Tuesday, May 8

မြိန်ရာ ဟင်းကောင်း

ခင်ရာ ဆွေမျိုး မြိန်ရာ ဟင်းကောင်းတဲ့

အမြဲတမ်းအပြင်မှာ ဝယ်စားနေတော့ တရုတ်ဆိုင်က ထမင်းဟင်းတွေစားရင်စား မစားရင်ခေါက်ဆွဲပြုတ် ဆန်ပြုတ် ဒါမှမဟုတ်ရင် ဘိုစာ အသားပြားအကြီးကြီးတွေကို ကင်မယ် အာလူးကြော်တွေ ပြောင်းဖူးတွေနဲ့ ဂေါ်ဖီထုတ်ကို မေရိုးနီးစ်တွေနဲ့သုတ်မယ် ဒါ ဒါတွေပဲ စားနေရတာ မြန်မာဆိုင်မှာ မြန်မာစာစားချင်လို့သွားစားရင် မုန့်ဟင်းခါးများသွားစားမိပြီဆို စားလို့ တဝက်မကုန်သေးဘူး ရင်တွေတုန် အသက်ရှူတွေကျပ်လာတယ်။ ပြီးရင် ခေါင်းတွေမူးလာတယ်။… ပြီးရင် တညနေလုံးရေတွေ ငတ်ပါရော… ဘာလို့ဆိုတော့ အချိုမှုန့်ရဲ့ တန်ခိုးတွေလေ.. သူများတွေအတွက်ကတော့ ဖြစ်ချင်မှ ဖြစ်မယ်… မစ္စတာပီလဲ မဖြစ်ဘူး။ ပူးတေကတော့ မရဘူး အချိုမှုန့်စားတာနဲ့ အဲဒီ လက္ခဏာတွေပေါ်လာရောပဲ။ အသက်ရှူကျပ်တာများဆို ညအထိ အိပ်မရဘူး။ အချိုမှုန့် ရှောင်ချင်လို့ ချက်ထားပြီးသားတွေ မစားချင်ဘူး... အသုတ်မှာစားတယ်... အချိုမှုန့်လုံးဝမထည့်ဘူးပြောတယ်... အချိုမှုန့်လုံးဝမထည့်ရင် အရသာမရှိမှာစိုးလို့ နဲနဲတော့ထည့်နော်ဆိုပြီး မရမက ထည့်ပေးတဲ့ဆိုင်လဲရှိတယ်... ဒါပေမယ့် ကိုယ်ကကြည့်နေတာ များသွားတာနဲ့ ချက်ချင်းပြန်နှုတ်ခိုင်းလိုက်တာ... အိုကေတယ် စားလို့ရတယ်... ခေါင်းလဲမမူးဘူး ရင်လဲမတုန်ဘူး။ ရေလဲမငတ်ဘူး။ အဲ ဒါပေမယ့် မနက်ကျရင်တော့ ပန်းမမဖြစ်ရော..ပူးတေကပဲ လမ်းမတော် မယ်နုနဲ့ ဘာတော်လဲ မသိဘူး။ တခြားလူတွေစားရင် ဘာမှ မဖြစ်ဘူး ကိုယ်စားရင်တော့ ပန်းရင် ပန်း မပန်းရင် တုန် နေတော့တာပဲ။ တခါလဲ မဟုတ် နှစ်ခါလဲ မဟုတ်ဆိုတော့ မြန်မာအစားစာကို အပြင်မှာ ဝယ်စားရမှာကြောက်လာရော။ ဟင်းကအစ အသုတ် မုန့်မျိုးစုံ ကိုယ့်ကို လုပ်စားတာ များလာတော့တယ်.. အရမ်းစားချင်လာပြီး လုပ်စားဖို့လဲ အချိန်မရဖြစ်လာမှသာ မလွှဲသာမရှောင်သာ ဝယ်စားဖြစ်တော့တယ်။ ဒါကြောင့် ပူးတေ အိမ်မှာချက်ပြီဆို တခြားအစားအသောက်တွေ သိပ်ချက်လေ့မရှိပဲ မြန်မာအစားစာကိုပဲ အပင်ပန်းခံ အလုပ်ရှုပ်ခံ ချက်စား (အဝစား)လေ့ရှိတယ်။ အိမ်မှာ ဘယ်လောက်စပ်တာတွေစားစား ချင်တာတွေစားစား တော်ရုံမပန်းဘူး... အချိုမှုန့်လဲ လုံးဝမသုံးတာမျိုးမဟုတ်ပဲနဲ့ တခါတလေ လိုအပ်မယ်ထင်ရင် နဲနဲပါးပါးသုံးပါတယ်...

အခုလဲ ပူးတေတို့ ချက်စားတဲ့ ညနေစာလေးတနပ်အကြောင်းရေးမလို့။ ဘာမှ မထူးဆန်းပါဘူး။ လွယ်လွယ်ကူကူပါပဲ။ အဓိက ဇာတ်ကောင်ကတော့ သခွားသီးရခိုင်သုတ်ပါ။ ကျန်တာတွေကတော့ ပုဇွန်ဆီပြန်နဲ့ သခွားသီးသုတ်နဲ့ လိုက်ဖက်အောင် ကြာဇံဟင်းခါး အကြမ်းချက်ကလေးပါပဲ။ ပုဇွန်ခြောက်ကြော်ကတော့ အရင်နေ့ထဲကကြော်ထားပြီးသားလက်ကျန်ပါ။

သခွားသီးသုတ်အကြောင်းပဲ ပြောပါမယ်..
ပထမဆုံး သခွားသီး အလုံးကြီးတလုံးကို အရှည်လိုက် အလယ်ကနေ ထက်ခြမ်းခြမ်းပြီးတော့ အစေ့တွေထုတ်ပစ်ပြီး ခြစ်ပါမယ်.. ယိုးဒယား သင်္ဘောသီးထောင်းလိုပုံစံမျိုးပါ.. သခွားသီးကတော့ အရေရွှမ်းတဲ့အသီးမို့လို့ အရည်တွေထွက်ပါတယ်။ အရည်တွေကို မညှစ်ပစ်ပါဘူး အသုတ်က အရည်လေးနဲ့ဆိုပိုစားကောင်းပါတယ်။

ပြီးရင် ကြက်သွန်နီပါးပါးလှီး နံနံပင်လှီး (နံနံပင်အစား ပင်စိမ်းရွက်ရှိရင် ပင်စိမ်းရွက်က ပိုကောင်းပါတယ်) ပုဇွန်ခြောက်ကို ရေအမြဲဆေးပါတယ်။ လှန်းတဲ့အချိန်မှာ ဖုန်တွေဘာတွေ ကပ်နေမှာစိုးလို့ပါ။ မျှင်ငပိ(ငပိစိမ်းစား)ကို ယောက်မနဲ့ မီးကင်ပါတယ်... ငရုတ်ကောင်းစေ့လေးတွေကို လှော်ပြီးတော့ ကျောက်ဆုံနဲ့ ထောင်းပါတယ်။ ငရုတ်ကောင်းအမှုန့်တွေ ကြိတ်ပြီးသားရောင်းပေမယ့် ဒါမျိုးလေး ကိုယ့်ကိုထောင်းမှ ရခိုင်သုတ်နဲ့ပိုတူမှာပါ။ ပြီးတော့ ငရုတ်သီးစိမ်းကို ကိုယ်အစပ်ကြိုက်သလောက် ဒယ်အိုးလေးထဲထည့်ပြီးတော့ ငရုတ်သီးစိမ်းကို ရေမြုပ်ရုံလေးထည့်ပြီးတော့ ရေခမ်းတဲ့အထိပြုတ်လိုက်ပါ။ ဒါဆို ငရုတ်သီးစိမ်း ဘယ်လောက်စားစား ဗိုက်မနာတော့ပါဘူး။ အဝင်ပဲ ပူပြီး အထွက်ကျ ပူရုံပဲပူပြီး ဗိုက်မနာ ဗိုက်မရစ်တော့ပါဘူး ။ :P

ပြီးတော့ ပုံထဲကအတိုင်း သံပုရာသီးလိုသလောက်လေးထည့်ပြီးတော့ အချိုမှုန့်ကြိုက်ရင် အချိုမှုန့်ထည့်ပါ။ ပူးတေကတော့ မထည့်တော့ပါဘူး။ ပုဇွန်ခြောက်ကချိုပြီးသားရော ငပိကလဲ အချိုဆိုတော့ အချိုမှုန့်ထပ်မထည့်တော့ပါဘူး။ ပြီးရင် လက်အိတ်လေးစွပ်နယ်ပြီး အပေါ့အငံ အရင်မြည်းပြီးမှ အငံပေါ့ရင် ထိုင်းငံပြာရည်လေး နဲနဲထပ်ထည့်ပြီး (ငံပြာရည်ကို ကြိုမထည့်တာက ငပိကလဲ တခါတလေကျရင် ငံနေတတ်တာရယ် တချို့ပုဇွန်ခြောက်ကအငံဓါတ်ပါနေတတတ်တာကြောင့် မြည်းကြည့်ပြီး အငံလိုမှ ထပ်ထည့်တာပိုကောင်းပါတယ်)  ဆီပြန်အသားဟင်းလေးတမျိုးမျိုးနဲ့ သူနဲ့ လိုက်ဖက်မယ့် ဟင်းခါးလေးနဲ့ မြင်းခွာရွက်ဟင်းခါးဆို့ ဒန့်သလွန်ရွက် ဟင်းခါးတို့နဲ့ ပိုကောင်းပါတယ်ရှင်။ ပူးတေကတော့ အဲဒီအရွက်တွေ အဆင်သင့်မရှိတာနဲ့ပဲ ကြာဇံဟင်းခါးအလွယ်လေးချက်လိုက်တာပါ။ ဒါဆိုရင်တော့ တရှူးရှူးနဲ့ စားမြိန်မယ့် ထမင်းတပွဲကို စားသုံးနိုင်မှာ ဖြစ်ပါတယ်။

(သခွားသီးသုတ် နယ်ပြီးစားရန် အသင့်။ လက်အိတ်နဲ့နယ်မှဖြစ်မယ် လက်ပူလိမ့်မယ်နော်။ သခွားသီးပေါ်က မဲမဲလေးက ငရုတ်ကောင်းစိကို လှော်ပြီးထောင်းထားတာပါ)

 (ငရုတ်ကောင်းစေ့နဲ့ ငပိမီးကင်ရဲ့ အချိုးအဆကို သိရအောင်။ ပူးတေတို့က ၂ ယောက်ထဲဆိုတော့ ၆ လက်မလောက်အရှည်ရှိတဲ့ အလတ်ဆိုဒ် သခွားသီးတလုံးကိုခြစ်ပြီးသုတ်တာပါ)

 (ပကာသန မပါတဲ့ ရိုးရိုးရှင်းရှင်း ထမင်းဝိုင်းလေး)

 (ကြာဇံဟင်းခါး အကြမ်းချက်)

  (ပုဇွန်ခြောက်ကြော်)

 (ပုဇွန်ဆီပြန် ရေကျန်)

6 comments:

Ree Noe Mann said...

ဧည့်သည် သွားလုပ်ရင် ကောင်းမယ်နဲ့ တူတယ်။

Anonymous said...

me 2. I als feel extremely head-ach after having the food with MSG much. Fresh lime juice(very sour) make me feel a little bit better.

AP

ညိမ်းနိုင် said...

သခွားသီးသုတ်လေးစားချင်ထှာဗျာ....ရှလွတ်....

mstint said...

ဟင်းကောင်းလေးတွေ အားပေးသွားတယ် ပူးတေရေ။
ထမင်းဝိုင်းလေးက စားချင်စဖွယ်တွေပဲနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

မမတို့လည်း အဲလို သခွားသီးသုပ် အရမ်းကြိုက်တယ် အားလုံး စားချင်စရာ ကြာဇံအကြမ်းချက် ကလေး နဲ့ မြိန်မြိန် စားသွားတယ် ညီမရေ

ချစ်တဲ့
မမရွှေစင်

ညီလင်းသစ် said...

ပကာသန မပါတဲ့ ရိုးရိုးရှင်းရှင်း ထမင်းဝိုင်းလေးကို တကယ်ပဲ သွားရည်ကျသွား ခဲ့ပါတယ်ဗျာ...။