Sunday, May 6

တခါတုန်းက ရဟန်းအစ်မ

Draft ထဲက ပို့စ်လေးတွေ တင်လိုက်တာပါ... ပို့စ်တွေက Up to date ဖြစ်မနေပါဘူး... ဘလော့လေးအိပ်နေတာကြာလို့ အိမ်ဦးနတ်ကြီး ရဟန်းခံတုန်းက(၂၀၁၀ စက်တင်ဘာလောက်က) ရေးထားတဲ့ ပို့စ်လေးနဲ့ ပြန်ဖွင့်လိုက်တာပါ....

ပူးတေနေကောင်းနေပါပြီ... ပူးတေကို အားပေးစကားပြော သတင်းမေးကြသော ဘလော့ အစ်ကိုအစ်မ မောင်နှမအားလုံးကို ကျေးဇူးတင်ပါတယ်လို့...

စာမရေးနိုင်သေးတာက ပူးတေမအားပြန်ဘူး... မြန်မာပြည်က ဆွေမျိုးတွေ စင်္ကာပူ လာလည်တယ်... စင်္ကာပူမှာ နေတဲ့ဆွေမျိုးတွေ မြန်မာပြည်အပြီးပြန်မှာမို့ တတ်နိုင်သလောက် လိုက်ကူညီတာမို့ အလုပ်အတော်လေးရှုပ်တယ်...
ပြီးတော့ အလုပ် ၂ ခုအကူးပြောင်းမှာ မစ္စတာပီကြီး ခွင့် ၁၄ ရက်လောက်ခံစားခွင့်ရလို့ ရဟန်းဝတ်ချင်တယ်ဆိုလို့ ရဟန်းဝတ်ဖြစ်တယ်။ သူရဟန်းဝတ်တော့ ပူးတေက ရဟန်းအစ်မပေါ့နော်... :P

ရဟန်းဝတ်နေလို့ စနေတနင်္ဂနွေရက်တွေ ပူးတေကိုယ်တိုင် ချက်ပြီး ဆွမ်းသွားကပ်ရတယ်... ပြန်လာရင် နောက်ရက်ချက်ဖို့ ဝယ်ရတယ်....ပြီးတော့ နောက်ရက် ဆွမ်းချိန်မှီ ချက်ပြုတ်ပြီးစီးနိုင်အောင် ပြင်ဆင်ထားရတယ်.... ပြီးတော့ ဘုန်းကြီးတွေအတွက် ဆွမ်းဟင်း ဆွမ်းထမင်းချက်၊ အချိုပွဲအတွက် မုန့်တွေ ကိုယ်တိုင်လုပ်တယ်..တနင်္ဂနွေနေ့နေ့လည်စာ ဧည့်သည်တွေအတွက် ဒန်ပေါက်ပဲအလွယ်ဆုံးမို့ အော်ဒါမှာလိုက်တယ်။ ဒါတောင် ချဉ်ပေါင်ဟင်းချက်၊ အချိုပွဲ၊ ဘာညာ ပြင်ဆင်ရသေးတာပဲပေါ့။... အိမ်က အတူနေအန်တီက ဆိတ်သားဟင်း၊ ပူတင်း အစရှိသဖြင့် သူကိုယ်တိုင် လုပ်ပေးတာတွေရှိသလို ပူးတေလုပ်တာတွေကိုလဲ အန်တီက နေ့တိုင်း ကူညီပေးပါတယ်...အားလဲနာတယ်...နှစ်ဖက် သူငယ်ချင်းတွေလဲ လာကူကြတယ်...ပထမဆုံး ဆံချ(ဆံရိပ်) တဲ့နေ့ကတော့ ပိတ်ရက်ထိ စောင့်နေရင် ရဟန်းဝတ်ရမယ့်ရက် နည်းသွားမှာစိုးလို့ ကြာသပတေးနေ့ကြီး ဝတ်လို့ သူငယ်ချင်းတွေကို မခေါ်တော့ဘူး... ခေါ်လဲလာနိုင်မှာ မဟုတ်ဘူးလေ... မိတ်ဆွေသူငယ်ချင်းတွေ အများစုကတော့ သိမ်ဆင်းလောင်းချင်ကြလို့တဲ့..ဒါပေမယ့် ဦးဇင်းက မစောင့်ချင်ဘူး။ မစောင့်နိုင်ဘူး။ သိမ်ဆင်းလောင်းတယ်ဆိုတာ သွားစရိတ်၊ လာစရိတ်၊ သိမ်ဆင်းလောင်းဖို့ ဝယ်ခြမ်းမှာနဲ့ သူများတွေကိုလဲ ဝန်ထုတ်ဝန်ပိုး ပေးသလိုဖြစ်မှာစိုးတယ်... အားနာပြီး ဖွင့်ရက်မှာပဲ သိမ်တက်လိုက်တယ်... ပူးတေနဲ့ အိမ်က အန်တီနဲ့ပဲ သိမ်ဆင်းလောင်းလိုက်ကြတယ်...အားလုံး အဆင်ပြေပါတယ်..

တိုးပါးရိုး ဘုန်းတော်ကြီးငါးပါးနဲ့ ဦးဇင်းမုနိန္ဒ သိမ်တက်တဲ့ ပုံတချို့ မျှဝေလိုက်ပါတယ်....အခွင့်မတောင်ရသေးပေမယ့် ခွင့်ပြုမယ်လို့ ထင်လို့ တင်ထားလိုက်ပါတယ်...း)
ဘုန်းကြီး ၉ ပါး (သင်္ကန်းအညိုနဲ့က ၄ ပါးက SMC က ၃ပါးနဲ့ ဦးဇင်းအသစ် ဦးဇင်းမုနိန္ဒ ၊ သင်္ကန်းလိမ္မော်ရောင်နဲ့ ၅ ပါးက တိုပါးရိုးကျောင်းကြီးက)

ကမ္မဝါ ရွတ်ဖတ်နေကြစဉ်

ဥုပဇ္ဇာယ် ဆရာတော် ဦးရာဇိန္ဒနဲ့ဘုန်းတော်ကြီး ၂ ပါး(တပါးက ရှစ်မိုင် မစိုးရိမ်ကျောင်းကတဲ့ တပါးက လပွတ္တာမြို့က)၊
အန်တီက ဘုန်းဘုန်းတွေအတွက် ကပ္ပိယလုပ်ပြီး သိမ်ဆင်းလောင်းထားတဲ့ ပစ္စည်းတွေ ပြန်ကောက်သိမ်းပေးနေတာ.. :P


ဦးဇင်းဘွဲ့အမည်က ဦးဇင်းမုနိန္ဒ  တဲ့ .... (ရဟန်းမဝတ်ခင် တရက်က အရင်ဘွဲ့အမည်က မုနိန္ဒတဲ့ သန့်ရှင်းစင်ကြယ်ခြင်းလို့ အဓိပ္ပာယ်ရတယ်လို့ပြောသွားသေးတယ်...)



(ဆရာတော်ကြီး ဦးရာဇိန္ဒ)
ဘုန်းကြီးတွေလဲ ကိုယ့်သပိတ်နဲ့ကိုယ် ဘူဖေးပဲ ဘုဉ်းပေးရတယ်တဲ့။ ...း)

ဘုန်းကြီးတွေ ဘူဖေး ဘုဉ်းပေးရတာနဲ့ ပက်သက်ပြီး ပူးတေခေါင်းထဲ စဉ်းစားမိတာက ဘုန်းကြီးတွေအနေနဲ့ တခါထဲ အဝယူသွားပြီး စားမကောင်းလို့ မစားချင်လို့ မကုန်ရင်လဲ မကောင်းပြန်ဘူး၊ တခါတလေကျရင် ဖြစ်တတ်တယ်လေ... ဘုန်းကြီး ဖြစ်ဖြစ် လူပဲဖြစ်ဖြစ် ရုပ်နဲ့နာမ်ဆိုတဲ့ ခန္ဓာရှိရင် ဝေဒနာရှိမှာပဲ။ မစားသေးခင်အချိန်မှာ ဒီနေ့တော့ အစားစားချင်စိတ်မရှိဘူးဖြစ်နေလို့ အရင်စားသလောက် မကုန်နိုင်ရင်မကောင်းဘူးဆိုပြီး စတိသဘောနဲ့ နဲနဲပဲယူသွားလိုက်တယ် ဆိုပါတော့...ပြီးမှ ကပ်ထားတဲ့ ဆွမ်းဟင်းတမျိုးမျိုးကြောင့် ခံတွင်းလိုက်လာတယ်ဆိုရင် ဘုန်းဘုန်းတွေက သင်္ကန်းတလွှားလွှားနဲ့ ဟင်းတွေထားထားတဲ့ နေရာကို ထယူရမှာလား... ဒကာတွေကို ယူပေးပါဦးလို့ ပြောရမလား...ဒါမှမဟုတ် ယူသွားတဲ့ နဲနဲလေးနဲ့ပဲ တော်လိုက်ရမလားလို့။ ပူးတေအသိဥာဏ် သေးသေးလေး ဖြုတ်ဦးနှောက်နဲ့ စဉ်းစားမိပြီး ဘုန်းကြီးတွေ ဘူဖေးဘုဉ်းပေးနေတာ မြင်နေရတိုင်း စိတ်မကောင်းဘူး...ဘုန်းကြီးတွေအနေနဲ့ကလဲ အသားကျ အဆင်ပြေနေပြီးသား ဖြစ်ချင်ဖြစ်မှာပါ...

ပထမဆုံးနေ့ကဆို ပူးတေက ဘုန်းကြီးတွေ ဘုဉ်းပေးလို့ရအောင်လို့ ရန်ကုန်က ငပိရည်ကျိုလေးကပ်တယ်...ငပိရည်ကိုပါ ဘူဖေးဘုဉ်းရမှာမို့ ခုံပေါ်ပဲတင်ထားရမယ်တဲ့။ ပူးတေက ပန်းကန်လုံးအသေးလေးနဲ့ ဘုန်းကြီးတွေ ဆွမ်းဘုဉ်းပေးတဲ့ ခုံပေါ်မှာပဲ တင်ထားမှ ဖြစ်မှာပေါ့လို့.. ငပိဆိုတာ နဲနဲလေးပဲ ထည့်ပြီးဘုဉ်းပေးမှ အဆင်ပြေမှာပေါ့လို့။ တခါထဲ အပြီး ငပိရည်တွေကို ထမင်းပေါ်ပုံဆမ်းသွားလို့မဖြစ်ဘူးလို့ ပူးတေက ထင်မိတယ်။ စီးတီးဟောက မြန်မာဆိုင်တွေမှာတောင် ငပိရေထည့်ဖို့ ကော်ခွက်အသေးလေးတွေ ချထားပေးပြီး အဲဒီကောင်ခွက်လေးလေးကမှတဆင့် လိုသလောက်လေး ထည့်စားရတာမျိုးလေ....

နောက်ပြီး မဟာစည်သြဝါဒခံတဲ့ကျောင်းတွေမှာရှိတယ်။ ဘောဇနဉ် မတ္တဥူ (စာလုံးပေါင်း မှားနေလိမ့်မယ်... ပြောချင်တာက ဘောဇနင် မတ်တင်ညူ )  လက်ရာမကျန်အောင် ဆွမ်းဘုဉ်းပေးရမယ် လို့ မဟာစည်ဆရာတော်ဘုရားကြီးက တင်းကျပ်စွာ မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။ လက်ရာမကျန်အောင်ဆိုတာက ပန်းကန်ထဲမှာ ထမင်းစေ့လေး တစေ့လေးတောင် မကျန်အောင် ဘုဉ်းပေးရတာပါ...မဟာစည်မှာ ဘုန်းကြီးတွေရော ယောဂီတွေရော ဝေယျာဝစ္စလုပ်တဲ့ လူတွေရော ဒီလိုပဲ ထမင်းတစေ့မကျန်အောင် စားသုံးရပါတယ်။ မဟာစည် ဆရာတော်ဘုရားကြီး မိန့်ကြားခဲ့တာက လူတယောက် ထမင်းတစေ့ လေလွင့်လိုက်ရင် လူပေါင်း ၅ထောင်လောက် လေလွင့်ရင်ကို ထမင်းငတ်နေတဲ့ လူတယောက်စာ ထမင်းရပါတယ်တဲ့။ ဆရာတော်ကြီးက မြန်မာပြည်က လူဦးရေနဲ့ပဲ တွက်ပြထားခဲ့တာပါ။ တကမ္ဘာလုံးက လူတွေအနေနဲ့ တွက်ကြည့်ရင် ဆရာတော်ကြီး တွက်ထားတာ နဲတောင်မှနဲနေပါသေးတယ်။

ဟိုတလောကတောင်မှ youtube က video file တခုကြည့်လိုက်ရသေးတာထင်တယ်...ထိုင်းက ရိုက်တာထင်တယ်။ KFC မှာ ကြက်ကြော် ပွဲတွေမှာပြီး အများကြီး ချန်ထားခဲ့တဲ့ လူနဲ့ အဲဒီဆိုင်ကနေ ကြက်ကြော် အရိုးတွေ အကြွင်းအကျန်တွေ ကောက်ပြီး အိမ်ရောက်တော့ ဇနီးနဲ့ သားသမီးတွေ  စားခါနီးမှာ ဘုရားရှင်ရဲ့ကျေးဇူးကြောင့် စားရတာဆိုပြီး သားသမီးတွေကို အရင်ဆုံး ဘုရားကို အောင့်မေ့သတိရခိုင်းတာ။ အဲဒီ youtube video file လေးကြည့်ရတုန်းက ရင်ထဲကို တကယ်လာထိတယ်..

အခုနောက်ပိုင်းတော့ ဟာမစ်တစ်က မဟာစည်ကြီးက ဆွမ်းစားတာနဲ့ ပက်သက်ပြီး ယောဂီတွေကို သိပ်မတင်းကျပ်တော့ပေမယ့် လှိုင်မဟာစည်ကတော့ မဟာစည်ကြီးကထက်ကို တင်းကျပ်ပါတယ်။ မဟာစည်မှာ ပူးတေရိပ်သာ ဝင်ကာစက first year ကျောင်းပိတ်လို့။ အဲဒီမတိုင်ခင်တွေကတော့ မိုးကုတ်ရိပ်သာမှာပဲ ဝင်ဖူးတယ်... ပြီးတော့ ရွှေတောင်ကုန်းသာသနာ့ရိပ်သာ။ ညနေဘက်စဝင်တာဆိုတော့ ပထမဆုံးနေ့ အတွက် အာရုံဆွမ်းကို နောက်နေ့ မနက် ၆ နာရီမထိုးခင်လောက်မှာ စားရတယ်... ပူးတေက မနက်အဆောကြီးဆို ဘာမှမစားတတ်ဘူး။ အရည်လောက်လေးပဲ သောက်တတ်တာ။ ပထမဆုံးနေ့မှာ ထမင်းနဲ့ ပဲကတီပါပြုတ်ကြော် ပြီးတော့ အချိုပွဲအတွက် ကော်ဖီ ကိတ် ၂ မျိုးလောက် ဘီစကစ် ဒါမျိုးလေးတွေ ချထားတယ်...မစားခင်မှာလဲ ဆရာလေးက ဒီနေ့ ဆွမ်းကို ဘယ်သူတွေကလှူဒါန်းတာဖြစ်ကြောင်းနဲ့ အလှူရှင်များကို သာဓုခေါ်ခိုင်းပါတယ်။ ပြီးတော့ဆရာလေးက မဟာစည်ဆရာတော်ဘုရားကြီး မိန့်ကြားခဲ့တဲ့ မကုန်နိုင်ဘူးထင်လျှင် ကြိုတင်ဖယ်ချန်ပြီးတော့ ဘောဇနဉ်မတ္တညူ လက်ရာမကျန်အောင် စားသုံးကြပါလို့ ယောဂီတွေကိုပြောပါတယ်...ပူးတေက အဲဒီအချိန်မှာ ဆရာလေးပြောသွားတာ သတိမထားမိလိုက်ပါဘူး... စားတဲ့အခါကျတော့ မနက်အစောကြီးကို ထမင်းမစားတတ်တော့ ၂ လုတ် ၃ လုတ်စားပြီးတော့ ဆက်မစားနိုင်တော့ပါဘူး...ဆရာလေးပြောခဲ့တုန်းကလဲ သေချာနားမလည်လိုက်တော့ ကိုယ်မစားခင် ကြိုတင်ဖယ်ထားဖို့ ပေးထားတဲ့ စတီးဇလုံအလွတ်လေးတွေထဲလဲ ကြိုမဖယ်ထားလိုက်မိပါဘူး... ၃ လုတ်လောက်စားပြီးတော့ အချိုပွဲအတွက်တိုက်တဲ့ ကော်ဖီလေးနဲ့ ကိတ်မုန့်လေးတချပ်စားပြီး တရားမှတ်ရမယ့် ဓမ္မာရုံကို ပြန်လာလိုက်ပါတယ်... ဓမ္မာရုံရောက်ပြီး တရားမှတ်လို့ပြီးတော့ အိပ်ဆောင်ပြန်ရေချိုးခါနီးကျတော့ မနက်က ဆွမ်းစားဆောင်ကဆရာလေးက ကြွလာပြီး ပူးတေကို ယောဂီ မနက်က ဆွမ်းတွေ မကုန်ခဲ့ဘူး။ အများကြီး သွန်ပစ်ရတယ် ဆိုပြီးတော့ မနက်က ဆရာလေးပြောတဲ့အထဲမှာ ဘောဇနင် မတ်တင်ညူအကြောင်းကိုသေချာရှင်းပြပါတယ်... ဒါနဲ့ ပူးတေလဲ သေချာနားမလည်မိလို့ြုဖစ်သွားတဲ့အကြောင်းကိုပြောပြပြီး နောက်မဖြစ်အောင် လိုက်နာပါမယ်လို့ ဆရာလေးကို ဂတိပေးခဲ့ ပါတယ်... အဲဒီကနေ အခုထိ ပူးတေဟာ တတ်နိုင်သလောက် အစားအသောက်တွေကို မလေလွင့်အောင် စားပါတယ်... ထမင်းဆိုလဲ အရင်စားကောင်းမကောင်း မသေချာရင် နဲနဲပဲထည့်ပြီးတော့ စားပါတယ်။ ကုန်သွားမှ ထပ်လိုချင်တယ်ဆိုရင် ထပ်ဖြည့်ပါတယ်.. ဒီက ဟော်ကာစင်တာတွေမှာ ထမင်းစားမယ်ဆိုရင်လဲ ထမင်းနဲနဲပဲထည့်ခိုင်းပါတယ်...ဟင်းလဲ ၂ မျိုးလောက်ပဲ တခါတလေ ဗိုက်အရမ်းဆာတဲ့အခါမျိုးမှ ၃ မျိုးလောက်ပဲ ထည့်ခိုင်းပါတယ်.. ထည့်ခိုင်းတာနဲသွားလို့ စားကောင်းလို့ မဝတာမျိုးပဲဖြစ်ဖြစ် ဗိုက်အရမ်းဆာလို့ မဝတာမျိုးဖြစ်ဖြစ် သစ်သီးတမျိုးမျိုး ဒါမှမဟုတ်ရင် အသီးဖျော်ရည်လိုဟာမျိုးတွေ သောက်လိုက်ပါတယ်...တခါတလေ ထမင်းဆိုင်ကချက်ထားတဲ့ ဟင်းတွေတော်တော်များများကို ကိုယ်ကကြိုက်နေတယ် စားချင်နေတယ်... ဗိုက်ကလဲ အကုန်မဆန့်ဘူးလို့ သိတဲ့အခါမျိုးတွေကျတော့ မစ္စတာပီကြီးကို ပူးတေစားချင်တဲ့ဟင်းတွေ ယူချိုင်းပါတယ်... ပူးတေလဲ ပူးတေစားချင်တဲ့ ဟင်းမျိုးယူပြီးတော့ သူ့ထဲက ယူစားပါတယ်.. အရင် အကြောင်းမသိခင်ကဆို သူနဲ့ ပူးတေခဏခဏ စကားပြောရပါတယ်... သူက ကိုယ်စားချင်နေတာပဲ မှာစားလိုက်ပေါ့ ဘာကိစ္စ ဘာကိုနှမြောနေတာလဲ မကုန်နိုင်ရင် ချန်ခဲ့လိုက်ပေါ့လို့ ပူးတေကို အမြဲပြောလေ့ရှိပါတယ်..၂၀၀၉ ရန်ကုန်ပြန်တော့ လင်မယား ၂ ယောက် လှိုင်မဟာစည်ကို ၉ ရက်ဝင်ကြပါတယ်.. အဲဒီမှာ သူသိသွားတဲ့အခါကျတော့ ပူးတေအစားအသောက်တွေကို ဘာကြောင့်ချွေတာလဲဆိုတာ သူသိသွားပါတယ်... သူလဲ ပူးတေလောက်ကြီးလိုက်မချွေတာနိုင်ပေမယ့် အရင်လိုတော့ အရမ်းကြီးလေလွင့်အောင် မလုပ်တော့ပါဘူး... အဲဒီမှာချွေတာလိုက်လို့ တနေ့ကို တကျပ်တန်သည် ၂ ကျပ်တန်သည် ပိုထွက်လာတာလေးတွေကိုလဲ ပူးတေတို့ လင်မယား ၂ ယောက်လုံးစုဘူးနဲ့ စုထားပြီး သပ်သပ်လှူပါတယ်..အဓိကကတော့ မြန်မာပြည်က လိုအပ်နေတဲ့ နေရာတွေနဲ့ လှိုင်မဟာစည်ကို ပိုလှူဖြစ်ပါတယ်...

(ယောဂီများ ဆွမ်းစားနေကြစဉ်)

(ဖြည့်စွက်ချက်) ဦးဇင်းမုနိန္ဒ လူဝတ်ပြန်ထွက်လာတော့ SMC မှာ ဘုန်းကြီးတွေ (ဆရာတော်ကြီးကအစ) ဘူးဖေးလို ဆွမ်းဘုန်းပေးရတာကို ပူးတေစိတ်မကောင်းဘူးလို့။ ဦးဇင်းမုနိန္ဒရော ဆွမ်းဘုန်းပေးရတာ ဘယ်လိုနေလဲလို့ မပြည့်စုံမှာစိုးတယ်လို့ ပူးတေက မစ္စတာပီကိုမေးကြည့်တော့ သူက အဆင်ပြေပါတယ်တဲ့ ကောင်းပါတယ်တဲ့ ဒီမှာလဲ ဆွမ်းတွေ ဆွမ်းဟင်းတွေ waste မဖြစ်တော့ဘူးပေါ့တဲ့... စလုံးတွေပါ တရားလာထိုင်ကြ ဆွမ်းလာကပ်ကြ သူတို့လဲ ထမင်းစားတယ်ဆိုတော့တဲ့ ဒါမျိုးမှလဲ နိုင်ငံခြားသားတွေပါ ကိုယ့်မြန်မာကျောင်းမှာ တရားလာအားထုတ် ကိုယ့်လူမျိုး ဘာသာကို လေးစားကြမှာပေါ့တဲ့...မဟုတ်ရင်ဆရာတော်တွေ ဘုန်းဖို့ ပန်းကန်တွေနဲ့ကပ်၊ ဆရာတော်တွေ ဘုန်းပြီးလို့ ပိုတာတွေကို လူတွေကိုပြန်ကျွေးမယ်ဆို ကိုယ့်မြန်မာတွေအတွက်က ဘာမှ မဖြစ်ပေမယ့် သူတို့တွေက နောက်ဘယ်လာတော့မလဲတဲ့။ သူမိန့်တာလဲ (အဲ သူပြောတာလဲ) ဟုတ်တာပဲ။

လွန်ခဲ့တဲ့ တလခွဲ(၂၀၁၂ ခုနှစ် မတ်လလယ်)လောက် က ဖားအောက်ဆရာတော်ကြီးရဲ့ကျောင်းမှာလဲ ဆွမ်းသွားကပ်တော့ ဆရာတော်တွေက ဘူဖေးလိုတော့ ထယူစရာမလိုဘူး... ဆွမ်းဟင်းပန်းကန်တွေနဲ့တော့ကပ်တယ်... ဒါပေမယ့် ဆရာတော်တွေက ဆွမ်းဟင်းတမျိုးကို တခါပဲခပ်တယ်.. ခပ်ပြီးတာနဲ့ ဘေးနားမှာ ကပ္ပိယတွေက စောင့်နေပြီးတော့ တခွက်ပြီးတခွက် ပြန်ပြန်စွန့်လိုက်ရော နောက်ဆုံးကျတော့ စားပွဲပေါ်မှာ ဆွမ်းဟင်းရည်သောက် ပန်းကန်လေးတွေပဲကျန်ခဲ့တော့တယ်။ အဲဒီပိုကျန်တာတွေကို လူတွေက ဆက်စားကြရတာ.. ဒါမျိုးလေးကို ပိုသဘောကျမိသလိုပဲ။ ဘုန်းကြီးကျောင်းတွေကို အပြစ်ပြောတာမဟုတ်ပါဘူး... ဒါကတော့ ပူးတေတယောက်ထဲ အမြင်သပ်သပ်ပါ။ အားလုံးကတော့ သာသနာပြုနေကြတဲ့ ရဟန်းဆရာတော်ကြီးတွေပါ.. ပူးတေအားလုံးကို ရိုသေလေးစားပါတယ်.. ဘယ်သူက ကောင်းတယ်..ဘယ်သူကဆိုးတယ်လို့ပြောလိုရင်းမဟုတ်ပါဘူးလို့။ လက်ရှိလဲ ကျောင်းအားလုံးကို အဆင်ပြေသလို အလှူအတန်းရှိတိုင်း အလှည့်ကျသဘောမျိုးနဲ့ ဆရာတော်များကို ပင့်လျှောက်လှူဒါန်းလေ့ရှိပါတယ်... ပုဂ္ဂိုလ်စွဲ ကျောင်းစွဲ ဒေသစွဲမထားပါဘူး.. အမှန်တိုင်းဝန်ခံရရင်တော့ မြန်မာပြည်က ကျောင်းတွေ စာသင်ကျောင်းတွေကို ဒီကထက်တော့ ပိုလှူမိပါတယ်လို့။ ကိုးကွယ်မှု ယုံကြည်မှုကတော့ အားလုံးအတူတူပါပဲလို့။

ဘာသာရေးနဲ့သက်ဆိုင်တဲ့ ပို့စ်လိုဖြစ်နေတော့ ရေးရတာနဲနဲလန့်တယ်... ကိုယ်ဆိုလိုချင်တာတမျိုး စာဖတ်သူ ရသွားတဲ့ message က တမျိုးဖြစ်မှာကြောက်တယ်..


အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေရှင်...အရင်က အစားအသောက်တွေကို သတိမထားမိပဲ အလေအလွင့်ဖြစ်အောင် လုပ်ခဲ့ဖူးကြတယ်ဆိုရင် ဒီနေ့ကစလို့ နဲနဲ နဲနဲစီ သတိထားပြီး မလေလွင့်အောင် ဂရုစိုက်ပြီး မစားနိုင်တဲ့ လူတွေကို ကျွေးကြရအောင်နော်... :D

Please Do not waste the food, A lot of people are hungry in the world.

Friday, September 23

မြစ်ဧရာ အဓွန့်ရှည် ကျန်းမာနိုင်ပါစေ

စာမရေးတာ အတော်လေးကို ကြာသွားပါပြီ။ ရေးဖို့လဲ ဘာအကြောင်းကို ဘယ်လို စရေးရမယ်မသိဖြစ်နေတယ်။ သူငယ်ချင်း သက်တန့်ချိုကတော့ ဘလော့ဂါဆိုတာဘာလဲ ဆိုပြီး တက်ဂ်ပို့စ် ရေးခိုင်းထားပါတယ်။ သူငယ်ချင်းရေ ကိုယ်တိုင်က ဘလော့ရေးနေပေမယ့် တကယ့်ဘလော့ဂါအစစ်မဟုတ်ပဲ အမည်ခံ ဘလော့ဂါသက်သက်လို ဖြစ်နေတဲ့သူဆိုတော့ သူငယ်ချင်းရေးခိုင်းတဲ့ ခေါင်းစဉ်က အတော်လေးခက်တယ်။ ဒါပေမယ့် ရေးပေးပါမယ်လို့။ ဘယ်တော့လဲ ဆိုတာတော့ မပြောတတ်ဘူး။ နောက်နှစ် ဘလော့ဒေးကျမှ ပေါင်းရေးဖြစ်မလားပဲ။  အခုတော့ အမျိုးသားရေးဖြစ်တဲ့ ဧရာဝတီမြစ်ကြီးအရေး မမရွှေစင်ဦးနှိုးဆော်ထားတာတွေ့တော့ ကိုယ်လဲမြန်မာပြည်သားတယောက်အနေနဲ့ မြန်မာပြည်ကြီးရဲ့ အသက်သွေးကြောဖြစ်တဲ့ မြစ်ကြီးဧရာကို ရေရှည်တည်တန့်လိုတဲ့စိတ်နဲ့ ဒီပို့စ်လေး တပုဒ်ရေးချင်မိတယ်။  နဂိုထဲက စာရေးမကောင်းတော့ ဖတ်လို့ကောင်းအောင်လို့ ပူးတေမရေးတတ်ပါဘူး။ ဒီပို့စ်ကို မြန်မာပြည်သားတယောက်အနေနဲ့ အမိမြန်မာပြည်ကို ချစ်တဲ့စိတ် (ပူးတေနိုင်ငံရေးပြောတာမဟုတ်ပါဘူး။ ဘယ်သူမဆို ကိုယ့်မွေးရပ်မြေကိုတော့ ကိုယ်ချစ်ကြတာပဲလေ။) တစ်ခုထဲနဲ့ပဲ ပူးတေကို ဒီပို့စ်လေး ရေးခွင့်ပြုပါလို့ ။

ညတုန်းကမှ ဘလော့တွေလိုက်ဝင်ဖတ်ရင်းနဲ့ မမရွှေစင်ရဲ့ ဘလော့ဂါတွေကို နှိုးဆော်ထားတာလေး ဖတ်လိုက်ရတယ်။ ဒါနဲ့အချိန်မှီလေးရယ် ဧရာဝတီအကြောင်း အန်တီစု အပါဝင် မြန်မာပြည်သားတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ စာပေပညာရှင်တွေ၊ မီဒီယာတွေ၊ အဖွဲ့အစည်းတွေ ပြောနေကြတာတွေ၊ လှုပ်ရှားနေကြတာတွေ ကြားသိမြင်သိနေရသလောက် တခုမှကို စိတ်ချမ်းသာစရာ မကောင်းခဲ့ပါဘူး။ တခါ မအိမ့်ချမ်းမြေ့ ဘလော့မှာလဲ သွားသွားဖတ်မိတယ်။ အစ်မက နဂိုထဲက စာရေးကောင်းတဲ့အပြင် ခံစားချက်နဲ့ထပ်ပေါင်းရေးလိုက်တော့ အစ်မရေးတဲ့ ပို့စ်လေးဖတ်ပြီး မျက်ရည်ပါကျမိတယ်လို့ ပြောရင် ပူးတေပိုတယ်လို့များ ပြောကြမလားပဲ။

ခုမနက် ကိုသတိုးရဲ့ ပို့စ်လေးသွားဖတ်မိတော့လဲ အင်္ဂုလိမာလဇာတ်နဲ့ ပမာပြရေးထားပုံလေးက ရင်ထဲကို နင့်ကနဲ ထိသွားစေတယ်။

ပူးတေအနီးကပ်သိခွင့်ရတဲ့ ဧရာဝတီအကြောင်းပြောရမယ်ဆိုရင် ပူးတေတို့ငယ်ငယ်က ရန်ကုန်ကနေ ဇလွန်မြို့က ပြည်တော်ပြန်ဘုရားကြီးကိုသွားရင် ညောင်တုန်းမြို့ကဇက်ဆိပ်ကနေ ဧရာဝတီမြစ်တဖက်ကမ်းကိုကူးဖို့ ဇက်နဲ့ကူးရတယ်။ အဲမှာဇက်တခါကူးဖို့အရေး ၃၊ ၄ နာရီလောက်စောင့်ရတယ်။ အဲဒီအချိန်တွေတုန်းက ကလေးဆိုတော့ အိပ်ကငိုက်၊ ခြင်ကကိုက်၊ တခါမှလဲ ရေလမ်းခရီးမသွားဖူးတော့ ဇက်စီးရင်း မြစ်ပြင်ကိုကြည့်ရမယ်ဆိုတာသိနေတော့ မြန်မြန်စီးချင်နေတယ်။ အဲဒီအချိန်တုန်းက ဖြတ်ရတဲ့မြစ်ကြီးကို အိမ်က အမေတွေ အဒေါ်တွေ ပြောပြလို့ ဧရာဝတီမြစ်ကြီးဆိုတာသိနေတယ်။ ပူးတေငယ်ငယ်က စာထဲကသင်ရတဲ့အကြောင်းအရာတွေ အပြင်မှာမြင်ရတွေ့ရရင် အရမ်းစိတ်ဝင်စားတာပဲ။ အပြန်ကျရင်လဲ မနက်အဆောကြးထလာကြရလို့ ပင်ပန်းပြီး ကားပေါ်ရောက်ရင် အိပ်ချင်နေပြီ။ ကလေးဆိုတော့ ကားလေးစထွက်တာနဲ့ အိပ်ပျော်တာပဲ။ ဒါပေမယ့် မြစ်ဆိပ်ရောက်လို့ ဇက်ကူးဖို့စောင့်ပြီိဆိုတာနဲ့ တန်းနိုးပြီး ထဆော့တော့တာပဲ။ ဇက်ကူးပြီဆိုရင်လဲ လူကြီးတွေက ကားပေါ်ကဆင်းရင် ကလေးတွေ ကားတွေကြားထဲညှပ်မှာ ပျောက်မှာဆိုးလို့ ကားပေါ်ကနေ မဆင်းခိုင်းဘူး။ ပူးတေတို့က ဇက်ပေါ်ဆင်းချင်တယ်။ မြစ်ရေပြင်ကို ကြည့်ချင်လို့ မရမက ပူဆာခဲ့ကြတာ အခုထိမှတ်မိနေသေးတယ်။

ရွှေစက်တော်သွားရင်လဲ မင်းဘူးမှာထင်တယ်။ မြစ်ကိုဇက်နဲ့ကူးရတာ။ ရွှေစက်တော်ကတော့ ၂ ခါပဲ ရောက်ဖူးတယ်။ ငယ်လည်းငယ်တော့ သိပ်မမှတ်မိဘူး။ ဒီလောက် ပါပဲ။ ပူးတေနဲ့ ဧရာဝတီ တွေ့ဆုံခဲ့ကြပုံပေါ့။ ဒါပေမယ့် ပူးတေ အခုလို ကိုယ့်နိုင်ငံကမြစ်ကြီးက ဒီဆည်ကြီးဆောက်ပြီး နောင်အနှစ် ၃၀ အတွင်းမှာ ဒဏ္ဍာရီလို ဖြစ်ကျန်ရစ်တော့ဆိုတာကို တွေးကြည့်ယုံနဲပတင် ဝမ်းနည်းခံစားရပါတယ်။ ပြောသလောက်ကြီးလဲ မပျက်စီးနိုင်ပါဘူး။ ရောဂါကြီးနေကြတာသက်သက်ပါ။ သေလောက်တဲ့ထိ ဖြစ်မသွားနိုင်ဘူးလို့ဆိုရင်တောင်မှ အနည်းနဲ့ အများ ပျက်ဆီးထိခိုက်နိုင်မယ်ဆိုတာ အိမ်နီးချင်းနိုင်ငံက ဆည်ကြီးတွေဆောက်လုပ်ခဲ့ပြီးနောက်ပိုင်း ပျက်စီးခဲ့ကြတဲ့ သူတို့နိုင်ငံက မြစ်ကြီးတွေရဲ့ သာဓကဆိုးတွေကိုကြည့်ပြီး တော်ရုံလူတောင်မှ သိနိုင်ပါတယ်။  

ပူးတေလို မြစ်ကြီးနဲ့ တိုက်ရိုက်ပက်သက်မှု မရှိတဲ့လူတောင် ခံစားရတယ်ဆိုရင် မြစ်ကြီးနဲ့ အနီးကပ် တသားတည်း ဒိုးဒူဘောင်ဘက် စီးပွားရှာ၊မြစ်ကြီးကို မှီခိုကြီးပြင်းလာကြရတဲ့ အနယ်နယ် အရပ်ရပ်က တိုင်းရင်းသား ပြည်သူတွေ ဘယ်လောက်ခံစားရမယ်ဆိုတာ မှန်းဆကြည့်လို့ရပါတယ်။

ခုတလော ဒီသီချင်းလေးကိုပဲ နှုတ်မှာ တိုတိုးလေးဆိုနေမိတယ်... အမျိုးသား အားကစားပွဲတော်လား ကျောင်းသားအားကစားပွဲတော်လား မမှတ်မိတော့ဘူး ကျင်းပတုန်းက အကော်ဒီယံ ဦးအုန်းကျော် ရေးစပ်ခဲ့တာလို့ထင်တယ်...

တောင်ပေါ်မြေပြန့်မှ မောင်နှမညီအစ်ကိုများ
ပေါင်းစည်းထားခြင်းကို ပြည်ထောင်စုဟုခေါ်ပါသည်။
မြန်မာပြည်ရဲ့ အလှ ရိုးမနဲ့ ဧရာဝတီ၊
သံလွင်၊ ချင်းတွင်း စစ်တောင်း ၊ ရွှေလီ
တည်ရှိနေသမျှ စည်းဆင်းနေသမျှ
တနယ်စီသားချင်းတွေ ချစ်ကြသည်။ သွေးချင်းတွေ ချစ်ကြသည်။ နောင်နှစ်မှာ တွေ့ကြမည်။ သွေးချင်းတို့ရေ နှုတ်ဆက်သည်....

တိုင်းရင်းသားပြည်သူတွေ ဆိုတာရှိလို့လဲ ပြည်ထောင်စုဆိုတာကြီး ဖြစ်တည်နေလာပါ။ ပြည်ထောင်စုကြီးမှာရှိတဲ့ သယံဇာတ အရင်းအမြစ်အားလုံးက ပြည်ထောင်စုသားအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ပြည်ထောင်စုသားအားလုံး ပိုင်ဆိုင်ပါတယ်။

ဒီစီမံကန်းကို အကောင်အထည်ဖော်နေကြတဲ့ ဝန်ကြီးနဲ့အဖွဲ့ဟာ ပြည်ထောင်စုသားအားလုံးပိုင်ဆိုင်တဲ့ အရင်းအမြစ်ကို အခြေခံပြီး တည်ဆောက်မှာမို့ ပြည်ထောင်စုသားတွေအကျိုးအတွက် အဓိကကြည့်ပေးရမှာပါ။ ပြည်သူတွေအများစုမှာ အကျိုးအမြတ်မရှိရင် တိုင်းပြည်မှာလဲ အကျိုးမရှိနိုင်ဘူးလို့ ထင်ပါတယ်။ ဒီလိုတွေပြောတာ ပူးတေနိုင်ငံရေးတွေ နားလည်လို့ပြောနေတာလဲ မဟုတ်ပါဘူး။ မိသားစုတခုအနေနဲ့ ပြောရမယ်ဆိုရင် မိသားစုညီအစ်ကိုမောင်နှတွေအားလုံးပိုင်တဲ့ ဘိုးဘွားပိုင်ပစ္စည်းတစ်ခုကို မိသားစုဝင်အချို့၊ ညီအစ်မောင်နှမ တချို့ သဘောတူရုံနဲ့  ပြုပြင်ခွင့်၊ ရောင်းချခွင့်၊ ခွဲဝေပိုင်ခွင့် မရှိကြဘူး။ တဦးတယောက်က ကန့်ကွက်ခဲ့ရင်တောင်မှ ဒီလူ နားလည်သဘောပေါက်လာပြီး သဘောတူညီလက်ခံလာတဲ့အထိ စောင့်ရတာ လူမှုဥပဒေဘောင်မှာကိုက ပြဌာန်းသဘောတူထားပါတယ်။

ဒါကြောင့်မို့ ပူးတေအနေနဲ့ ပြည်ထောင်စုကြီး ပြိုကွဲမှာ မလိုလားပါဘူး။ ပြည်ထောင်စုကြီး မပြိုကွဲစေချင်ဘူး။ ဒါကြောင့် ပြည်ထောင်စုသားတိုင်း ချစ်ကြတဲ့ ပြည်ထောင်စုကြီးအတွက် ပြည်သူကပိုင်သော မိခင်ဧရာဝတီမြစ်ကြီးကို မဖြစ်မနေ တခုခု လုပ်ရမယ်ဆိုရင်တောင်မှ ပြည်သူအားလုံး သဘောတူကြည်ဖြူဖို့ လိုအပ်တယ်လို့ ထင်မြင်ယူဆမိကြောင်းနဲ့ ဖြစ်နိုင်ရင်တော့ မိခင်ဧရာဝတီကို သဘာဝအတိုင်းသာ ပြုစုစောင့်ရင်းနဲ့ သက်တမ်းရှိသလောက် စီးဆင်းစေချင်မိကြောင်း .....

(ပူးတေမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဆည်တည်ဆောက်ရေး အစရှိတဲ့ နည်းပညာပိုင်းရော၊ ဗဟုသုတပိုင်းရော၊ နိုင်ငံရေးဆိုင်ရာ နည်းဗျူဟာ၊ ဗဟုသုတများလုံးဝမရှိပါသဖြင့် ပူးတေအထက်မှာရေးခဲ့တာတွေက အမှားပါခဲ့ရင် ခွင့်လွှတ်ပါလို့။ ဘိုးဘွားအမွေနှစ်ပစ္စည်းတခုကို ဆုံးရှုံးခါနီးတွင်ခံစားရတဲ့ ခံစားချက်မျိုးဖြင့်သာ ခံစားရေးသားခဲ့ပါကြောင်း ဝန်ခံပါရစေ...)

အမိမြန်မာပြည် တည်ရှိနေသမျှ ဧရာဝတီလည်း ကျန်းမာချမ်းသာစွာဖြင့် အဓွန့်ရှည် စီးဆင်းနိုင်ပါစေလို့

စာဖတ်သူ အားလုံးကို လေးစားခင်မင်စွာဖြင့်
ပူးတေ

P.S>>> အချိန်မရတော့လို့ မမအိမ့်တို့ ကိုသတိုးတို့ရဲ့ ပို့စ်တွေ မလင့်ခ်ပေးလိုက်ရဘူး။ (လင့်ခ်ဖို့က အခွင့်တောင်းတာနဲ့ ဘာနဲ့ကြာသွားမှာဆိုးလို့) မနက်ဖြန်လောက်ဖြစ်ဖြစ် ခွင့်တောင်းပြီး လင့်ခ်နိုင်အောင် ကြိုးစားပါ့မယ်။ မဖတ်ရသေးတဲ့ လူတွေ ဖတ်လို့ရအောင်ရယ်၊ ကိုယ်ပြန်ဖတ်ချင်ရင် အလွယ်တကူသွားလို့ရအောင်ရယ် လင့်ထားမယ်စိတ်ကူးတယ်။ :)

Sunday, March 6

ဝဲထူလေးပါ

ဘလော့လေးကို ရန်ကုန်ကပြန်လာပြီးကတည်းက အလုပ်တွေရှုပ်နေတာရယ်၊ အရှုပ်တွေ လုပ်နေတာရယ်တွေကြောင့် ပြစ်ထားလိုက်တာ အတော်ကြာသွားတယ်... ဒီကြားထဲ ကွန်ပျူတာက ပျက်သေးတယ်...သူလဲ အသက်ကလေးရလာတော့ ဆေးခန်းလေးဘာလေး သွားပြရတယ်...ပြန်ကောင်းလာပေမယ့် အထဲမှာရှိတဲ့ ဒေတာတွေကုန်ရော။ အထူးသဖြင့် ပူးတေရဲ့လက်ရာ စားကောင်းသောက်ဖွယ်ဓါတ်ပုံတွေ၊ ခရီးသွားဓါတ်ပုံတွေပေါ့။ ဒါနဲ့ စိတ်ဓါတ်ကျပြီး ပြန်လှည့်မကြည့်မိတာ။

ရုံးမှာကျတော့ ဖတ်လို့ပဲရတယ်.... မြန်မာဖောင့်က ရေးလို့မရဘူးဖြစ်နေတယ်...ကိုယ့်စက်လေးပြန်ကောင်းလို့ရေးမယ်မှမကြံရသေးဘူး။ လိုအပ်တဲ့ ဆော့ဖ်ဝဲတွေ ဖောင့်တွေ သွင်းနေတုန်းရှိသေး

သူများဘလော့တွေက ဝဲတွေ ဝဲတွေ ကူးကုန်ပြီဆိုတော့ ပူးတေလဲ လန့်လန့်ဖြန့်ဖြန့်နဲ့ ဟယ့်တော့ ဒုက္ခပဲ ငါတော့ ကွန်ပျူတာပြန်ကောင်းတုန်းပဲ ရှိသေး Virus များထပ်ကိုက်ဦးမှာလားလို့ ကြောက်ကြောက်လန့်လန့်နဲ့ ကိုယ့် ဘလော့ကိုပြန်ကြည့်လိုက်တော့ ဝဲထူဖြစ်နေတယ်... သူများတွေ ဝဲကုပြီးတော့ ဝဲကင်းကြောင်း certificate လေးတွေ ကိုယ်စီရတော့ ကိုယ်လဲ ဝဲကင်းချင်ပြန်ရော... ဒါနဲ့ ဘယ်လိုကုရပါ့မလဲလို့ စုံစမ်း စနည်းနာကြည့်လိုက်တော့ သူက ဘာစကေဘီလေး ပင်နဆလင်လေးလောက်နဲ့ မရပဲနဲ့ အရေခွံပါ ဆုတ်ခိုင်းနေတယ်....လင့်တွေ ဖြုတ်ချရမယ်တဲ့... ဒါမှမရသေးရင် ကွန်မန့်တွေ ဖြုတ်ချရဦးမတဲ့... ဝဲကင်းချင်ပေမယ့် လင့်တွေ ဖြုတ်ချင်ဘူးဖြစ်နေတာနဲ့ ကိုယ့်ကို ဝဲရှိနေတာကို မသိချင်ယောင်ဆောင်နေလိုက်တယ်... ဝဲမကင်းချင်လဲနေပါစေတော့လေ အရေခွံလေးတွေ စုတ်ချလို့တော့မဖြစ်ဘူး ဆိုပြီး မသိချင်ယောင်ဆောင်ထားလိုက်တယ်.... ကိုယ့်သွားနေကျနေရာလေးတွေဆီသွားဖို့ လည်ဖို့အတွက် လင့်လေးတွေ တော့ချန်ထားမှ ဖြစ်မယ်... ကိုယ့်အတွက်အားဆေးလေးတွေဖြစ်တဲ့ ကွန်မန့်လေးတွေ ခဏဆိုပြီး ဖြုတ်ချလိုက်ပြီးမှ မလုပ်တတ် မကိုင်တတ်နဲ့ မတော်တဆ လုံးဝပျောက်သွားရင် ဒုက္ခနော်... ဝဲထူဆိုပြီး အဖက်မလုပ်ပဲနဲ့တော့ မနေကြပါနဲ့နော်... ဝဲထူက သူများတွေဝဲကူးအောင်တော့ မလုပ်ပါဘူး...ကွန်မန့်လာမပေးနဲ့ဆိုလဲ မပေးပါဘူး....အနောနိမတ်စ်နဲ့ ပေးပြီးမှ အောက်ကနေ နံမယ်ရေးဆိုလဲ ရေးပါ့မယ်လို့....ဝဲထူလို့ ခေါ်လဲစိတ်မဆိုးပါဘူး... ငယ်နံမယ်ကလဲဒါပဲကိုး....း) (ငယ်ငယ်ကလဲ အသီးအရွက်လုံးဝမစားတော့ ခြင်ကိုက်ဘုလေးနဲနဲကုတ်လိုက်တာနဲ့ အနာဖြစ်သွားရောပဲ အသက်ကြီးမှ ဝဲဘုတွေ မရှိတော့တာ။)  သူများတွေ ဝဲကင်းနေကြတဲ့အချိန်မှာ ဝဲထူလေး ပူးတေ လူတော သူတော ဘလော့တော မတိုးရဲ ဖြစ်နေကြောင်းပါ...လင့်တွေဖြုတ်စရာမလိုပဲ ဘာစကေဘီလေး ပင်နဆလင်လေးလောက်နဲ့ ပျောက်မယ့်နည်းလမ်းလေးများရှိရင်လဲ နည်းပေးလမ်းညွှန်ပေးကြပါဦးလို့  .....

ခင်မင်စွာဖြင့်
ပူးတေ (ဝဲထူ)



(ဝဲထူပုံလေး ကြည့်ကြပါဦး  ;( - အပေါ်မှာ အများကြီးကျန်သေးတယ်...)