Friday, July 16

Friday Mood နဲ့ ငယ်ငယ်တုန်းက သီချင်းများ

ဒီနေ့ Friday Mood ဝင်နေလို့ ဟိုဟိုဒီဒီ လျောက်သွားလည်တယ်...ရုံးမတက်ဘူးလားလို့ အထင်မဆောပါနဲ့ဦး....ရုံးတက်ပြီး  ရုံးကနေ သူများအိမ်တွေ လျောက်လည်နေတာပါ...ကိုယ်လုပ်စရာတွေကလဲ မနေ့ကပဲ အသည်းအသန်လေ.... နာရီတဝက်နောက်ကျပြန်ပြီး အကုန်လုပ်ပေးလိုက်တယ်... မန်နေဂျာလဲ သောကြာနေ့ဆိုရင် တော်တော်တန်ရုံ အရေးမကြီးရင် Friday Mood ဝင်လေ့ရှိတယ်... ဒါကြောင့် သူဒီနေ့ ပူးတေကို ခိုင်းဖို့ စိတ်ကူးမရသေးဘူးဖြစ်မယ်..... Monday မှသာ သေဖို့သာပြင်....;(

အဲလို ဟိုဟိုဒီဒီ လျောက်လည်ရင်းနဲ့ ဒီနေရာလေးကို ရောက်သွားတယ်... သူရေးထားတာလေးတွေ ဖတ်လို့ကောင်းတယ်..စိတ်ဝင်စားဖို့ကောင်းတယ်....ကွန်မန့်တော့ မပေးဖြစ်ခဲ့ဘူးလေ... ကိုယ်က သောကြာမုဒ်ဝင်နေတာကိုး... စာမရိုက်ချင်ဘူးးး..ပြီးရင်တော့ ထပ်သွားဦးမှာပါ... သူ့မှာ ပူးတေစိတ်ဝင်စားတဲ့ Article လေးတွေ ရှိတယ်....အဲဒီမှာ ဒီပို့စ်လေး ကိုရောက်သွားတော့ အိုက်ပူဆိုပြီးသွားတွေ့တော့ ဘာပါလိမ့် အိုက်ပူပေါ့... ဖတ်လိုက်တော့ သဘောပေါက်သွားတယ်...မောင်သူရသီချင်းလေး...

ဒီသီချင်းက မရှိဘူးဆို အနှစ် ၄၀ လောက်ရှိနေပြီလို့ ပူးတေထင်တယ်(ဒီထက်လဲ ကြာချင်ကြာနိုင်မယ်ထင်တယ်)....မေမေ့ညီမ အဒေါ်နံပါတ် ၈အဒေါ် ၃ တန်းနှစ်လောက်တုန်းက ၈ နှစ် ၉ နှစ်သမီးလောက်ကတည်းက ဒီသီချင်းနဲ့ သူက ကျောင်းကပွဲတွေ ရပ်ကွက်က လုပ်တဲ့ လွတ်လပ်ရေးနေ့တို့ ပြည်ထောင်စုနေ့တို့ ပျော်ပွဲရွှင်ပွဲ ကပွဲတွေမှာ ကခဲ့တယ်လို့ မေမေတို့ အဒေါ်တို့ ပြောပြလို့ သိရတယ်... ပူးတေတို့ကို မွေးတဲ့အချိန်ကျတော့ အဲဒီအဒေါ်က B.Com တောင် ပြီးနေပြီ...ပူးတေတို့ ကလေးတွေကို အဖွားကလဲ ဒီသီချင်းနဲ့ပဲ၊ မေမေဆိုလဲ ဒီသီချင်း၊ အဒေါ်တွေဆိုလဲ ဒီသီချင်းပဲ...ငယ်ငယ်ထဲက နားယဉ်နေခဲ့တယ်.. အဲဒီအဒေါ်တွေ အိမ်ထောင်ကျပြီး ကလေးတွေမွေးတော့လဲ ဒီသီချင်းနဲ့ပဲ ချော့သိပ်ခဲ့ကြတာ...အခု ပူးတေတို့ မောင်နှမဝမ်းကွဲတွေထဲက ကလေးတွေမွေးတော့ ချော့သိပ်တော့လဲ ဒီသီချင်းပဲ....အခုဆိုရင် အဲဒီအဒေါ်က အသက် ၄၉ နှစ် ၅၀ လောက်ရှိနေပြီ....

အဒေါ်ငယ်ငယ်လေးထဲက ကျောင်းကပွဲတွေမှာဆိုတဲ့ သီချင်း၊
 ပြီးတော့ နောက်မျိုးဆက် ဖြစ်တဲ့ အဒေါ်ရဲ့ သားသမီးတွေ အပါအဝင် ပူးတေတို့ မောင်နှမဝမ်းကွဲတွေ လက်ထက် အိပ်ယာဝင်သီချင်း၊
အဒေါ်ရဲ့ တူတွေ တူမတွေရဲ့ သားသမီးတွေ (မြေးတူ/ မြေးတူမတွေ) ၊ ပူးတေတို့ရဲ့ နောက်မျိုးဆက်တွေ လက်ထက်အထိလဲ (ခုထိ) ဒီသီချင်းလေးပဲ....

သားသားလေး(မီးမီးလေး)ရယ် အိပ်ပါကွယ်
မေမေ(ဖေဖေ) ပုံပြောမယ်…

စားဖွယ်ပေါတဲ့ အရပ်မှာကွယ်
မောင်သူရ နေသတဲ့ ♫ ..♫



မောင်သူရလေး အရွယ်ရောက်လာ
အဖေ့(အမေ့)ကို ခွင့်ပန်ကာ
ဆွေမျိုးရှာဖို့ ဒီမြေတလွှား
သူစွန့်စားလို့သွားတယ်…..


လမ်းမှာတွေ့တဲ့ အဖိုးအို
ရေငတ်နေရှာသကို…
ရေကိုခပ်လို့ သူကပေး
အဖိုးက လမ်းညွှန်သလေး..♫
 အရှေ့ဘက်က တောင်ပေါ်မှာ
အိုက်ခွန် ရှမ်းငယ်ပါ..♫


မြောက်ကိုလာတော့ တွေ့ပြန်သလေး
ဇော်ဝမ်းကချင်လေး..♫
 အနောက်ဆီက ဆီးလို့ခေါ်
ချင်းလေးရမ်ဘူခေါ်..♫


တောင်ဘက်ကျွန်းပေါ် မြစ်ဝဘေး
ကရင်မ နော်ပုအေး


မောင်သူရတို့ အောင်ပွဲဆင်
ရှမ်းရော ချင်း ကချင်
ရခိုင် ကရင် မွန် ကယား
အဲဒါ တို့သွေးသား


မင်းလိုက်ရှာတဲ့ ဆွေမျိုးဟာ
သူတို့ အားလုံးပါ
မေမေ(ဖေဖေ) ပြောတာ မှတ်ပါလေး
တိုးလို့ချစ်ကြသလေးးးးး
တိုးလို့ချစ်ကြသလေးးးလေးးး

ငယ်ငယ်တုန်းက အိပ်ယာဝင်တေးလေးလို့ အမှတ်တရအနေနဲ့ ပူးတေလဲ မှတ်မိသလောက်လေး စာသားလေးတွေ ချရေးထားတာ.... အလှတရား ရဲ့ ပို့စ်မှာ စာရေးဆရာရေးထားတာက အိုက်ပူတဲ့ ပူးတေတို့ တအိမ်လုံးကတော့ အိုက်ခွန် တဲ့... ပူးတေတို့အိမ်ကလူကြီးတွေ မှားနေတာလဲ ဖြစ်နိုင်ပါတယ်... သိတဲ့လူရှိရင်လဲ ပြောပြသွားလို့ ရပါတယ်... ချင်းလေးနံမယ်ကလဲ ရမ္ဘူလား ရမ္ဘိုလားမသိဘူး...း) ရမ္ဘိုဆိုရင္ေတာ့ ချင်းလေးမဖြစ်ပဲ ဟောလီးဝုဒ်မင်းသား ဖြစ်သွားတော့မှပဲ.. ဒွတ်ခ
 
နောက်တခုက ရေဒီယိုက မနက်ခင်းလာတဲ့ သီချင်းလေးနဲ့ အိမ်ကလူကြီးတွေက ကလေးတွေကို နှိုးလေ့ရှိသေးတယ်...သီချင်းလေးက
 
နံနက်မိုးသောက်ပါပြီ
အိပ်ယာက ထကြ
မထသေးသော သူသည် ပျင်းရိသူဖြစ်သည်
နိုင်ငံ့တာဝန်ထမ်းဆောင်
ညီနောင် အပေါင်းတို့
 
ပျင်းမနေနဲ့ ပျင်းမနေနဲ့
ထကြွလုံ့လ ဝီရိယရှိကြ
ပျင်းမနေနဲ့ ပျင်းမနေနဲ့
 
ကျန်တာတော့ သိပ်မမှတ်မိတော့ဘူး....
 
နောက် ပူးတေငယ်ငယ်က အိပ်ယာကနေနိုးရင် စိတ်ကောက်တတ်တယ်၊ ဂျီကျတတ်သေးတယ်။ ... ဒါကြောင့် မနက် မိုးလင်း အိပ်ယာကနိုးရင် အရပ် ၁၀မျက်နှာ မေတ္တာပို့တို့..ဒဂုံဦးထွန်းမြင့်ရဲ့ ၃၈ ဖြာ မင်္ဂလာ ကဗျာလေးလေးတွေကို ရွတ်ရတယ်...ပါးစပ်က ဆိုလိုက်တာရော နားထောင်လိုက်တာရော ပေါင်းလိုက်တော့ စိတ်က ကြည်သွားရော...ပူးတေက မနက်ပိုင်းကို ကောက်ညှင်းပေါင်း အဖြူရောင်ပဲများများနဲ့ကို နွားနို့နဲ့ စိမ်ပြီးစားရတာ ကြိုက်တယ်.... အဲဒါကြောင့် ငယ်ငယ်ကဆို ပူးတေက ချစ်တီး ခဏခဏဖြစ်တယ်... ဒါကြောင့် အိမ်က ကောက်ညှင်းပေါင်း မကျွေးဘူး... ဒီနေ့ ကောက်ညှင်းပေါင်းသည် မထွက်ဘူး.. ဒီနေ့ ကောက်ညှင်းပေါင်းသည် ဈေးဗန်း မှောက်ကျသွားလို့ ဘယ်သူမှမဝယ်လိုက်ရဘူးလို့နဲ့ ညာပြောလေ့ရှိတယ်...ဒါဆို အာပြဲနဲ့ငိုပြီ....ပူးတေတို့အိမ်မှာ နံပြားဖုတ်တဲ့ ကရင်ဦးလေးကြီးက သူတို့အိမ်မှာ ကောက်ညှင်းပေါင်းရှိတယ်။ အိမ်လိုက်ခဲ့ရင် ကျွေးမယ်ဆို အငိုတိတ်တယ်..သူခေါ်သွားမှာဆိုးလို့လေ... ငယ်ငယ်ကဆိုရင် ဆိုးရင် အဲဒီဦးလေးကြီးအိမ်ကို အပြီးပေးပစ်လိုက်တော့ မယ်ဆိုရင် ဆိုးနေတာ ဂျီကျနေတာတွေ ချက်ချင်းရပ်တယ်...:)

နောက်တခုက စိုင်းထီးဆိုင်ရဲ့ နေ့သစ်သီချင်း...ပူးတေကို အိပ်ယာထရင် စိတ်ကြည်ကြည်လင်လင်ရှိအောင် ဦးလေးအလတ်က ဂစ်တာတီးပြီးဆိုပြခဲ့တာ... ဦးလေးအလတ်က အဲဒီခေတ် ဆံပင်ဂုတ်ထောက်နဲ့ ဂစ်တာတလက်နဲ့ ပူးတေတို့ရဲ့ ပင်တိုင်အဆိုတော်... မေမြို့မိုးတို့၊ မန္တလေးရောက် ရှမ်းတယောက်တို့ ဆိုပြနေကျ.... ဒါပေမယ့် နေ့သစ်သီချင်းလေးကိုတော့ သူက မနက်အိပ်ယာနိုးရင် ဆိုပြလေ့ရှိတယ်...စာသားလေးတွေက အရမ်းထိမိတယ်...

♫ အရှေ့ဆီမှာ ရောင်နီလေး သန်းလို့လာပြီ

မိုးလင်းတော့မယ်... ထတော့ညီမလေးရယ်....
အချိန်ဆိုတာ လူကိုမစောင့်ဘူး လေကွယ်

♫ ကိုယ်လက်ကို သန့်ရှင်းထား...
စိတ်ဓါတ်ကို စုစည်းထား....
ဒီနေ့သစ်ဟာ...
တို့ကို မျှော်လင့်ခြင်းအသစ်တွေပေးလာမယ် …


♫ ငှက်တောင်မှ သာယာတဲ့သီချင်း ရွေးတတ်တာပဲ
စောစောစီးစီး စကားမများကြနဲ့
ကမ္ဘာမြေအတွက် မင်္ဂလာရှိတဲ့အချိန်ဝယ် …


♫ လေကောင်းတွေ ရှူရှိုက်ကြ
သဘာဝကို မှီဝဲကြ
ဒီနေ့သစ်ဟာ
တို့ကို အင်နဲ့အားအသစ်တွေ ပေးလာမယ် …


♫ ညအမှောင်ရယ် အိပ်မက်ဆိုးက နိုးလာပြီ
လမ်းဟောင်းဆက်မသွားဖို့
အမှားဟောင်းဆက်မမှားဖို့
ပြင်ဆင်ဖို့လိုတဲ့ အခွင့်ကောင်းပါပဲ …


♫ ရန်ငြိုးတွေ ဖြေဖျောက်စို့
သွေးရင်းလို လက်တွဲစို့
ဒီနေ့သစ်ဟာ
တို့ကို အောင်မြင်မှုအသစ်တွေ ပေးလာမယ် …♫ ♫ ♫

အဲဒီသီချင်းက အခု မစ္စတာပီနဲ့ လက်ထပ်ပြီးတော့ သူကနေရအောက်ကျက်ပြီးတော့ ပူးတေကို အလုပ်ကနေ ဖုန်းဆက်ပြီး အိပ်ယာကနှိုးတဲ့ သီချင်း (သူက မနက် ၆နာရီခွဲ ဆို အိမ်က ထွက်သွားတယ်လေ...၇ နာရီခွဲရင် ဖုန်းနဲ့ ဒီသီချင်းဆိုပြီး လှမ်းနှိုးတယ်။) ပူးတေရဲ့ phone alarm ထဲမှာလဲ ဒီသီချင်းလေးပဲ ထည့်ထားတယ်... ငယ်ငယ်က သတိရစရာလေးတွေကို အမှတ်တရ အနေနဲ့... နောက်မျိုးဆက်ထိ လက်ဆင့်ကမ်းခွင့်ရရင် ကမ်းချင်နေသေးတာလေ....ငယ်ဘဝ အမှတ်တရလေးတွေပေါ့

 စိုင်းထီးဆိုင်ရဲ့ နေ့သစ်သီချင်းလေးကို ဒီနေရာမှာ နားထောင်လို့ရပါတယ်...ကျန်တဲ့ သီချင်းတွေကတော့ Youtube မှာ မရှိလောက်ဖူးထင်တယ်နော် ...သိတဲ့လူရှိရင် ပြောပြသွားပေးပါနော်...

ဒီညနေ အိမ်မှာ အုန်းနို့ခေါက်ဆွဲ ချက်စားပါမည့် အကြောင်းကိုလဲ Breaking News အနေနဲ့ ကြေငြာရင်း အိမ်နီးသူများ လာရောက်သုံးဆောင်နိုင်ကြပါတယ်လို့....အိမ်မနီးသော ဘလော့ဂါ အစ်ကို အစ်မ သူငယ်ချင်းများကိုတော့ ဘလော့ပေါ်မှာပဲ နတ်များက အနံ့စားပြီး ဘလော့ဂါများက ထုံးစံအတိုင်း ဓါတ်ပုံမှတဆင့် ရှုစားနိုင်ရန် တင်ပြပေးသွားပါမည်လို့ ကြွားလိုက်ပါကြောင်း.... Dan tan tann.....



12 comments:

SHWE ZIN U said...

ညီမ ပူးတေ ရေ

ကြည်နူးဖွယ် ပိုစ့် လေးကို ဖတ်သွားပါတယ်... မင်္ဂလာပါ ညီမရယ် ငယ်ဘဝလေးက ပျော်စရာကောင်းလိုက် တာနော်

နောက်ပြီး ညီမ ချက်မဲ့ အုန်းနို့ ခေါက်ဆွဲလေး လည်း မျှော်နေပါတယ်

ချစ်တဲ့

အမရွှေစင်

သဒ္ဓါလှိုင်း said...

ဘယ်နှယ့်ညီမလေးပူးတေရေ..
ငယ်ငယ်တုန်းကသီချင်းအကြောင်းလေးတွေပြောလို့
သွားနားထောင်မလို့လုပ်နေတုန်း.. အုန်းနို့ခေါက်ဆွဲ
အကြောင်းလာပြောတယ်..။ အုန်းနို့ခေါက်ဆွဲဆို
အရမ်းကြိုက်တယ်..သတိထားနော်.. လာစားပစ်
လိုက်မယ်..အဲလို အနံ့လေးစားလို့ရတဲ့တန်ခိုးလေး
ရှိရင်ကောင်းမယ်..
ခင်တဲ့
မမသဒ္ဓါ

မြူးမြူး said...

နာလာစားမယ်ဟေ့.. နည်းနည်းတော့နောက်ကျမယ်.. အိုတီဆင်းရမှာ..

sosegado said...

မောင်သူရကတော့ ဇော်ဝမ်းရဲ့ ရုပ်ရှင်သီချင်းအဖြစ်နားထောင်ဘူးပါတယ်၊ မင်းအောင် သီချင်းကတော့ ရေဒီယိုကလာမယ် မထင်ဘူး
ဘာပဲဖြစ်ဖြစ်အမှတ်တရဖြစ်စေပါတယ်

ဖိုးသား said...

နောင်တင်မယ့်အုန်းနို့ခေါက်ဆွဲကိုစောင့်မျှော်နေပါတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

အင်း အနံ့ခံယုံပေါ့
တကယ်မှ လာစားလို့မရတာကိုး
တို့လဲ ခုလို ကလေးတွေကို ချော့တဲ့သီချင်းတွေ သဘောကျတယ်..
ငယ်ငယ်က အမေက သီချင်းဆိုပြီး ချော့သိပ်တာလေ.. ပူးလိုဘဲ သီချင်းတွေမှတ်မိနေသေးတယ်.. ဘာဘဲဖြစ်ဖြစ် ငယ်ဘ၀က ပျော်စရာပါဘဲနော်..
Have a nice weekend

ကိုဇော် said...

စားချင်ပေမဲ့ မစားရပါ. . .ဟာ. .ဟာ. ..

ဟီး. . . ကျနော်ကတော့ နိုးတာနဲ့ ကောက်ထလိုက်လို့ ဂျီကို မကျဖြစ်ပါဘူးဗျာ။

နေ၀သန် said...

း))).. ပျော်စရာကြီးပါ့လား..... စားချင်တယ်..အုန်းနို့ခေါက်ဆွဲ...


ခင်မင်တဲ့
နေ၀သန်

ပန်းနုနှင်းဆီ said...

အိုး အုန်းနို့ခေါက်ဆွဲဆိုသိပ်ကြိုက်တာ
ခုတောင်ပြေးလာချင်မိတယ်
အိမ်ရှင်က မခေါ်လို့း)
နောက်တာပါ.. ခေါ်ရင်လဲ မလာနိုင်တဲ့ နေရာကမို့ မလာတော့ပါဘူးနော်..
တင်တဲ့နေ့မှ လာဖတ်ပြီး သွားရေကျပါတော့မယ်

ကိုလူထွေး said...

အလုပ်ကနေတောင် ဖုန်းဆက်ပြီး သီချင်းဆို နှိုးရတယ်ဆိုတော့ ညီမပူးတေအကြောင်း သိလိုက်ပါပြီ...

သိလိုက်ပါပြီ...

းဝ)

Myanmar Good Knowledg Co., Ltd said...

ပူးတေရေ
သားချော့တေးတွေကော၊ အချစ်ချော့ တေးတွေကော ဖတ်ရင်းဆိုသွားတယ်။
ဒီသီချင်းတွေအားလုံးကောင်းတယ်နော်။
သီချင်းကောင်းဆိုပြီး အလုပ်ကောင်းလုပ်တဲ့ မစ္စတာပီကြီးကတော့ အကောင်းဆုံးပဲမို့လား။
ပို့စ်လေးကို ဖတ်ရတာ ကြည်နူးရတယ်နော်။

Unknown said...

ကျွန်တော်က အဲ့ဒီ မောင်သူရ သီချင်းလေးကို ရှာနေတာ ဒီမှာ စာသားတွေ လာတွေ့တယ်
ခုထိ မမေ့တာ အဲ့သီချင်းလေးပေါ့
ကျွန်တော်ငယ်ငယ်ကလည်း အဖေနဲ့ အမေက ဆိုပြခဲ့တာပဲ
စာသားလေးတွေတော့ မှားနေသလားလို့
ကချင်လေး အမည်က ဇော်မှိုင်း လားလို့ :D
ကျွန်တော်လည်း ကချင်ဒေသက လာတာဆိုတော့ ကချင်နာမည်တွေ ဇော်မှိုင်း မှည့်ကြတာ များကြပါတယ်
ပြီးတော့ ကရင်မက နော်မူအေး လားလို့ :D
ကျွန်တော်မှားနေရင်လည်း ပြန်ပြင်ပေးပါဦး