Draft ထဲက ပို့စ်လေးတွေ တင်လိုက်တာပါ... ပို့စ်တွေက Up to date ဖြစ်မနေပါဘူး... ဘလော့လေးအိပ်နေတာကြာလို့ အိမ်ဦးနတ်ကြီး ရဟန်းခံတုန်းက(၂၀၁၀ စက်တင်ဘာလောက်က) ရေးထားတဲ့ ပို့စ်လေးနဲ့ ပြန်ဖွင့်လိုက်တာပါ....
ပူးတေနေကောင်းနေပါပြီ... ပူးတေကို အားပေးစကားပြော သတင်းမေးကြသော ဘလော့ အစ်ကိုအစ်မ မောင်နှမအားလုံးကို ကျေးဇူးတင်ပါတယ်လို့...
စာမရေးနိုင်သေးတာက ပူးတေမအားပြန်ဘူး... မြန်မာပြည်က ဆွေမျိုးတွေ စင်္ကာပူ လာလည်တယ်... စင်္ကာပူမှာ နေတဲ့ဆွေမျိုးတွေ မြန်မာပြည်အပြီးပြန်မှာမို့ တတ်နိုင်သလောက် လိုက်ကူညီတာမို့ အလုပ်အတော်လေးရှုပ်တယ်...
ပြီးတော့ အလုပ် ၂ ခုအကူးပြောင်းမှာ မစ္စတာပီကြီး ခွင့် ၁၄ ရက်လောက်ခံစားခွင့်ရလို့ ရဟန်းဝတ်ချင်တယ်ဆိုလို့ ရဟန်းဝတ်ဖြစ်တယ်။ သူရဟန်းဝတ်တော့ ပူးတေက ရဟန်းအစ်မပေါ့နော်... :P
ရဟန်းဝတ်နေလို့ စနေတနင်္ဂနွေရက်တွေ ပူးတေကိုယ်တိုင် ချက်ပြီး ဆွမ်းသွားကပ်ရတယ်... ပြန်လာရင် နောက်ရက်ချက်ဖို့ ဝယ်ရတယ်....ပြီးတော့ နောက်ရက် ဆွမ်းချိန်မှီ ချက်ပြုတ်ပြီးစီးနိုင်အောင် ပြင်ဆင်ထားရတယ်.... ပြီးတော့ ဘုန်းကြီးတွေအတွက် ဆွမ်းဟင်း ဆွမ်းထမင်းချက်၊ အချိုပွဲအတွက် မုန့်တွေ ကိုယ်တိုင်လုပ်တယ်..တနင်္ဂနွေနေ့နေ့လည်စာ ဧည့်သည်တွေအတွက် ဒန်ပေါက်ပဲအလွယ်ဆုံးမို့ အော်ဒါမှာလိုက်တယ်။ ဒါတောင် ချဉ်ပေါင်ဟင်းချက်၊ အချိုပွဲ၊ ဘာညာ ပြင်ဆင်ရသေးတာပဲပေါ့။... အိမ်က အတူနေအန်တီက ဆိတ်သားဟင်း၊ ပူတင်း အစရှိသဖြင့် သူကိုယ်တိုင် လုပ်ပေးတာတွေရှိသလို ပူးတေလုပ်တာတွေကိုလဲ အန်တီက နေ့တိုင်း ကူညီပေးပါတယ်...အားလဲနာတယ်...နှစ်ဖက် သူငယ်ချင်းတွေလဲ လာကူကြတယ်...ပထမဆုံး ဆံချ(ဆံရိပ်) တဲ့နေ့ကတော့ ပိတ်ရက်ထိ စောင့်နေရင် ရဟန်းဝတ်ရမယ့်ရက် နည်းသွားမှာစိုးလို့ ကြာသပတေးနေ့ကြီး ဝတ်လို့ သူငယ်ချင်းတွေကို မခေါ်တော့ဘူး... ခေါ်လဲလာနိုင်မှာ မဟုတ်ဘူးလေ... မိတ်ဆွေသူငယ်ချင်းတွေ အများစုကတော့ သိမ်ဆင်းလောင်းချင်ကြလို့တဲ့..ဒါပေမယ့် ဦးဇင်းက မစောင့်ချင်ဘူး။ မစောင့်နိုင်ဘူး။ သိမ်ဆင်းလောင်းတယ်ဆိုတာ သွားစရိတ်၊ လာစရိတ်၊ သိမ်ဆင်းလောင်းဖို့ ဝယ်ခြမ်းမှာနဲ့ သူများတွေကိုလဲ ဝန်ထုတ်ဝန်ပိုး ပေးသလိုဖြစ်မှာစိုးတယ်... အားနာပြီး ဖွင့်ရက်မှာပဲ သိမ်တက်လိုက်တယ်... ပူးတေနဲ့ အိမ်က အန်တီနဲ့ပဲ သိမ်ဆင်းလောင်းလိုက်ကြတယ်...အားလုံး အဆင်ပြေပါတယ်..


တိုးပါးရိုး ဘုန်းတော်ကြီးငါးပါးနဲ့ ဦးဇင်းမုနိန္ဒ သိမ်တက်တဲ့ ပုံတချို့ မျှဝေလိုက်ပါတယ်....အခွင့်မတောင်ရသေးပေမယ့် ခွင့်ပြုမယ်လို့ ထင်လို့ တင်ထားလိုက်ပါတယ်...း)
ဘုန်းကြီး ၉ ပါး (သင်္ကန်းအညိုနဲ့က ၄ ပါးက SMC က ၃ပါးနဲ့ ဦးဇင်းအသစ် ဦးဇင်းမုနိန္ဒ ၊ သင်္ကန်းလိမ္မော်ရောင်နဲ့ ၅ ပါးက တိုပါးရိုးကျောင်းကြီးက)
ကမ္မဝါ ရွတ်ဖတ်နေကြစဉ်
ဥုပဇ္ဇာယ် ဆရာတော် ဦးရာဇိန္ဒနဲ့ဘုန်းတော်ကြီး ၂ ပါး(တပါးက ရှစ်မိုင် မစိုးရိမ်ကျောင်းကတဲ့ တပါးက လပွတ္တာမြို့က)၊
အန်တီက ဘုန်းဘုန်းတွေအတွက် ကပ္ပိယလုပ်ပြီး သိမ်ဆင်းလောင်းထားတဲ့ ပစ္စည်းတွေ ပြန်ကောက်သိမ်းပေးနေတာ.. :P
ဦးဇင်းဘွဲ့အမည်က ဦးဇင်းမုနိန္ဒ တဲ့ .... (ရဟန်းမဝတ်ခင် တရက်က အရင်ဘွဲ့အမည်က မုနိန္ဒတဲ့ သန့်ရှင်းစင်ကြယ်ခြင်းလို့ အဓိပ္ပာယ်ရတယ်လို့ပြောသွားသေးတယ်...)
(ဆရာတော်ကြီး ဦးရာဇိန္ဒ)
ဘုန်းကြီးတွေလဲ ကိုယ့်သပိတ်နဲ့ကိုယ် ဘူဖေးပဲ ဘုဉ်းပေးရတယ်တဲ့။ ...း)
ဘုန်းကြီးတွေ ဘူဖေး ဘုဉ်းပေးရတာနဲ့ ပက်သက်ပြီး ပူးတေခေါင်းထဲ စဉ်းစားမိတာက ဘုန်းကြီးတွေအနေနဲ့ တခါထဲ အဝယူသွားပြီး စားမကောင်းလို့ မစားချင်လို့ မကုန်ရင်လဲ မကောင်းပြန်ဘူး၊ တခါတလေကျရင် ဖြစ်တတ်တယ်လေ... ဘုန်းကြီး ဖြစ်ဖြစ် လူပဲဖြစ်ဖြစ် ရုပ်နဲ့နာမ်ဆိုတဲ့ ခန္ဓာရှိရင် ဝေဒနာရှိမှာပဲ။ မစားသေးခင်အချိန်မှာ ဒီနေ့တော့ အစားစားချင်စိတ်မရှိဘူးဖြစ်နေလို့ အရင်စားသလောက် မကုန်နိုင်ရင်မကောင်းဘူးဆိုပြီး စတိသဘောနဲ့ နဲနဲပဲယူသွားလိုက်တယ် ဆိုပါတော့...ပြီးမှ ကပ်ထားတဲ့ ဆွမ်းဟင်းတမျိုးမျိုးကြောင့် ခံတွင်းလိုက်လာတယ်ဆိုရင် ဘုန်းဘုန်းတွေက သင်္ကန်းတလွှားလွှားနဲ့ ဟင်းတွေထားထားတဲ့ နေရာကို ထယူရမှာလား... ဒကာတွေကို ယူပေးပါဦးလို့ ပြောရမလား...ဒါမှမဟုတ် ယူသွားတဲ့ နဲနဲလေးနဲ့ပဲ တော်လိုက်ရမလားလို့။ ပူးတေအသိဥာဏ် သေးသေးလေး ဖြုတ်ဦးနှောက်နဲ့ စဉ်းစားမိပြီး ဘုန်းကြီးတွေ ဘူဖေးဘုဉ်းပေးနေတာ မြင်နေရတိုင်း စိတ်မကောင်းဘူး...ဘုန်းကြီးတွေအနေနဲ့ကလဲ အသားကျ အဆင်ပြေနေပြီးသား ဖြစ်ချင်ဖြစ်မှာပါ...
ပထမဆုံးနေ့ကဆို ပူးတေက ဘုန်းကြီးတွေ ဘုဉ်းပေးလို့ရအောင်လို့ ရန်ကုန်က ငပိရည်ကျိုလေးကပ်တယ်...ငပိရည်ကိုပါ ဘူဖေးဘုဉ်းရမှာမို့ ခုံပေါ်ပဲတင်ထားရမယ်တဲ့။ ပူးတေက ပန်းကန်လုံးအသေးလေးနဲ့ ဘုန်းကြီးတွေ ဆွမ်းဘုဉ်းပေးတဲ့ ခုံပေါ်မှာပဲ တင်ထားမှ ဖြစ်မှာပေါ့လို့.. ငပိဆိုတာ နဲနဲလေးပဲ ထည့်ပြီးဘုဉ်းပေးမှ အဆင်ပြေမှာပေါ့လို့။ တခါထဲ အပြီး ငပိရည်တွေကို ထမင်းပေါ်ပုံဆမ်းသွားလို့မဖြစ်ဘူးလို့ ပူးတေက ထင်မိတယ်။ စီးတီးဟောက မြန်မာဆိုင်တွေမှာတောင် ငပိရေထည့်ဖို့ ကော်ခွက်အသေးလေးတွေ ချထားပေးပြီး အဲဒီကောင်ခွက်လေးလေးကမှတဆင့် လိုသလောက်လေး ထည့်စားရတာမျိုးလေ....
နောက်ပြီး မဟာစည်သြဝါဒခံတဲ့ကျောင်းတွေမှာရှိတယ်။ ဘောဇနဉ် မတ္တဥူ (စာလုံးပေါင်း မှားနေလိမ့်မယ်... ပြောချင်တာက ဘောဇနင် မတ်တင်ညူ ) လက်ရာမကျန်အောင် ဆွမ်းဘုဉ်းပေးရမယ် လို့ မဟာစည်ဆရာတော်ဘုရားကြီးက တင်းကျပ်စွာ မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။ လက်ရာမကျန်အောင်ဆိုတာက ပန်းကန်ထဲမှာ ထမင်းစေ့လေး တစေ့လေးတောင် မကျန်အောင် ဘုဉ်းပေးရတာပါ...မဟာစည်မှာ ဘုန်းကြီးတွေရော ယောဂီတွေရော ဝေယျာဝစ္စလုပ်တဲ့ လူတွေရော ဒီလိုပဲ ထမင်းတစေ့မကျန်အောင် စားသုံးရပါတယ်။ မဟာစည် ဆရာတော်ဘုရားကြီး မိန့်ကြားခဲ့တာက လူတယောက် ထမင်းတစေ့ လေလွင့်လိုက်ရင် လူပေါင်း ၅ထောင်လောက် လေလွင့်ရင်ကို ထမင်းငတ်နေတဲ့ လူတယောက်စာ ထမင်းရပါတယ်တဲ့။ ဆရာတော်ကြီးက မြန်မာပြည်က လူဦးရေနဲ့ပဲ တွက်ပြထားခဲ့တာပါ။ တကမ္ဘာလုံးက လူတွေအနေနဲ့ တွက်ကြည့်ရင် ဆရာတော်ကြီး တွက်ထားတာ နဲတောင်မှနဲနေပါသေးတယ်။
ဟိုတလောကတောင်မှ youtube က video file တခုကြည့်လိုက်ရသေးတာထင်တယ်...ထိုင်းက ရိုက်တာထင်တယ်။ KFC မှာ ကြက်ကြော် ပွဲတွေမှာပြီး အများကြီး ချန်ထားခဲ့တဲ့ လူနဲ့ အဲဒီဆိုင်ကနေ ကြက်ကြော် အရိုးတွေ အကြွင်းအကျန်တွေ ကောက်ပြီး အိမ်ရောက်တော့ ဇနီးနဲ့ သားသမီးတွေ စားခါနီးမှာ ဘုရားရှင်ရဲ့ကျေးဇူးကြောင့် စားရတာဆိုပြီး သားသမီးတွေကို အရင်ဆုံး ဘုရားကို အောင့်မေ့သတိရခိုင်းတာ။ အဲဒီ youtube video file လေးကြည့်ရတုန်းက ရင်ထဲကို တကယ်လာထိတယ်..
အခုနောက်ပိုင်းတော့ ဟာမစ်တစ်က မဟာစည်ကြီးက ဆွမ်းစားတာနဲ့ ပက်သက်ပြီး ယောဂီတွေကို သိပ်မတင်းကျပ်တော့ပေမယ့် လှိုင်မဟာစည်ကတော့ မဟာစည်ကြီးကထက်ကို တင်းကျပ်ပါတယ်။ မဟာစည်မှာ ပူးတေရိပ်သာ ဝင်ကာစက first year ကျောင်းပိတ်လို့။ အဲဒီမတိုင်ခင်တွေကတော့ မိုးကုတ်ရိပ်သာမှာပဲ ဝင်ဖူးတယ်... ပြီးတော့ ရွှေတောင်ကုန်းသာသနာ့ရိပ်သာ။ ညနေဘက်စဝင်တာဆိုတော့ ပထမဆုံးနေ့ အတွက် အာရုံဆွမ်းကို နောက်နေ့ မနက် ၆ နာရီမထိုးခင်လောက်မှာ စားရတယ်... ပူးတေက မနက်အဆောကြီးဆို ဘာမှမစားတတ်ဘူး။ အရည်လောက်လေးပဲ သောက်တတ်တာ။ ပထမဆုံးနေ့မှာ ထမင်းနဲ့ ပဲကတီပါပြုတ်ကြော် ပြီးတော့ အချိုပွဲအတွက် ကော်ဖီ ကိတ် ၂ မျိုးလောက် ဘီစကစ် ဒါမျိုးလေးတွေ ချထားတယ်...မစားခင်မှာလဲ ဆရာလေးက ဒီနေ့ ဆွမ်းကို ဘယ်သူတွေကလှူဒါန်းတာဖြစ်ကြောင်းနဲ့ အလှူရှင်များကို သာဓုခေါ်ခိုင်းပါတယ်။ ပြီးတော့ဆရာလေးက မဟာစည်ဆရာတော်ဘုရားကြီး မိန့်ကြားခဲ့တဲ့ မကုန်နိုင်ဘူးထင်လျှင် ကြိုတင်ဖယ်ချန်ပြီးတော့ ဘောဇနဉ်မတ္တညူ လက်ရာမကျန်အောင် စားသုံးကြပါလို့ ယောဂီတွေကိုပြောပါတယ်...ပူးတေက အဲဒီအချိန်မှာ ဆရာလေးပြောသွားတာ သတိမထားမိလိုက်ပါဘူး... စားတဲ့အခါကျတော့ မနက်အစောကြီးကို ထမင်းမစားတတ်တော့ ၂ လုတ် ၃ လုတ်စားပြီးတော့ ဆက်မစားနိုင်တော့ပါဘူး...ဆရာလေးပြောခဲ့တုန်းကလဲ သေချာနားမလည်လိုက်တော့ ကိုယ်မစားခင် ကြိုတင်ဖယ်ထားဖို့ ပေးထားတဲ့ စတီးဇလုံအလွတ်လေးတွေထဲလဲ ကြိုမဖယ်ထားလိုက်မိပါဘူး... ၃ လုတ်လောက်စားပြီးတော့ အချိုပွဲအတွက်တိုက်တဲ့ ကော်ဖီလေးနဲ့ ကိတ်မုန့်လေးတချပ်စားပြီး တရားမှတ်ရမယ့် ဓမ္မာရုံကို ပြန်လာလိုက်ပါတယ်... ဓမ္မာရုံရောက်ပြီး တရားမှတ်လို့ပြီးတော့ အိပ်ဆောင်ပြန်ရေချိုးခါနီးကျတော့ မနက်က ဆွမ်းစားဆောင်ကဆရာလေးက ကြွလာပြီး ပူးတေကို ယောဂီ မနက်က ဆွမ်းတွေ မကုန်ခဲ့ဘူး။ အများကြီး သွန်ပစ်ရတယ် ဆိုပြီးတော့ မနက်က ဆရာလေးပြောတဲ့အထဲမှာ ဘောဇနင် မတ်တင်ညူအကြောင်းကိုသေချာရှင်းပြပါတယ်... ဒါနဲ့ ပူးတေလဲ သေချာနားမလည်မိလို့ြုဖစ်သွားတဲ့အကြောင်းကိုပြောပြပြီး နောက်မဖြစ်အောင် လိုက်နာပါမယ်လို့ ဆရာလေးကို ဂတိပေးခဲ့ ပါတယ်... အဲဒီကနေ အခုထိ ပူးတေဟာ တတ်နိုင်သလောက် အစားအသောက်တွေကို မလေလွင့်အောင် စားပါတယ်... ထမင်းဆိုလဲ အရင်စားကောင်းမကောင်း မသေချာရင် နဲနဲပဲထည့်ပြီးတော့ စားပါတယ်။ ကုန်သွားမှ ထပ်လိုချင်တယ်ဆိုရင် ထပ်ဖြည့်ပါတယ်.. ဒီက ဟော်ကာစင်တာတွေမှာ ထမင်းစားမယ်ဆိုရင်လဲ ထမင်းနဲနဲပဲထည့်ခိုင်းပါတယ်...ဟင်းလဲ ၂ မျိုးလောက်ပဲ တခါတလေ ဗိုက်အရမ်းဆာတဲ့အခါမျိုးမှ ၃ မျိုးလောက်ပဲ ထည့်ခိုင်းပါတယ်.. ထည့်ခိုင်းတာနဲသွားလို့ စားကောင်းလို့ မဝတာမျိုးပဲဖြစ်ဖြစ် ဗိုက်အရမ်းဆာလို့ မဝတာမျိုးဖြစ်ဖြစ် သစ်သီးတမျိုးမျိုး ဒါမှမဟုတ်ရင် အသီးဖျော်ရည်လိုဟာမျိုးတွေ သောက်လိုက်ပါတယ်...တခါတလေ ထမင်းဆိုင်ကချက်ထားတဲ့ ဟင်းတွေတော်တော်များများကို ကိုယ်ကကြိုက်နေတယ် စားချင်နေတယ်... ဗိုက်ကလဲ အကုန်မဆန့်ဘူးလို့ သိတဲ့အခါမျိုးတွေကျတော့ မစ္စတာပီကြီးကို ပူးတေစားချင်တဲ့ဟင်းတွေ ယူချိုင်းပါတယ်... ပူးတေလဲ ပူးတေစားချင်တဲ့ ဟင်းမျိုးယူပြီးတော့ သူ့ထဲက ယူစားပါတယ်.. အရင် အကြောင်းမသိခင်ကဆို သူနဲ့ ပူးတေခဏခဏ စကားပြောရပါတယ်... သူက ကိုယ်စားချင်နေတာပဲ မှာစားလိုက်ပေါ့ ဘာကိစ္စ ဘာကိုနှမြောနေတာလဲ မကုန်နိုင်ရင် ချန်ခဲ့လိုက်ပေါ့လို့ ပူးတေကို အမြဲပြောလေ့ရှိပါတယ်..၂၀၀၉ ရန်ကုန်ပြန်တော့ လင်မယား ၂ ယောက် လှိုင်မဟာစည်ကို ၉ ရက်ဝင်ကြပါတယ်.. အဲဒီမှာ သူသိသွားတဲ့အခါကျတော့ ပူးတေအစားအသောက်တွေကို ဘာကြောင့်ချွေတာလဲဆိုတာ သူသိသွားပါတယ်... သူလဲ ပူးတေလောက်ကြီးလိုက်မချွေတာနိုင်ပေမယ့် အရင်လိုတော့ အရမ်းကြီးလေလွင့်အောင် မလုပ်တော့ပါဘူး... အဲဒီမှာချွေတာလိုက်လို့ တနေ့ကို တကျပ်တန်သည် ၂ ကျပ်တန်သည် ပိုထွက်လာတာလေးတွေကိုလဲ ပူးတေတို့ လင်မယား ၂ ယောက်လုံးစုဘူးနဲ့ စုထားပြီး သပ်သပ်လှူပါတယ်..အဓိကကတော့ မြန်မာပြည်က လိုအပ်နေတဲ့ နေရာတွေနဲ့ လှိုင်မဟာစည်ကို ပိုလှူဖြစ်ပါတယ်...

(ယောဂီများ ဆွမ်းစားနေကြစဉ်)
(ဖြည့်စွက်ချက်) ဦးဇင်းမုနိန္ဒ လူဝတ်ပြန်ထွက်လာတော့ SMC မှာ ဘုန်းကြီးတွေ (ဆရာတော်ကြီးကအစ) ဘူးဖေးလို ဆွမ်းဘုန်းပေးရတာကို ပူးတေစိတ်မကောင်းဘူးလို့။ ဦးဇင်းမုနိန္ဒရော ဆွမ်းဘုန်းပေးရတာ ဘယ်လိုနေလဲလို့ မပြည့်စုံမှာစိုးတယ်လို့ ပူးတေက မစ္စတာပီကိုမေးကြည့်တော့ သူက အဆင်ပြေပါတယ်တဲ့ ကောင်းပါတယ်တဲ့ ဒီမှာလဲ ဆွမ်းတွေ ဆွမ်းဟင်းတွေ waste မဖြစ်တော့ဘူးပေါ့တဲ့... စလုံးတွေပါ တရားလာထိုင်ကြ ဆွမ်းလာကပ်ကြ သူတို့လဲ ထမင်းစားတယ်ဆိုတော့တဲ့ ဒါမျိုးမှလဲ နိုင်ငံခြားသားတွေပါ ကိုယ့်မြန်မာကျောင်းမှာ တရားလာအားထုတ် ကိုယ့်လူမျိုး ဘာသာကို လေးစားကြမှာပေါ့တဲ့...မဟုတ်ရင်ဆရာတော်တွေ ဘုန်းဖို့ ပန်းကန်တွေနဲ့ကပ်၊ ဆရာတော်တွေ ဘုန်းပြီးလို့ ပိုတာတွေကို လူတွေကိုပြန်ကျွေးမယ်ဆို ကိုယ့်မြန်မာတွေအတွက်က ဘာမှ မဖြစ်ပေမယ့် သူတို့တွေက နောက်ဘယ်လာတော့မလဲတဲ့။ သူမိန့်တာလဲ (အဲ သူပြောတာလဲ) ဟုတ်တာပဲ။
လွန်ခဲ့တဲ့ တလခွဲ(၂၀၁၂ ခုနှစ် မတ်လလယ်)လောက် က ဖားအောက်ဆရာတော်ကြီးရဲ့ကျောင်းမှာလဲ ဆွမ်းသွားကပ်တော့ ဆရာတော်တွေက ဘူဖေးလိုတော့ ထယူစရာမလိုဘူး... ဆွမ်းဟင်းပန်းကန်တွေနဲ့တော့ကပ်တယ်... ဒါပေမယ့် ဆရာတော်တွေက ဆွမ်းဟင်းတမျိုးကို တခါပဲခပ်တယ်.. ခပ်ပြီးတာနဲ့ ဘေးနားမှာ ကပ္ပိယတွေက စောင့်နေပြီးတော့ တခွက်ပြီးတခွက် ပြန်ပြန်စွန့်လိုက်ရော နောက်ဆုံးကျတော့ စားပွဲပေါ်မှာ ဆွမ်းဟင်းရည်သောက် ပန်းကန်လေးတွေပဲကျန်ခဲ့တော့တယ်။ အဲဒီပိုကျန်တာတွေကို လူတွေက ဆက်စားကြရတာ.. ဒါမျိုးလေးကို ပိုသဘောကျမိသလိုပဲ။ ဘုန်းကြီးကျောင်းတွေကို အပြစ်ပြောတာမဟုတ်ပါဘူး... ဒါကတော့ ပူးတေတယောက်ထဲ အမြင်သပ်သပ်ပါ။ အားလုံးကတော့ သာသနာပြုနေကြတဲ့ ရဟန်းဆရာတော်ကြီးတွေပါ.. ပူးတေအားလုံးကို ရိုသေလေးစားပါတယ်.. ဘယ်သူက ကောင်းတယ်..ဘယ်သူကဆိုးတယ်လို့ပြောလိုရင်းမဟုတ်ပါဘူးလို့။ လက်ရှိလဲ ကျောင်းအားလုံးကို အဆင်ပြေသလို အလှူအတန်းရှိတိုင်း အလှည့်ကျသဘောမျိုးနဲ့ ဆရာတော်များကို ပင့်လျှောက်လှူဒါန်းလေ့ရှိပါတယ်... ပုဂ္ဂိုလ်စွဲ ကျောင်းစွဲ ဒေသစွဲမထားပါဘူး.. အမှန်တိုင်းဝန်ခံရရင်တော့ မြန်မာပြည်က ကျောင်းတွေ စာသင်ကျောင်းတွေကို ဒီကထက်တော့ ပိုလှူမိပါတယ်လို့။ ကိုးကွယ်မှု ယုံကြည်မှုကတော့ အားလုံးအတူတူပါပဲလို့။
ဘာသာရေးနဲ့သက်ဆိုင်တဲ့ ပို့စ်လိုဖြစ်နေတော့ ရေးရတာနဲနဲလန့်တယ်... ကိုယ်ဆိုလိုချင်တာတမျိုး စာဖတ်သူ ရသွားတဲ့ message က တမျိုးဖြစ်မှာကြောက်တယ်..
အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေရှင်...အရင်က အစားအသောက်တွေကို သတိမထားမိပဲ အလေအလွင့်ဖြစ်အောင် လုပ်ခဲ့ဖူးကြတယ်ဆိုရင် ဒီနေ့ကစလို့ နဲနဲ နဲနဲစီ သတိထားပြီး မလေလွင့်အောင် ဂရုစိုက်ပြီး မစားနိုင်တဲ့ လူတွေကို ကျွေးကြရအောင်နော်... :D
Please Do not waste the food, A lot of people are hungry in the world.