Monday, September 14

ဒီနေ့ (Booking)

အိမ်က အစ်ကိုကို ဖုန်းလှမ်းဆက်လိုက်တယ်။ သိချင်နေတာလေးရှိနေတာလေ။ ဒါနဲ့ 1818 ကဒ်နဲ့တောင်မခေါ်တော့ပဲ တိုက်ရိုက်ခေါ်လိုက်တယ်။ အရမ်းသိချင်နေလို့။ သူ့တို့ မနေ့က သွားလုပ်တဲ့ကိစ္စလေး အဆင်ပြေလား၊ ပူးတေတို့ လိုချင်တဲ့နေ့ရလားလို့ မစ္စတာပီကလဲ သိချင်နေတာလေ။ ဒါနဲ့ ပူးတေဒီမနက် သူအိပ်ယာနိုးမယ့်အချိန်ထိစောင့်ပြီး(အစ်ကိုက သူအိပ်နေတုန်း ဖုန်းလာရင် အရမ်းစိတ်ဆိုးတာလေ။ ဒါက ပူးတေတို့ မောင်နှမတွေ အားလုံးတူတူပဲ။ အရေးကြီး ကိစ္စဆိုရင်တော့ ရပါတယ်။ ခုဟာက ပူးတေတို့ အတွက် အရေးကြီးပေမယ့် သူကတော့ အဝေးကြီးလိုသေးတယ်လို့ ပြောမှာပေါ့။) ဆက်လိုက်တော့ အစ်ကိုက သူ့ရုံးခန်းတောင်ရောက်နေပြီလေ။ စောင့်ရကျိုးနပ်ပါတယ်။ ပူးတေတို့လိုချင်သလို အကုန်လုံးအဆင်ပြေတယ်တဲ့။ ဟီး ပျော်လိုက်တာ ထိန်းလို့ကိုမရဘူး။ ကိုယ်သိချင်တာသိရတော့ သူပြောတာ နားထောင်နေပေမယ့်လဲ မကြားတော့ဘူး။ သူမေးတာတွေလဲ ပေါက်တတ်ကရတွေ ဖြေလို့ အစ်ကိုက ဒါဆိုလဲ ဒါပဲ။ တလွဲတွေဖြေမနေနဲ့တဲ့။ ဟီး ဟီး။ သူသိသွားတယ်။ ဒါနဲ့ ဖုန်းချလိုက်တယ်။ ချပြီးတာနဲ့ မစ္စတာပီဆီကို တန်းခေါ်တော့တာပဲ။ နေ့လည် ထမင်းစားချိန်ထိတောင်မှ မစောင့်နိုင်တော့ဘူး။ ပူးတေလဲ ပြောချင်တာတွေပြောလိုက်တော့ သူလဲ တော်တော်ပျော်သွားတယ်။ အရင်ကဆို ပူးတေ သူ့ဆီကို အလုပ်ချိန်မှာ ဖုန်းဆက်ရင် ဒါပဲနော်။ Lunch Time ကျမှ ပြန်ခေါ်မယ်။ သူများပြောစရာဖြစ်မယ်ဆိုပြီးတော့။ ခုတော့ သူကိုယ်တိုင်ကိုက မေးခွန်းတွေမေးနေတာလေ။ သူမေးတာတွေ ပူးတေလဲ သေချာမသိဘူး။ ဘာလို့လဲဆို ခုနက အစ်ကိုနဲ့ ပြောတုန်းက သေချာမှ နားမထောင်တာကိုး။ ဒါနဲ့ သူလဲ အရေးကြီးတာ သိရရင်ပြီးတာပါပဲဆိုပြီး ဖုန်းချသွားတယ်။ သူဖုန်းချသွားတဲ့ အထိ ပူးတေရင်ထဲက ဝမ်းသာနေတာက မပျောက်သေးဘူး။ ဒါနဲ့ ပူးတေဘလော့လေးထဲမှာ ဒိုင်ယာရီ အနေနဲ့ ချရေးထားလိုက်တာ။ စာလာဖတ်တဲ့ သူငယ်ချင်းတွေ ဘာမှန်းမသိ စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်နော်။ အခုတော့ အမှတ်(၁) ခြေလှမ်းအနေနဲ့ သိမ်းထားလိုက်တယ်။ ခြေလှမ်းအားလုံးပြည့်သွားလို့ ပူးတေတို့ သွားချင်တဲ့နေရာရောက်ပြီဆိုရင် ဘာလဲဆိုတာ သိရမှာပါ။ အမှတ်(၁) ခြေလှမ်းလေးက ပူးတေတို့ လိုချင်သလိုဖြစ်လာလို့ ပူးတေရင်ထဲမှာ အတိုင်းမသိ ဝမ်းသာရပါတယ်ရှင်။...

ပုံလေးကို ဒီကနေယူတာပါရှင်

Saturday, September 12

မကြွား

ပူးတေမှာ ညီမအရင်းလေး တယောက်နဲ့ မေမေ့ဘက်က ဝမ်းကွဲမောင်နှမတွေကတော့ ၂၈ယောက်တောင်ရှိတယ်လေ။ မေမေတို့က မောင်နှမ ကိုးယောက်တောင်ရှိတာကိုး။ ဖွားဖွားက မွေးထားတာလေ။ အခုတော့ မေမေ့ အစ်ကိုအကြီးဆုံးက ဆုံးသွားတာ ၃ နှစ်တောင်ရှိပါပြီ။ ပြောရင်းနဲ့ စကားက လမ်းလွဲသွားပြန်ပြီ။ နောက်မှ မေမေတို့ ညီအစ်ကို မောင်နှမတွေအကြောင်း ပြောပြမယ်နော်။ အခုက ညီမလေးနဲ့ နို့ညှာအဒေါ်က မွေးထားတဲ့ သမီးလေး(ပူးတေတို့နဲ့ ဝမ်းကွဲညီအစ်မပေါ့ သူ့နာမယ်က အီးဘုတ်လေးတဲ့)တို့အကြောင်း ပြောပြမလို့။ အီးဘုတ်လေးက ငယ်ငယ်က ဝဝကစ်ကစ်လေးနဲ့ ချစ်စရာလေးမို့တဲ့ အဒေါ်တစ်ယောက်က အပြောင်အပျက်ခေါ်လိုက်တာ အီးဘုတ်လေးဆိုတဲ့ နာမယ်က တွင်သွားရော။ အီးဘုတ်လေး ၄နှစ်သမီးအရွယ်လောက်ကပေါ့ ပူးတေညီမလေးက ၁၀တန်း၊ အီးဘုတ်လေးကလဲ မူကြိုတက်ခါစလေးနဲ့ အတန်းကြီးကျောင်းသားတွေ စာကျက်သလို စာအရှည်ကြီးကို သူကအော်ဖတ်ချင်နေတဲ့အချိန်။ ညီမလေးက ဆယ်တန်းကို သိပ္ပံတွဲယူထားပြီးစာတွေ အရမ်းများလို့ စိတ်ပျက်နေတဲ့ အချိန်။ အဲဒီတုန်းက ညီမလေးက ကျန်းမာရေးသိပ်မကောင်းလို့ ဆေးရုံတက်လိုက် ကျောင်းတက်လိုက်၊ ကျူရှင်တက်လိုက်၊ ဂိုက်လာလို့ စိတ်ညစ်လိုက် ဖြစ်နေတဲ့ အချိန်ပေါ့။ အခုလဲ သူ့ခမျှာ စာတွေလုပ်နေရပြန်ပြီလေ။
တနေ့တော့ ညီမလေး ဘိုင်အိုတွေ အော်ကျက်နေတဲ့ အချိန်ပေါ့။ ညီမလေးက စာကျက်ရင် အော်လဲကျက်တယ်။ ပြီးတော့ စာတကြောင်းကိုလဲ ထပ်ပြန်တလဲလဲ ၃ခါ ၄ခါ လောက်ပြန်ပြန်ဆိုတယ်။ အဲဒီတုန်းကလဲ ကျောင်းကဆရာမတွေက ကျူရှင်ပဲတတ်ပြီး ကျောင်းလာမတတ်ရင် ကျောင်းခေါ်ချိန် မပြည့်ရင် စာမေးပွဲဖြေခွင့် မပေးဘူးဆိုလို့ ကျောင်းတတ်ရတယ်။ သူတို့သင်တဲ့စာကို နေ့တိုင်းပြန်ဆိုပြနေရတဲ့ အချိန်ပေါ့။
အဲဒီမှာ အီးဘုတ်လေးက ပူးတေနဲ့ သူ့အမေ(ပူးတေအဒေါ်)ရှိတဲ့ နောက်ဖေးမီးဖိုချောင်ကို သူပြေးဝင်လာပြီးတော့ " မာမားရေ မာမားတဲ့ မဆုကျက်နေတဲ့ စာကို မီး ရသွားပြီတဲ့။ " ဆိုပြီး ဝမ်းသာအားရပြောတယ်။ သူက လေးနှစ်သမီးလေး ၊ ဆယ်တန်းစာကို သူရသွားပြီတဲ့။ အဲဒါနဲ့ ပူးတေအဒေါ်က " ဟေ သမီးလေး ဟုတ်လား မဆုက ဘာတွေကျက်နေတာလဲ ဆိုပြပါဦး " လို့ မြှောက်ပေးလိုက်တော့ သူကလေ " မကြွား မကြွား မကြွား" ဆိုပြီး မပီကလာလေးနဲ့ ဆက်တိုက်လို အော်တော့တာပဲ။ ဒါနဲ့ ပူးတေရော သူ့အမေရော ညီမငယ်လေး စာကျက်နေတဲ့ ဆီသွားပြီးတော့ ညီမလေးဘာကျက်နေတာလဲလို့ သွားနားထောင်ကြတော့ ညီမလေးက ဘိုင်အိုထဲက အပင်တွေမျိုးပွားပုံကို ကျက်နေတာလေ။ ညီမလေးက m-a-t-u-r-e (mature) ရင့်မှည့်သော o-v-a-r-y (ovary) မျိုးစေ့ဆိုပြီးတော့ စပါးလင်(စပယ်လ်လင်) တွေ ကျက်နေတာလေ။ အီးဘုတ်လေးလဲ ကိုပေါရဲ့ အားလုံးပြု နဲ့ ဘူးဂျော့လိုပဲ ကြားတာက mature ကို မကြွားတဲ့။ ဒါတောင် သူကဆက်ပြောသေးတယ်။ " မီးတောင်မှ ရသွားပြီ၊ မဆုက ခုထိမရသေးဘူး ၊ မီးက မဆုထက် ပိုတော်တယ်နော် မာမားတဲ့ " :)

နောက်ကြုံမှ ကျန်တဲ့ မောင်နှမဝမ်းကွဲတွေရဲ့ အမှတ်တရလေးတွေ ပြောပြဦးမယ်နော်။

Friday, September 11

ပူးတကောင်ရဲ့  အထ္တုပ္ပတ္တိ (ကြွက်ပေနဲ့ ပူးတေ ဇာတ်လမ်း)



ဒီပူးက တခြားပူးတွေလို တောထဲမှာ မွေးတာမဟုတ်ဘူး။ စမ်းချောင်းထဲမှာမွေးတာ :) ခုတော့ ကျွန်းတကျွန်းပေါ် မိသားစုတွေနဲ့ သင်းကွဲပြီး တကောင်ထဲ လမ်းမှားပြီး ခြေရှည်စွာ ကိုယ့်သဘောနဲ့ကိုယ် ရောက်လာတာ။ ကျွန်းပေါ်မှာ တကောင်ထဲ လျှောက်သွားနေတုန်း ကြွက်ပေကြီးတစ်ကောင်(ကြာသပတေးဘွန်း-လို့ ဂျိမ်းစ်ဘွန်း ဟုတ်ဘူးနော် :P ) လိုက်ဖမ်းတာ ခံလိုက်ရတယ်။

ကြွက်ပေကြီးရဲ့ပုံလေ ပူးတေရဲ့  နောက်ကို scooter နဲ့ ဒီလို အမှီလိုက်ခဲ့တာလေ :)

ပူးတေက ကြွက်ပေကြီးလို့ ခေါ်ပေမယ့် ပူးတေရဲ့  ကြွက်ပေကြီးက ညစ်ပတ်ပါဘူးနော်။ အရမ်း အသန့်ကြိုက်တာ။ ကြွက်ပေကြီးသိရင် ဒီ ပူးတေကို အသေကိုက်သတ်ပစ်မှာထင်တယ်။ သူ့ကို ကြွက်ပေကြီးလို့ ခေါ်လို့လေ။ သွားမပြောကြနဲ့နော်။ :P နောက်ရက်ကျမှ မုန့်ကျွေးမယ်။ ခုတော့ ပူးတေနဲ့ ကြွက်ပေက ROM (Read Only Memory မဟုတ်ဘူးနော် ဘယ်လိုက ဘယ်လို ပူးနဲ့ ကြွက်က လူတွေရဲ့ ROM ကို ကိုက်ဖြတ်နေပြီလို့ မထင်နဲ့ဦးနော် Registry of Marriages ကို ပြောတာ :D)မှာ လက်ထပ်ပြီးလို့ လာမယ့် ဖေဖော်ဝါရီမှာ ရွှေပြည်တော်ပြန်ပြီးတော့ ဇော်ဝင်းထွဋ်ရဲ့ သီချင်းသွားပြန်ဆိုကြမှာလေ.... ( တိမ်ပြာပြာနေ့တနေ့ ဆန်းဒေးမှာကွယ် ...... ) ဘာလဲမသိတော့ဘူး ဆက်မဆိုတတ်တော့ဘူး ။ :) သိရင်ဆိုပေးသွားနော်။ ပူးတေရဲ့ ကြွက်ပေကြီးမှာ နာမယ်ရှိတယ်နော်။ သူ့ကို ကြွက်ပေကြီးလို့ခေါ်ရင် သူကစိတ်ဆိုးမှာ။ သူ့နာမယ်မှာ "ပြည်" ပါတယ်လေ။ ဒါနဲ့ ပူးတေရုံးက စလုံးသူဌေးဆီကို ROM မှာ လက်မှတ်ထိုးတဲ့နေ့က sms ပို့ပြီး ဖိတ်လိုက်တာ သူက မခေါ်တတ်တော့ Mr. Pyi က Mr. P (မစ္စတာပီ) ဖြစ်သွားရော။ ဒါကြောင့် သူ့နာမယ်က မစ္စတာပီနော်။ ပူးတေရဲ့  မစ္စတာပီ ပေါ့ ။

အပင်အစုံရှိတယ်

ပူးတေ ငယ်ငယ်က ဖတ်ဖူးတဲ့ ကာတွန်းတွေထဲက (နံမယ်တော့ မမှတ်မိတော့ပါဘူး) ဟာသလေးတစ်ခုပါ။ မှတ်မိ သလို ပြန်ရေးလိုက်တာ

တခါက ရွာတရွာမှာ အမေအိုကြီးနဲ့ ကုန်သည် သားအမိနှစ်ယောက်ရှိတယ်တဲ့။ တနေ့သားဖြစ်သူ အလုပ်ကိစ္စနဲ့ အပြင်သွားနေတုန်း သားဖြစ်သူရဲ့  လုပ်ဖော်ကိုင်ဖက်တစ်ဦးက အမေအိုကြီးရှိရာ အိမ်ကိုရောက်လာတယ်တဲ့။ ဒါနဲ့ အမေအိုကြီးလဲ သားဖြစ်သူ မကြာမှီ ပြန်ရောက်လာမယ်ဆိုတဲ့ အကြောင်းနဲ့ သားဖြစ်သူပြန်အလာအား စောင့်လိုက စောင့်နိုင်ကြောင်း ပြောတော့ လူငယ်လဲ ချိန်းထားတဲ့အတွက် သူစောင့်မယ်လို့ ပြောလို့ နေရာပေးပြီး ဧည့်ခံထားလိုက်တယ်တဲ့။ ဧည့်သည်လူငယ်လဲ သူ့မိတ်ဆွေ လုပ်ဖော်ကိုင်ဖက် ပြန်လာလျှင် စာရင်းဇယားတွေလုပ်မှာ ဖြစ်လို့ သူဒီအတိုင်းပဲ ထိုင်စောင့်နေမယ့်အစား ကြိုလုပ်ထားရင်ပိုကောင်းမယ်လို့ တွေးမိပြီး စာရင်းတွေလုပ်ဖို့ စာရွက်စာတမ်းတွေကို ထုတ်လိုက်တယ်တဲ့။ အဲဒီနောက် သူစာရင်းရေးဖို့ ဘောပင်ရှာတော့ ပါမလာတာသိလိုက်တယ်တဲ့။ ဒါနဲ့လူငယ်လဲ အိမ်နောက်ဖေးခန်းမှာ အလုပ်ရှုပ်နေတဲ့ အမေအိုကြီးဆီကို ၀င်သွားပြီး
လူငယ် : : " ကြီးမေခင်ဗျား .. ကျွန်တော့ကို ဘောပင်လေး တချောင်း လောက်"

အမေအို : : " မောင်ရင်ရယ် ဘောပင်လား ဘာပင်လဲတော့ မသိပါဘူးကွယ် ။ ကြီးမေ ခြံထဲမှာ အပင်တွေတော့ တော်တော်စုံတယ် ။ မောင်ရင် ကြိုက်တာသာ သွားခုတ်ခဲ့ချည် .... ရော့ "

ဆိုပြီး မီးဖိုချောင်ထဲကနေ ဓါးမတချောင်းပေးလိုက်တယ်တဲ့။

ကဲ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ :)

အားလုံးပျော်ရွှင်ကြပါစေ။ မရီရလဲ နဲနဲတော့ ပြုံးလိုက်ပါနော်။ :P

Sunkist သီးလား? လိမ္မော်သီးလား? ကမ္ဗလာသီးလား?

ပူးတေတို့ ရုံးမှာ တစ္ဆေကြီးပွဲ (Hungry Ghost Festival) ကန်တော့တဲ့နေ့ကပေါ့ အားလုံးပျော်ပျော်ပါးပါးနဲ့ ကန်တော့ပြီးတော့ စားကြသောက်ကြတယ်။ အဲဒီမှာ ရုံးက admin စလုံးမ က ကိုဝင်းကြည်နဲ့လေ။ ပူးတေနဲ့ သူနဲ့ တူတူထိုင်နေရာကနေ ပူးတေက သစ်သီးတွေထားတဲ့ နေရာနားသွားပြီး အသီးသွားယူဖို့ပြင်တော့ သူလဲလိုက်ထတယ်... မပေါ့မပါးကြီးနဲ့လေ။ ဒါနဲ့ ပူးတေလဲ နင်ဘာသီးယူချင်လို့လဲပေါ့ မေးလိုက်တယ်။ ငါတခါထဲ ယူခဲ့ပေးမယ်လို့။ ဒါနဲ့ သူက orange တဲ့။ ပူးတေလဲ အသီးတွေထားတဲ့ နေရာနားသွားကြည့်တော့ လိမ္မော်သီးကမရှိဘူး ။ Sunkist လို့ စတစ်ကာလေး ကပ်ထားတဲ့ မြန်မာပြည်မှာ ကမ္ဗလာသီးလို့ ခေါ်တဲ့ အခွံထူထူကြီးတွေနဲ့ အသီးဝါဝါလေးတွေပဲရှိတယ်။ ဒါကို ပူးတေက ရန်ကုန်မှာထဲက sunkist သီးလို့ပဲခေါ်တာ။

ပူးတေသိတဲ့ sunkist သီး(အဲဒီနေ့က ဒီအသီးပဲရှိတာလေ)

orange(လိမ္မော်သီး) လို့ ထင်တာပဲ

သူငယ်ချင်းတို့တော့ ဘယ်လိုခေါ်ကြလဲ မသိဘူး။ နောက်ပြီး ပူးတေ သိထားတာက ဒီအသီးက ဒါးရှိမှပဲ ဒါးနဲ့ ၄စိပ်လောက်လှီး ပြီးမှ ဖရဲသီးစိပ်စားသလို အခွံကို ကိုင်ပြီးမှ စားလို့ရတယ်လို့ သိထားတာလေ။ ပူးတေတို့ စားနေတဲ့ အချိန်မှာ အဲလိုမျိုး လုပ်စားဖို့ လှီးစရာ ဒါးတို့ ဘာတို့လဲမဟုတ်ဘူး။ ဒါနဲ့ ပူးတေလိုချင်တဲ့ အသီးတောင်မယူသေးပဲ သူ့ဆီပြန်လာပြီး orange တော့မရှိဘူး။ sunkist ပဲရှိတယ်၊ နင်ဘားသီးစားမလဲပေါ့ ။ စေတနာတွေ စေတနာတွေ ။ တကယ့်စေတနာပါ။ သူက မပေါ့မပါးကြီးနဲ့ ဆိုတော့ သူ့ကို ထိုင်လိုက်ထလိုက်ကြည့်ရတာ လုံးဝမသက်သာဘူးလေ။ အဲဒီမှာသူက ပူးတေကို sunkist က orange မဟုတ်ဘူးလားတဲ့။ ပူးတေလဲ မဟုတ်ဘူးလေလို့ ။ orange က လက်နဲ့ ဒီအတိုင်းအခွံနွှာလို့ရတယ်လို့ ၊ sunkist ကမရဘူးလေလို့။ အဲဒီမှာသူက လူများတွေကြားအောင် ရီစရာအဖြစ်ထပြောပါလေရော။ ဟေ့ ဒီမှာပေါ့ ပူးတေက sunkist က orange မဟုတ်ဘူးတဲ့ sunkist က sunkist တဲ့ ဟားဟားဟား ဆိုပြီးတော့။ အဲဒီမှာ စလုံးသူဌေးက ပူးတေကို "sunkist is not orange lah. sunkist is sunkist lah. ဟားဟားဟား " ဆိုပြီးရီပါလေရော။ ရုံးမှာက မြန်မာဆိုလို့ ပူးတေနဲ့ နောက်ကောင်မလေးတယောက် စုစုပေါင်း ၂ ယောက်ပဲရှိကြတာလေ။ ကျန်တာအားလုံးက သူတို့ စလုံးတွေရယ်၊ မလေးရှားက တရုတ်တွေ ဒါပဲရှိကြတာလေ။ သူဌေးရီတော့ အားလုံးက ဝိုင်းရီကြပါလေရော။ ရုတ်တရက်ဆိုတော့ ဘာမှန်းမသိပဲ တမျိုးကြီးပဲ ခံလိုက်ရသလိုပဲ။ အဲဒီမှာ လုပ်ဖော်ကိုင်ဖက် ပူးတေရဲ့  မြန်မာလုပ်ဖော်ကိုင်ဖက်က ငါတို့ဆီမှာ sunkist ကို orange လို့ မခေါ်ဘူးတဲ့။ မြန်မာနာမယ် ကမ္ဗလာသီးလို့ခေါ်တယ်တဲ့။ သူပါဝင်ပြောတော့ ၂ ယောက်နဲ့ အများဖြစ်သွားတာပေါ့လေ။ သူပါဝင်မပြောရင် ၁ ယောက်ထဲနဲ့ အများနဲ့ ငြင်းနေရမှာပေါ့။ :) ပူးတေပြောချင်တာကလေ သူတို့က မြန်မာဆိုရင် ဘာမှန်းမသိပဲနဲ့ကို မြန်မာလို့ပြောလိုက်တာနဲ့ အထင်ကသေးချင်နေပြီ။ ဒီကြားထဲ ပူးတေက sunkist ကို orange မှန်းမသိဖြစ်ရတော့ သူတို့ စိတ်ထဲမှာ မြန်မာပြည်မှာ ဒါမျိုးမှ ရှိရဲ့လားဆိုပြီးတော့ သူတို့ဆီမှာတောင်မှ ၅ လုံးမှ ၂ဒေါ်လာတောင် မပြည့်တဲ့ sunkist သီးအကြောင်းနဲ့ သူတို့တွေ ၀ိုင်းဟားတာခံလိုက်ရတယ်။တော်တော်လေး ရင်ခံသွားတယ်။တကယ်လဲ ဘာသီးခေါ်ရမှန်းမသိတဲ့ အသီးကို ပိုပြီးစိတ်နာသွားတယ်။ :( ပူးတေဆို ဒီရောက်ကတည်းက တခါမှ အဲဒီအသီးကို မစားဘူး။ မကြိုက်လို့။ အိမ်က သူငယ်ချင်းတွေဆို ၁၀လုံးလောက်ကို တခါထဲ Blender ထဲ ထည့်ပြီးတော့ ဖျော်ရည်ဖျော်သောက်ကြတယ်။ အဲဒီကိုဝင်းကြည်နဲ့ စလုံးမမက ဘယ်လိုစားလဲ သိလား။ အဲဒီအသီးထဲကို လက်မကိုထိုးထည့်ပြီး လိမ္မော်သီးနွှာသလို တစိပ်ချင်း နွှာစားပြသွားတာ။ ပူးတေနဲ့ နောက်မြန်မာ လုပ်ဖော်ကိုင်ဖက်နဲ့က အံ့တွေသြနေတာပေါ့။ အော် သူ့ဒေသနဲ့သူ့အခေါ်အဝေါ် ဘယ်တူမှာလဲလေ နော်။ ပူးတေထင်တာတော့ sunkist လို့ ပူးတေထင်နေတဲ့ အဲဒီအသီးကလဲ orange ရဲ့ မျိုးနွယ်စုပဲထင်တယ်နော်။ သူငယ်ချင်းတို့ရော ဘယ်လိုထင်လဲဟင်။ သူကပြောသေးတယ်။ နင်ကလေးတွေကို စာမသင်နဲ့တဲ့ ။ ကလေးတွေက နင့်ကို ဒါဘာသီးလဲဆို နင်က sunkist လို့ပြောလိုက်ရင် ကလေးတွေက အမှားတွေပဲ မှတ်ထားတော့မှာတဲ့။တိန် :( မှတ်ကရော...