ သွားကြပါမယ်... :D

Saturday, April 17

နှစ်သစ်မင်္ဂလာ

အားလုံးပဲ နှစ်သစ်မင်္ဂလာမှာ ဘေးအရန်အပေါင်းကင်းဝေး၍ ချမ်းသာကိုယ်စိတ်မြဲကြပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း ကျေးဇူးတော်ရှင် ဆရာတော်ကြီးများရဲ့  ပုံတော်များကို နှစ်သစ်ကူးကုသိုလ်အဖြစ် အားလုံးဖူးမျှော် ကြည်ညိုနိုင်ကြစေဖို့ မျှဝေပေးလိုက်ပါတယ်ရှင်...

 
(သာမညတောင်ဆရာတော်ဘုရားကြီး)

(တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး)        (မဟာစည်ဆရာတော်ဘုရားကြီး)


(ကစင် ဆရာတော်ဘုရားကြီး)               (ဆားတောင်ဆရာတော်ဘုရားကြီး)


 
        
(သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရား)            (ချမ်းမြေ့ဆရာတော်) 


သင်္ကြန်အကြတ်နေ့ (၁၅.၀၄.၂၀၁၀)နေ့ ဗုံးပေါက်ကွဲရာမှာ ကွယ်လွန်သွားကြတဲ့ ပုဂ္ဂိုလ်များအားလုံးလဲ ကောင်းရာဘုံဘဝများသို့ ရောက်ရှိနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။ မကျွတ်မလွတ်သော ဘုံဘဝများသို့ ရောက်ရှိခဲ့ရင်လဲ နှစ်သစ်မှစ၍ ကောင်းမွန်သော ဘုံဘဝများသို့ ကျွတ်လွတ်ရောက်ရှိပါစေလို့ မိသားစုဝင်များနဲ့ ထပ်တူတပ်မျှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်။ ဒဏ်ရာရရှိတဲ့ လူနာများလဲ အမြန်ဆုံး ကျန်းမာပကတိ ချမ်းသာရှိပါစေလို့ နှစ်သစ်မှာ ဆုတောင်းမေတ္တာပို့သပါတယ်။

ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျန်းမာ ချမ်းသာ ဘေးရန်ကင်းကွာနိုင်ကြပါစေသော်ဝ်....


>>>>ဆရာတော်ကြီးများ၏ပုံတော်များအား သိက္ခာတော် ဝါတော်အရ စီစဉ်ထားခြင်းမဟုတ်ပဲ သိမှတ်သလောက် စီစဉ်ထားရပါသဖြင့် သိက္ခာတော် ဝါတော်များနှင့် ပုံတော်အစီအစဉ်များလွဲမှားနေပါက ဖြည့်စွက်နားလည်ပေးကြပါရန်။ <<<<

Wednesday, April 14

မှော်ဘီ GTC/GTI ကျောင်းသား/သူ ဟောင်းများသို့

မနေ့ညက Forward Email တစ်စောင်ရတယ်...မှောဘီ GTC ကျောင်းသားတွေရဲ့ စုပေါင်းအလှူနဲ့ ပြန်လည်တွေ့ဆုံပွဲတဲ့။ ကျောင်းနာမယ်လေးတွေ့ တာနဲ့တင် ပျော်သွားတယ်။ ပူးတေလဲ မှော်ဘီ GTC ကျောင်းသူဟောင်းပဲ။ ဒါပေမယ့် အခု ဦးစီးလုပ်ဆောင်မယ့် အစ်ကို၊အစ်မ တွေလား မောင်၊ ညီမတွေလားတော့မသိဘူး... သူတို့တွေကို ပူးတေမသိပေမယ့် အားလုံးက ကိုယ့်ကျောင်းက ညီအစ်ကို မောင်နှမတွေပဲ.. သွားမယ်လို့ စဉ်းစားထားတယ်... (အိပ်ယာနိုးပါ့မလားမသိဘူး...း) ဒုတိယအကြိမ်တောင်ရှိနေပြီတဲ့... ပထမအကြိမ်တော့ ပူးတေလဲ မသိလိုက်ဘူး... ဒါ့ကြောင့် အခုအကြိမ်ကနေစပြီး အဆင်ပြေရင် ငွေရတုတွေ၊ ရွှေရတုတွေ တိုင်အောင် တွေ့ဆုံနိုင်အောင် နှစ်တိုင်း အဆင်ပြေစွာ ကျင်းပနိုင်အောင် နှစ်သစ်မှာ ဆုတောင်းလိုက်ပါတယ်... ဦးဆောင်ကျင်းပပေးတဲ့ ပုဂ္ဂိုလ်အားလုံးကိုလဲ ဒီနေရာကနေ ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေနော်... ပူးတေက သူငယ်ချင်းတွေ မတွေ့ဖြစ်ကြတဲ့လူတွေ တွေ့ဖြစ်ဆုံဖြစ်အောင် ဒီနေရာကနေ ကြော်ငြာလိုက်ပါတယ်လို့... နောက်နှစ်တွေလဲ ပူးတေပါဝင်ဆင်နွှဲပါမယ်... အခုနှစ်လဲ လိုအပ်တာတွေ လုပ်ပေးချင်တယ်... အီးမေးလ် လေးကတော့ အောက်ကအတိုင်းပါပဲ။

ခင်မင်ရသောသူငယ်ချင်းတို့......


ငါတို့ GTI/GTC မှော်ဘီ က သူငယ်ချင်းတွေရဲ့ ဒုတိယအကြိမ်မြောက် စုပေါင်းအလှူလေးကို (၁၈.၀၄.၂၀၁၀,Sunday)နှစ်ဆန်းနှစ်ရက်နေ့၊ စမ်ဘာဝမ်း ဘုန်းတော်ကြီးကျောင်းမှာ နှစ်သစ်ကူးအလှူအဖြစ် ကျင်းပလှူဒါန်းကြဖို့ စီစဉ်ပြီးပါပြီ။ အစီအစဉ်ကတော့ အဲဒီနေ့မှာ အရုဏ်ဆွမ်းအဖြစ် ကြာဇံကြော်နဲ့ အချိုပွဲ ကပ်မယ်၊ န၀ကမ္မ ကပ်မယ်၊ လာရောက်ကြတဲ့ သူငယ်ချင်းတွေကိုလည်း ကြာဇံကြော်၊ လက်ဖက်ရည်၊ ကော်ဖီ၊ အအေး စသည်ဖြင့် ဖွယ်ဖွယ်ရာရာ ကျွေးပါမယ်။ ဒါကြောင့် သူငယ်ချင်းတို့အားလုံး အဲဒီနေ့မှာ နှစ်သစ်ကူးအလှူကို အတူတကွဆင်နွှဲကြဖို့ရယ် ငါတို့မှော်ဘီကျောင်းသား/သူတွေ ပြန်တွေ့ဆုံကြဖို့ မပျက်မကွက် လာရောက်ကြပါလို့ အားလုံးကိုယ်စား ဖိတ်ကြားရပါတယ် သူငယ်ချင်းတို့...............

(စာကြွင်း။ ။ Sembawang ဘုန်းတော်ကြီးကျောင်းနဲ့ နီးတဲ့သူ၊ ဝေးတဲ့သူ စသည်ဖြင့် ရှိနိုင်တဲ့အတွက် တရားနာချိန်မမှီလည်း ကိစ္စမရှိပါ၊ ရောက်အောင် သာလာခဲ့ကြပါ။ Detail ကြည့်ပြီးမပါသေးတဲ့သူငယ်ချင်းတွေကို ဒီမေးလ်လေးလည်း Forward လုပ်ပေးကြပါ။)

နေရာ

Sembawang ဘုန်းတော်ကြီးကျောင်း
No.2, JALAN KERAYONG, SEMBAWANG STRAITS EASTATE,
SINGAPORE 759300
(Sembawng bus interchange မှ ၈၈၂ စီးပါ။)

အစီအစဉ်

ဆွမ်းကပ်တရားနာ - မနက် ၆း၀၀ မှ ၈း၀၀
စားကြသောက်ကြတွေ့ဆုံကြ - မနက် ၉း၃၀ အထိ

ဆက်သွယ်ရန်

ညီညီ ( ၈၁၆၁ ၆၁၃၉ )
အောင်ကျော်မင်း ( ၉၃၉၅ ၂၂၁၄ )
ငြိမ်းချမ်းထက် ( ၈၂၀၀ ၈၆၈၁ )
ခင်သန္တာထွေး ( ၉၇၅၉ ၄၅၄၇ )
နန္ဒာ ( ၉၀၆၀ ၆၃၀၅ )
စုစန္ဒာမြင့် ( ၈၂၀၄ ၆၁၁၅ )
မြတ်ဆု ( ၉၄၂၃ ၂၅၉၀ )

အားလုံး ပြန်လည် တွေ့ဆုံကြပါစို့....

Saturday, April 3

တရားပွဲ အညွှန်း နှင့် ဖိုးဖိုး နှစ်ပတ်လည်

ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့…မင်္ဂလာပါရှင် !

လောကချမ်းသာကျောင်း၊ Brooklyn, New York တွင် သီတင်းသုံးတော်မူသော စိန်စီဆရာတော် ဘဒ္ဒန္တ သညောဘာသ (မဟာစည်ဆရာတော်) မှ စင်္ကာပူနိုင်ငံတွင် တရားတော်များကို ဟောကြားချီးမြှင့်မည်ဖြစ်ပါသဖြင့် တရားတော်နာယူနိုင်ကြပါစေရန် နိဗ္ဗာန်အကျိုးမျှော်၍ ညွှန်းဆိုလိုက်ပါတယ်ရှင်။

နေ့ရက် ၊ နေရာ နှင့် အချိန်
**နေ့ရက် - (03 April 2010) စနေနေ့
    အချိန် -  စင်္ကာပူစံတော်ချိန် ညနေ ၆း၃၀ နာရီ မှ ၇း၃၀ နာရီ
    နေရာ - Burmese Buddhist Temple (Topayoh) 14, Tai Gin Road, Singapore 327873

**နေ့ရက် - (04 April 2010) တနင်္ဂနွေနေ့
    အချိန် - စင်္ကာပူစံတော်ချိန် ညနေ ၇း၀၀ နာရီ မှ ၈း၀၀ နာရီ
    နေရာ - Blk 113 #06-178, Bukit Batok West Ave 6, Singapore 650113

               (8min walk from Bukit Batok MRT) ph: 90217581, 64058684

ဒီနေ့ (03 April 2010) စနေနေ့ ဟာ ပူးတေရဲ့ အန်းကုန်း ဆုံးတာ ၆ နှစ်တိတိ ပြည့်တဲ့ နေ့ ဖြစ်တဲ့ အတွက် ရန်ကုန်အိမ်မှာ အလှူလုပ်ကြပါတယ်။ ပူးတေကလဲ ဒီကိုမလာခင်ထဲက နိုင်ငံခြားရောက်ရင် အခြေအနေအရ နှစ်စဉ်ကိုယ်တိုင်ကိုယ်ကျ မလှူဖြစ်ခဲ့မှာ စိုးရိမ်တဲ့ အတွက် နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှာ ကွယ်လွန်သူ ဖိုးဖိုး ဦးမောင်တင်အားရည်စူး၍ " နှစ်စဉ် ဧပြီလ ၃ ရက်နေ့ရောက်တိုင်း ရိပ်သာရှိ သံဃာများနှင့် ဘိုးဘွားများအား ဆွမ်းကျွေးရန်"  ဆိုပြီး ငွေပဒေသာပင် စိုက်လှူခဲ့ပါသေးတယ်။ ဒါပေမယ့် မနေ့ညကထဲက အဖိုးအတွက် တခုခု ထပ်လှူပေးချင်နေတဲ့အတွက် အမျိုးသားကို ပြောပြတဲ့အခါ ဒီနေ့ညနေ သူ အလုပ်ကနေ ပြန်လာတဲ့အခါ တိုပါးရိုးကျောင်းမှာ သွားလှူကြရအောင်လို့ ပြောပါတယ်။ ဒီနေ့ တရားပွဲ သတင်းလေးရတော့ တော်တော်လေးပျော်သွားပါတယ်။ အဖိုးအတွက် အလှူလှူခွင့်ရတဲ့ အပြင် တရားနာခွင့်လေးပါရတဲ့ အတွက် တရားပွဲ စီစဉ်သူ သူတော်ကောင်း အပေါင်းကိုလဲ  ကျေးဇူးအထူးတင်ပါတယ်လို့ ဒီနေရာလေးကနေ ပြောပါရစေရှင်။

ဒီကနေ့ မြန်မာစံတော်ချိန် မနက် ၁၀ နာရီလောက်ဆိုရင် နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှာ ရိပ်သာရှိ ဘုန်းဘုန်း(ဆရာတော်)က တက်ရောက်နိုင်တဲ့ အလှူရှင်တွေရော၊ မတက်ရောက်နိုင်တဲ့ အလှူရှင်တွေရဲ့ ကိုယ်စားပါ ဒီကနေ့လှူတဲ့ အလှူရှင်အားလုံးနှင့် လူ နတ် ဗြဟ္မာ သတ္တဝါအားလုံးကို အမျှပေးဝေပါလိမ့်မယ်။ ပြီးတော့ ဖိုးဖိုးအတွက် ဒီနေ့မနက်မှာ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာတိုင်နှင့် သစ်သီးဆွမ်းကပ်၊ ဘုရားဝတ်ပြု၊ မေတ္တာပို့အမျှဝေထားတဲ့ ကုသိုလ်ကောင်းမှုအစုစုကိုရော ၊ ဘိုးဘွားရိပ်သာမှာ လှူခဲ့တဲ့ ကုသိုလ်ကောင်းမှု အစုစုကို ဒီဘလော့ကနေတဆင့် အမျှဝေပါတယ်။ ဖိုးဖိုးနှင့်တကွ အားလုံးအမျှရကြ၍ သာဓုခေါ်ဆို နိုင်ကြပါစေ.....

ဖိုးဖိုး ဦးမောင်တင် နှင့်တကွ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့ အားလုံး သိ၊ မြင်၊ ကြား သမျှ
အမျှ......... အမျှ.........အမျှ   ယူတော် မူကြပါကုန်သော်ဝ်...

သာဓု ... သာဓု ... သာဓု

အားလုံးသော လူ နတ် ဗြဟ္မာ သတ္တဝါတို့ တွင်းပြင် နှစ်တန် ဘေးရန်ကင်းကြပါစေ
အားလုံးသော လူ နတ် ဗြဟ္မာ သတ္တဝါတို့ စိုးရိမ်ဝမ်းနည်း စိတ်ဆင်းရဲ ကင်းကြပါစေ
အားလုံးသော လူ နတ် ဗြဟ္မာ သတ္တဝါတို့ နာကျင်လွန်ကဲ ကိုယ်ဆင်းရဲကင်းကြပါစေ
ကိုယ် စိတ် နှစ်ဖြာ ချမ်းသာစွာနှင့် မိမိတို့၏ ခန္ဓာဝန်ကို ကောင်းစွာ ရွက်ဆောင်တော်မူနိုင်ကြပါစေ....