လူတွေ ပြောနေကြတယ်... အကြော်စုံကို ကြွပ်အောင် ဆီပူအိုးထဲ ရေသန့်ဗူးခွံတွေ ထည့်ကြော်တယ်ဆိုလားပဲ.... ဂျာနယ် ဖြတ်ပိုင်းလေးတွေနဲ့ ဖောဝပ်ဒ်မေးလ်တွေလဲ ရောက်လာတယ်... နောက်ကျတော့ တခါ မဖြစ်နိုင်ဘူး... ဆီထဲထည့်ရင် ဆီနံ့ကပြောင်းသွားတယ်... ကော်စေ့လေးတွေကို စားကြည့်တာနဲ့ ခံစားကြည့်လို့ရတယ်နဲ့... နောက်ပြီး ပြောကြတာ အမျိုးမျိုးပဲ ဖြစ်နိုင်တယ်... ဒါမျိုးကြော်လို့ရတယ်... စမ်းကြည့်ပြီးပြီလို့ ပြောတဲ့ လူတွေလဲ ရှိတယ်... မစမ်းနဲ့... မီးထတောက်မယ်လို့ပြောတဲ့ လူလဲ ရှိတယ်... အိမ်ကိုတော့ ဖုန်းလှမ်းဆက်လိုက်တယ်... စားချင်ရင် အိမ်မှာပဲ ကြော်စားကြတော့ အပြင်စာတွေ တတ်နိုင်သမျှရှောင်နော်လို့ ပြောလိုက်သေးတယ်... အားရစရာပါပဲ အိမ်ကလူတွေ ပြန်ဖြေတာ။ ပူးတေမရှိကတည်းက အပင်ပန်းခံပြီး အလုပ်ရှုပ်လို့ အိမ်မှာ ဘာမှ လုပ်မစားတာကြာလှပြီတဲ့.... ပူးတေပြန်လာမှ စားချင်တယ်ပြောလို့ လုပ်စားတာတွေကိုပဲ စားဖြစ်တော့တယ်တဲ့။ စားချင်တယ်ဆိုလဲ နီးနီးနားနားမှာ ဆိုင်တွေအကုန်ရှိနေတော့ ဆိုင်ကနေပဲ ဝယ်စားကြတယ်တဲ့။
ဟုတ်ပါတယ်...ပူးတေတို့အိမ်မှာ ပူးတေတယောက်ပဲ ဘယ်သူနဲ့ တူပြီး ဒီလိုမျိုး စားစရာတွေ လုပ်ကိုင်စားရတာ ဝါသနာပါနေမှန်းမသိတာ.. သူတို့ကတော့ ပူးတေရန်ကုန်မှာရှိထဲက ပူးတေက မနက်ဖြန် ဘာလုပ်စားကြမယ်...ဒီပစ္စည်းတွေလိုတယ်...ဒါတွေဝယ်ပေးလို့ စာရင်းလေးပဲ ညထဲက တို့ပေးထားလိုက်... မနက်ကျရင် ပူးတေတောင်အိပ်ယာက မနိုးသေးဘူး။ ဈေးခြင်းတောင်းက အောက်ထပ်မှာ ရောက်နေပြီ... အသားတွေ ဘာဖြစ်ကုန်တော့မယ်။ မထသေးဘူးလား။ ချက်မယ်ဆို မချက်သေးဘူးလား။ ဘုန်းကြီး ကြွလာတေ့မယ်နဲ့။ သူတို့က အဲလိုနေ့မျိုးဆို ဈေးဆွဲခြင်းချပေးတယ်... အိမ်ကကောင်မလေးကို အဲဒီနေ့ ပူးတေအတွက် သီးသန့် ထားပေးလိုက်တာ... ထမင်းတောင် တအိုးမတည်ထားတော့ဘူး... စမိတဲ့ ကိုယ့်မှာပဲ အပြစ်ရှိတာလေ... ချက်ပေတော့ ဘုန်းကြီး ဆွမ်းခံကြွတာမှီအောင်လို့။ မမှီရင်တော့လဲ အိမ်မှာရှိတဲ့ မုန့်လေး ကော်ဖီမစ်ထုတ်လေး လောင်းလို့ရပါတယ်။ ဒါပေမယ့် ပူးတေစိတ်ကိုက လူတွေတောင် ချက်စားပြီးမှ ဘုန်းကြီးလဲ လောင်းရမှ ဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ မရအရ ထချက်တော့တာပါပဲ။
အခုလဲ သူတို့ကို အကြော်ကိစ္စလေး ပြောမိပါတယ်။ ပူးတေမရှိထဲက ဘာမှ အထွေအထူး လုပ်မစားဘူး။ ဝယ်ပဲစားတော့တယ်ဆိုတော့ စိတ်က မကောင်းပါဘူး။ ခုပဲ ပြန်ပြီး သွားချက်ပေးချင်စိတ်တွေ တဖွားဖွားပေါက်လာပါတယ်။ ဒါမျိုးတွေကြောင့်လဲ အိမ်မှာ ပူးတေ ဘာမှ သိပ်မလုပ်စားဖြစ်တာ ကြာပါပြီ။ အရင်ကဆို အိမ်မှာ အပတ်တိုင်းလိုလို ပိတ်ရက်တိုင်း သူငယ်ချင်းတယောက်မဟုတ်တယောက်ကို ခေါ်ခေါ်ပြီး တခုမဟုတ်တခု ချက်စားလေ့ရှိပါတယ်။ ပူးတေစိတ်က တမျိုးပါ။ ငယ်ငယ်လေးထဲက (၈ တန်း၊ ၉ တန်းလောက်ထဲက) တွက်ပါတယ်။ ဘယ်လိုတွက်လဲဆိုတော့ ဥပမာအနေနဲ့ ပြောရရင် စင်္ကာပူမှာ ပူးတေ ကြာဇံဟင်းခါးစားချင်တယ်။ အိမ်မှာ မချက်ချင်ရင် စီးတီးဟော သွားစားမှ ရပါတယ်။ အသွား ရထားလက်မှတ်ခ ၁ကျပ်ခွဲ (ကျော်မယ်ထင်တယ် အဲတုန်းက စီးတီးဟောကို ဝုလန်းကနေသွားတာပါ။)၊ အပြန်လဲ အဲလောက်ပဲ။ ၂ ယောက်သွားမယ်ဆို အသွားအပြန် ၆ ကျပ်လောက် ကျပါတယ်။ ပူးတေက ဘယ်တော့မှ တပွဲနဲ့ မတင်းတိမ်တတ်ဘူး။ ဟိုရောက်ရင် ၂ ပွဲစားမယ်။ မစ္စတာပီကြီးက ၁ ပွဲဆို ၁ပွဲ ၃ ကျပ်လောက်ပဲထားဦး၊ ၂ ယောက်ပေါင်း ၃ပွဲစာကို ၉ ကျပ်။ ခရီးစရိတ် ၆ ကျပ်။ ၁၅ ကျပ်ကုန်မယ်။ ၂ ယောက်ထဲစားလို့ရမယ်။ သွားရလာရ ရထားစီးရတာ ခရီးက ပင်ပန်းသေးတယ်။ (အရေးကြီးကိစ္စ၊ လမ်းကြုံလို့ သွားစားတာမျိုးက တမျိုးပေါ့။)၊ တကူးတက သွားစားရမယ်ဆို အဝတ်စားတစုံလဲရတယ်။ ပြန်လာရင် လျော်ရတာ၊ မီးပူတိုက်ရတာနဲ့။ ဒါက ပူးတေအနေနဲ့ အပျင်းကြီးတာလဲ ဖြစ်နိုင်တယ်။ ဒါပေမယ့် စားတဲ့ ဘက်မှာပြန်ကြည့်လိုက်တော့ အရသာက ကိုယ်လိုချင်သလိုမရဘူး။ သန့်ရှင်းမှု၊ (ရန်ကုန်မှာတုန်းကဆို ဆီလဲမသန့်ဘူး)၊ လတ်ဆတ်မှု( မနေ့က တပွဲစာလောက်အကျန်လေးကို ဒီနေ့အသစ်ချက်တဲ့ အိုးထဲ ထည့်မပေါင်းထည့်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး၊ စလုံး ဆိုင်တချို့တောင် laksa အိုးတွေ ဒီလိုမျိုး ထည့်ပေါင်းဖူးလို့ ပြဿနာတက်ဖူးသေးတယ်။) ဒီမှာ ဒေါ်ရွှေပူးတေတို့ တွက်ပါပြီ။ ၁၅ ကျပ်ကုန်ပြီး ဟင်းချက်တာတော့ မပင်ပန်းဘူး ဆိုပေမယ့် ကျန်တာတွေက ပူးတေ အပေါ်မှာပြောသလိုပဲ။ ပြီးတော့ ၂ ယောက်ထဲ စားရတယ်... နောက်ထပ် ၁၀ ဒေါ်လာလောက်ထပ်စိုက်လိုက်မယ်။ ပူးတေနဲနဲ ပင်ပန်းခံလိုက်မယ်ဆိုရင် အိမ်ကလူတွေလဲ အဝစားလို့ရတယ်(ဥပမာ ၁ ယောက်၂ပွဲ၊ ၃ ပွဲပေါ့)။ ပူးတေလဲ ဗိုက်ဆာတိုင်းနွေးစားလို့ရတယ်။ အရသာလဲ စုံပလုံနေအောင် ကိုယ့် စိတ်ကြိုက်ထည့်စားလို့ရတယ်။ ကဲ အဲဒီတော့ နောက်ထပ် ၃ ပွဲစာလောက်ပိုက်ဆံ ထပ်အကုန်ခံလိုက်ရင် တအိမ်လုံးကို ကျွေးလို့ရတယ်။ သူတို့လဲ မြန်မာအစားစာကို ကိုယ့်လိုပဲ တမ်းတမှာပဲ။ သူငယ်ချင်းတွေလာမယ်ဆိုလဲ နဲနဲပိုချက်လိုက်ရင် အေးအေးဆေးဆေး အိမ်မှာ ဗိုက်ရိုက်ပြီး စားလို့ရတယ်လို့.... ကဲ ပူးတေ မတော်ဘူးလား။ ဒါပေမယ့် ဒီအစီစဉ်ကို မစ္စတာပီက တခါတလေ သဘောတူပေမယ့် အပတ်တိုင်းကျတော့ ပူးတေပင်ပန်းလို့ဆိုပြီး မကြိုက်ဘူး။
ခုနောက်ပိုင်း အိမ်က မိသားစုတွေက ဒီလို မချက်စားကြတော့ဘူးဆိုတော့ ပူးတေက ချက်စားတဲ့ အခါတိုင်း အဲဒီအကြောင်းတွေး၊ ဝမ်းနည်း။ ငါသာဒီမှာ သူများတွေကို ချက်ကျွေးနေတာ။ ငါ့မိဘတွေ၊ မောင်နှမတွေကိုကျတော့ ချက်ကျွေးမယ့်သူမရှိဘူးဆိုပြီး လွမ်းနေတာနဲ့ မချက်စားဖြစ်တာ အတော်ကြာပြီ။ :(
မနေ့ကတော့ ဒီအကြော်ထဲကို ရေသန့်ဗူးထည့်ကြော်တဲ့ ကိစ္စကို လက်တွေ့စမ်းမယ်။ ဓါတ်ပုံကို တဆင့်ချင်းရိုက်သွားမယ် ပြီးရင် လူတွေ တကယ်အမှန်တရားကို သိရအောင် လုပ်မယ်လေဆိုပြီး အိမ်သားတွေ တယောက်မှ ပြန်ရောက်သေးခင် တယောက်ထဲ ပြင်ဆင်ပြီး သကာလ~~~~:)
ပူးတေတို့အိမ်မှာ ပူးတေဟင်းချက်နေတုန်း ကလေးမလေးက ကြွပ်ကြွပ်ကြိုး(ပလတ်စတစ် ရောင်စုံကြိုး) တွေ အထွေးလိုက်ယူလာပြီး ပူးတေချက်နေတဲ့ မီးဖိုဘေးနားဖြတ်လျောက်တာ.... ဆီအိုးပေါ်ပါ မီးတွေထဟပ်လို့ ပူးတေခမျာ အော်လိုက်ရတာ... ကံကောင်းလို့ ဆံပင်မွှေး မီးမလောင်တယ်... အဲတုန်းက ပူးတေက ဝက်သားလုံးကြော်နေတာလို့ထင်တာပဲ.... ဆီအိုးထဲ မီးဝင်တာ။ ဟိုတယ်တွေက စားဖိုမှူးတွေ လုပ်ပြတဲ့ ပုံစံမျိုးဖြစ်တာ။ အဲဒါလေးပြန်တွေးပြီး ငါ့တယောက်ထဲ လျှာရှည်ပြီး စမ်းသပ်လို့ မျှော်လင့်ထားသလို အဆင့်ဆင့် အဆင်ပြေစွာ ဓါတ်ပုံရိုက်နိုင်ရင်ကောင်းသေးရဲ့။ မဟုတ်ပဲ ဆီပူအိုးထဲ ရေသန့်ဗူးခွံထည့်လိုက်ပြီး မီးထလောင်နေလို့ (အနဲဆုံးတော့ ဘေးအိမ်တွေက ပလတ်စတစ်မီးလောင်နံ့ ညှော်စော်နံလို့ ကွန်ပလိမ်းတက်မှာပဲဆိုပြီး)အိမ်မှာ ဘယ်သူမှလဲမရှိ၊ သူများနိုင်ငံမှာ မီးလောင်အောင် မီးရှို့လို့ဆို ထောင်ထဲရောက်နေလို့ ကိုယ့်ယောက်ျားကတောင် လာကယ်မှာ မဟုတ်ဘူးလို့(လျှာရှည်တာကိုးလို့ပြောမှာ မြင်ယောင်ပြီး) တွေးမိပြီး ကြောက်ကြောက်နဲ့ စမ်းသပ်မယ့် အစီအစဉ်လေးကို ဖြတ်သိမ်းပြီး ရိုးရိုးသားသားပဲ အကြော်လေးကို ကြော်စားလိုက်တာ အောက်မှာ ပုံလေးတွေ.........