Monday, June 28

မိဘိတ် နဲ့ ပတ်ဘေပတ်တာ

မမရွှေစင်ဦးရဲ့ စာတော်ဖတ်ခင်ခင် ပို့စ်ဖတ်ပြီးတော့ (ဒီပို့စ်က ရေးနေတာ မမရွှေစင်ရဲ့ ကျေးဇူးပါဖေဖေ ဆိုတဲ့ မမရဲ့ဖေဖေမွေးနေ့ပို့စ်ပြီးထဲက ရေးနေတာ။ ဒီလောက်ဆို ပူးတေ ဘယ်လောက်စာရေးမြန်လဲ သိပြီပေါ့နော်း) ) မမရွှေစင်တို့ဖေဖေက အိမ်မှာခိုင်းမယ့်လူငှားတာ စာဖတ်တတ်တဲလူပဲ ငှားခဲ့မှာပဲလို့ စဉ်းစားမိယင်း ပူးတေတို့ အိမ်မှာတော့ ပူးတေမှတ်မိတဲ့ အရွယ်ကစပြီးတော့ နေသွားတဲ့ အိမ်ဖော်တွေအားလုံးကို ပူးတေငယ်ငယ်က မတတ်တခေါက်သင်ပေးခဲ့တာတွေ မှတ်မိနေတယ်.. အဲဒီထဲက ပူးတေမှတ်မိတဲ့ မိဘိတ်ဆိုတဲ့ မော်လမြိုင်ဘက်က ကောင်မလေးအကြောင်းပြောပြချင်တာပါ....

သူက ပူးတေထက် ၃ ၄ နှစ်လောက်ကြီးမယ်ထင်တယ်။ ပူးတေ ၅ တန်း နဲ့ ၆ တန်း ၂ နှစ်လောက် ပူးတေတို့အိမ်မှာနေသွားတယ်။ သူတို့နယ်ကလူတွေက မွေးနေ့အသေချာလဲ မသိကြတော့ ဘယ်နှနှစ်လဲ သူတို့ ကိုယ်တိုင်မသိကြဘူး။ မိဘတွေကလဲ ကလေးတွေအများကြီးမွေးထားတော့ မမှတ်မိကြဘူးလေ.. သူ့နာမယ်က မိဘိတ်တဲ့။ အစကတော့ မိဘိတ်ဆိုတော့ တိုင်းရင်သားမျိုးနွယ်တခုခုက ပေးတဲ့နာမယ်ထင်နေတာ။ နောက်မှ လာပို့တဲ့ ပွဲစားကိုမေးကြည့်တော့ သူ့အမေက ကလေးတွေအများကြီးမွေးတာ သူ့ကျတော့ နောက်ဆုံး ဘိတ်ဆုံးဆိုပြီး မိဘိတ်လို့ ပေးလိုက်တာတဲ့။ ဒါပေမယ့် သူ့အောက်မှာ မောင်နှမ ၂ ယောက်လား ၃ ယောက်လားပဲမသိ ထပ်မွေးသေးတယ်။ ဒါနဲ့ပဲ သူက သူများတွေ အိမ်မှာအလုပ်လုပ်ဖို့ ရွာကလူတွေနဲ့ အပို့ခံရတော့တာပဲ။

သူ့ကို ပူးတေမှတ်မိနေတာက သူက လိမ္မာတယ်... လူကြီးတွေကိုလဲ ကလန်ကဆန်ပြန်မလုပ်တတ်ဘူး။ ပူးတေတို့လို ကလေးတွေနဲ့ဆိုလဲ လူကြီးတွေရှေ့မှာတမျိုး ကွယ်ရာမှာတမျိုး မဆက်ဆံတတ်ဘူး။ အိမ်ကလဲ သူ့ကို ကောင်းကောင်းမွန်မွန်ထားတော့ သူက ပူးတေတို့ အိမ်မှာပျော်တယ်။ ပူးတေကတော့ အိမ်မှာ လူသစ်ဘယ်နှစ်ယောက်လာလာ ပူးတေအလုပ်က သူတို့ကို စာသင်ပေးတာပဲ။ ဘယ်သူမှ တာဝန်ပေးတာမဟုတ်ဘူး။ ပူးတေသင်ပေးချင်လို့ကို သင်ပေးတာ။ ပူးတေသင်ပေးခဲ့တဲ့ လူတွေထဲမှာ သူတယောက်ပဲ စာကို စိတ်ဝင်တစားလိုက်သင်တယ်..သူက ရွာပြန်ရင် သူ့သူငယ်ချင်းတွေက စာမဖတ်တတ်ပဲ သူဖတ်တတ်တယ်ဆိုရင် သူ့သူငယ်ချင်းတွေကို သူတတ်တာတွေ ဖတ်ပြမယ်ပေါ့။ အဓိကက သူကရုပ်ရှင်တွေ ကြိုက်တယ်.. အဲဒီအချန်တုန်းက ရဲကိုကိုနဲ့ လင်းဇာနည်ဇော်ကားတွေ နောက် နေသူရဦးလားမသိဘူး သူတို့ဇာတ်ကားတွေ ခေတ်စားနေတာ။ သူက အဲဒီဇာတ်ကားနာမယ်တွေကို ဖတ်တတ်ချင်တယ်..ရွာပြန်ရင် သူငယ်ချင်းတွေကို ဖတ်ပြပြီး ကြွားချင်တယ်။

ပူးတေတို့အိမ်မှာက အဲဒီအချိန်ထဲက အစ်မဝမ်းကွဲ၂ ယောက်နဲ့ အစ်ကို ဝမ်းကွဲ ၃ ယောက်က ဂျပန်က ပြန်လာခါက၊ အစ်ကိုတယောက်က အမေရိကားက ပြန်လာခါစ ဦးလေးအငယ်နဲ့ အဒေါ်အငယ်နဲ့က စင်္ကာပူမှာ သွားလိုက်ပြန်လိုက်နဲ့။ ပြောရရင် သူတို့တွေက နိုင်ငံခြားမှာနေလာပြီးတော့ သူတို့အချင်းချင်းပြောရင် အင်္ဂလိပ်လိုပြောတယ်...ပူးတေတို့ ကလေးတွေနဲ့ဆိုရင် အင်္ဂလိပ်စကားကို ညှပ်ညှပ်ပြီးပြောတယ်။ တခါတော့ အစ်မဝမ်းကွဲတယောက်ရဲ့ မွေးနေ့ ဇန်နဝါရီလမှာ အဲဒီ နိုင်ငံခြားပြန် အစ်ကိုဝမ်းကွဲတွေ အစ်မဝမ်းကွဲတွေ ဦးလေးအငယ် အဒေါ်အငယ်တွေနဲ့ ကျန်တဲ့ ညီအစ်ကို မောင်နှမဝမ်းကွဲတွေ စုစုပေါင်း ၁၈ ယောက် ကျိုက်ထီးရိုးသွားကြတာ။ ခိုင်းတဲ့ လူက ပူးတေတို့အိမ်က မိဘိတ်ရယ်.. အဲဒီအစ်မအိမ်က ကားမောင်းတဲ့ ဦးလေးကြီးရယ်.. သူတို့ပါကေးစက်ရုံမှာ အလုပ်လုပ်နေတဲ့ ၁၀ တန်းကျောင်းသား အစ်ကိုကြီး တယောက်ရယ် ၃ ယောက်ပါတယ်။ ဆွေမျိုးတွေက ၁၅ ယောက်ပေါ့။ ပူးတေက အငယ်ဆုံး ၆ တန်း။ ပူးတေပြီးရင် မိဘိတ်ထင်တယ်။ ပြီးမှ အစ်မဝမ်းကွဲ ၉တန်းကျောင်းသူက အငယ်၊ ကျန်တာတွေက နိုင်ငံခြားပြန်တွေ၊ ခဏပြန်လာသူတွေ၊ သူတို့ရဲ့ သူငယ်ချင်းတွေနဲ့။

အဲဒီတုန်းက ကားနဲ့တက်တဲ့လမ်း ကျိုက်ထီးရိုးမှာ မရှိသေးဘူး။ လမ်းလျောက်တက်ကြတာ။ ၁၈ ယောက်အဖွဲ့ဆိုပေမယ့် ၄ ယောက်တတွဲ ၅ယောက်တတွဲနဲ့။ ပူးတေက ကလေးဆိုတော့ အပေါ့အပါးက ခဏခဏသွားချင်တာ။ သွားချင်တိုင်း ပူးတေက အဲဒီဂျပန်က ပြန်လာတဲ့ အစ်မကို သူနဲ့ပူးတေနဲ့ ဝေးနေလဲ လှမ်းလှမ်းအော်တာ..အိမ်က သူနဲ့အပ်လိုက်တာလေ။ ဘာဖြစ်ဖြစ် မမကြီးကိုပြောနော်... နေမကောင်းလဲ မမကြီးကိုပြော၊ ဗိုက်ဆာလဲပြောဆိုပြီးမှာလိုက်တာ။ မမကြီး မီးမီး အီးအီးပါချင်တယ် အိမ်သာရှာပေးနဲ့ မမကြီး မီးမီးရှူးပေါက်ချင်တယ် ဆိုပြီး။ သူတို့တွေက အဲဒီအချိန်တုန်းက အသက် ၂၃ နှစ် ၂၅ နှစ်ပါတ်ဝန်းကျင်တွေ ချောလဲချောတာကိုး (ကိုယ့်ငါးချဉ် ကိုယ်ချဉ်တာမဟုတ်ပါဘူး)။ အဲတော့ တောင်ပေါ်ကို တူတူတက်နေတဲ့ ဘေးကအဖွဲ့တွေက သူတို့တွေကို ငမ်းနေကြတာ။ ဘယ်မှာတည်းမှာလဲ။ တည်းဖို့နေရာရပြီလားလုပ်နေကြတုန်း ပူးတေက အဲလိုကြီးထထအော်တော့ သူတို့တွေက ရှက်တယ်ထင်တယ်။ ပူးတေကို အနားနားခေါ်ပြီးတော့ "မီးလေး နောက်တခါ ရှူးရှူးပဲ ပေါက်ချင်ချင် အီးအီးပဲ ပါချင်ချင် အိမ်သာသွားမယ် အီးပါမယ် မပြောနဲ့တဲ့။ မမကြီး မီးမီး လတ်ထရိန်(Latrine) သွားချင်တယ်" လို့ပြောတဲ့။ ဒါကို မိဘိတ်ကလဲ လိုက်မှတ်ထားတယ်...တလမ်းလုံး ဒီလိုပဲ ပြောလာကြတာပေါ့။ ပြီးတော့ အဲဒီအချိန်တုန်းက လူရွှင်တော်ကျော်ထူးတို့ ဧရာတို့ထင်တယ်။ မြန်မာ့အသံမှာ အငြိမ့်ပျက်လုံးပျက်တာ။ ကျော်ထူးက တပ်သားလေး ဧရာက စစ်တပ်မှာ ရိက္ခာပေးတဲ့လူ... ကျော်ထူးက waste paper မရလို့မကျေနပ်တာကို တပ်ကြပ်ကြီးဆီမှာ waste paper(အိမ်သာသုံးစက္ကူ) ကို ဝက်ဆီပတ်မရလို့ ဆုပြီးသွားတိုင်တာထင်တယ်။(သိပ်တော့ မသေချာတော့ဘူး) အဲဒီအချိန်ကစလို့ မောင်နှမဝမ်းကွဲတွေကြားမှာ waste paper ကို ဝက်ဆီပတ်လို့ ခေါ်တဲ့ပျက်လုံးက ခေတ်စားသွားတာ၊ ဒါကို မဘိတ်က မသိဘူး။ အိမ်သာသွားခါနီးဆိုပူးတေက မိဘိတ်ကို ဝက်ဆီပတ်သွားယူပေးဦးလို့ပြောတာ။ သူသိမယ်ထင်လို့။ သူက မမကြီးကို မမကြီးရေ သတ်သတ်လွတ်စားရမှာကို ပူးတေက ဝက်ဆီပတ်တွေ ကျိုက်ထီးရိုးယူလာတယ်ဆိုပြီးတိုင်ပြောတာ။ မမကြီးတို့အဖွဲ့တွေဆိုတာ ရီလိုက်ကြတာ မပြောနဲ့တော့။ ကျိုက်ထီးရိုးကနေ အိမ်ပြန်ရောက်ကြတော့ မိဘိတ်က မမကြီးတို့ ပြောတာတွေကို သူက အတုယူလာတာ။ မေမေက သူ့ကို အဝတ်တွေ ရေသွားစိမ်ထား ဟင်းချက်ပြီးရင် အတူတူ လျော်မယ်ဆိုပြီးသူ့ကိုခိုင်းထားတာ။ မေမေဟင်းချက်ပြီးလို့  အဝတ်တွေ ရေမစိမ်ရသေးတော့ စိတ်တိုပြီးခေါ်တာ။ မိဘိတ် လာဦး။ အဝတ်ရေစိမ်ခိုင်းထားတာ ခုထိဘာလို့မစိမ်သေးတာလဲလို့ မေးလိုက်တာ။ လတ်ထရိန်မအားသေးလို့တဲ့။ ဒါနဲ့ မေမေက အဝတ်ရေစိမ်ခိုင်းတာ လတ်ထရိန်နဲ့ ဘာဆိုင်လို့လဲဆိုတော့ လတ်ထရိန်ထဲမှာ အန်တီလေးက အဝတ်လျော်နေလို့တဲ့။ :P အမှန်က အန်တီလေး (မေမေ့ညီမ အငယ်ဆုံး)က သူ့အင်္ကျီ အဖြူတွေကို ရေချိုးခန်းထဲမှာ လျော်နေတာ။ အိမ်ကအိမ်သာခန်း (toilet)က ဘယ်သူမှလဲမသုံးဘူး။ အားတယ်။ သူက ဘယ်လိုဘယ်လို ရေချိုးခန်းနဲ့ အိမ်သာမှားတယ်မသိဘူး။ ကျိုက်ထီးရိုးမှာတုန်းကလဲ ဘယ်သူကမှ လတ်ထရိန်သွားမယ်ပြောပြီး ရေချိုးခန်းမသွားခဲ့ကြဘူးလို့တော့ ထင်တာပဲ။ :)

မေမေက အိမ်လာတဲ့လူတိုင်းကို ဘုရားစာ သင်ပေးလေ့ရှိတယ်။ မေတ္တာပို့၊ သံဗုဒ္ဓေ၊ အစရှိသဖြင့် သူတို့ ဥာဏ်မှီရင်မှီသလောက်၊ ဥာဏ်လုံးဝမမှီတဲ့လူဆိုလဲ ပုတီးစိပ်ဝယ်ပေးပြီးတော့ အရဟံ အရဟံဆိုပြီး ပုတီးစိပ်ခိုင်းတယ်။ အရဟံတောင်မမှတ်မိတဲ့လူတွေ ပူးတေအိမ်မှာတွေ့ဖူးခဲ့တယ်။ ဒါဆိုမေမေက ဗုဒ္ဓေါ ဗုဒ္ဓေါ ဆိုပြီး စိပ်ခိုင်းတယ်။ အဲဒီ ဗုဒ္ဓေါ မှ မမှတ်မိရင်တော့ ဘုရား ဘုရားဆိုပြီးတော့ ဘုရားတခါပြီးရင် ပုတီးတလုံးချခိုင်းပြီး ပုတီးစိပ်ခိုင်းတယ်။ မေမေ့ရည်ရွယ်ချက်ကတော့ သူတို့လေးတွေ တနေ့ကို ကုသိုလ်ကောင်းမှုနည်းနည်းဆီရသွားအောင်လို့တဲ့။ မိဘိတ်ကျတော့ ပင်ကိုဥာဏ်ကကောင်းတယ်။ အကုန်မှတ်မိတယ်။ ပူးတေတို့နဲ့ ညတိုင်း ည၈နာရီဆို ဘုရားတူတူ ရှိခိုးလို့ရနေပြီ။ သြကာသတော့ ကောင်းကောင်းရတယ်။ ဒါနဲ့မေမေက နောက်တဆင့်တက်ပြီးတော့ မေတ္တာပို့တာတွေ သင်ပေးနေတာ။ မေမေအဲဒီအချိန်တုန်းက မိဘိတ်ကို သင်ပေးတာက
သဗ္ဗေသတ္တာ ဝေနေယျာ ချမ်းသာကိုယ်စိတ် မြဲပါစေ
မိဘနှစ်ဖြာ မြတ်ဆရာ ချမ်းသာကိုယ်စိတ်မြဲပါစေ .....ဆိုတဲ့ မေတ္တာပို့။

အဲဒီမေတ္တာပို့ စသင်ခါစ ၁ပတ်လောက်ပဲရှိသေးတယ်ထင်တယ်။ မေမေတို့တောင်ဘာမှ ကြိုမသိဘူး။ မိဘိတ်ကို ပို့ထားတဲ့ ပွဲစားက တနေ့ နေ့လည်ခင်းကြီး ဗြုန်းဆိုရောက်လာတယ်။ ပူးတေတို့တွေက နေ့လည်ခင်း ကျောင်းပိတ်လို့ မေမေအိပ်ခိုင်းလို့ အိပ်နေရတာ။ မိဘိတ်က ပူးတေကို လာနှိုးတယ်။ သူ ရွာပြန်ရတော့မယ်တဲ့ ။ ပူးတေလဲ  ပထမတော့ကြောင်တောင်တောင်နဲ့ အိပ်ချင်မူးတူး။ နောက်မှ သူ့ကို ပေးမယ့်ပစ္စည်းတွေ လိုက်ရှာပြီး အတင်းထည့်ပေးနေတာ။ အဓိကက သူအရမ်းကြိုက်တဲ့ ရဲကိုကိုတို့ လင်းဇာနည်ဇော်ပုံတွေ၊ သူ့အတွက် မမကြီးတို့ မမလေးတို့ ဝယ်ပေးထားတဲ့ မိတ်ကပ်တွေ(မေမေက အိမ်မှာနေရင်း မိတ်ကပ်တွေပြင်တာ မကြိုက်လို့ သိမ်းထားတာတွေ)။ အဲဒါတွေ သတိရသလောက်ထည့်ပြီးတော့ သူက အဝတ်အစားလဲ။ မျက်နှာကို သနပ်ခါးလူးရတာ။ မေမေကလူးခိုင်းတာ မှတ်မိသေးတယ်။ သူ့အဝတ်စားတွေထည့်ဖို့ မေမေက စာကလေးခြင်း(အဲဒီခေတ်က ခြင်းတောင်း၊ လေးဘက်လေးတန် လုံနေလို့ စာကလေးခြင်းလို့ခေါ်တာထင်တယ်။ ပူးတေတို့ ကျောင်းသွားရင် အသေးလေး၊ သူ့အတွက်က မေမေက အိမ်မှာရှိတဲ့ ခြင်းအကြီး) ပေးလိုက်တယ်။ အဲဒီခြင်းကို ပူးတေတို့တွေ တခါတလေ ကြောင်လေးတွေ ဖမ်းပြီးထည့်ရင်တောင်မှ ကြိုက်တာမဟုတ်ဘူး။ အဲဒီနေ့က ပူးတေတို့ တအိမ်လုံး မိဘိတ်ပြန်မယ်ဆိုလို့ ဝမ်းနည်းနေတယ်။ မေမေကလဲ စကားသိပ်မပြောဘူး။ ပူးတေတို့ကတော့ ကလေးဆိုတော့ မှာစရာတွေ လျောက်မှာနေတယ်။ စာရေးနော်။ ဘာညာနဲ့။ မေမေက သူပြန်ခါနီးကျတော့ မိဘိတ် ဘုရားစာတွေ မေ့မပစ်နဲ့နော်တဲ့။ အသံလေးက ပျော့နေတာသတိထားမိတယ်။ မိဘိတ်က ဟုတ်ကဲ့ ကြီးကြီးတဲ့။ ပြီးတော့ မေမေကိုကန်တော့တယ်။ ကန်တော့ပြီးတော့ ကြီးကြီး ပတ်ဘေပတ်တာပြီးတော့ ဘာလဲတဲ့။ တအိမ်လုံးလဲ နားမလည်ကြဘူး။ နောက်မှ ပူးတေက သဘောပေါက်ပြီး ထရယ်ပါလေရော... သူက သဗ္ဗေသတ္တာ ဝေနေယျာ ချမ်းသာကိုယ်စိတ် မြဲပါစေ... ဆိုတဲ့ မေမေ သင်ပေးထားတဲ့ ဟာကို ပြန်မေးတာ။ ပတ်ဘေပတ်တာပြီးတော့ ဘာလဲတဲ့။ သူမှတ်မိထားတဲ့ အစက မှန်နေပြီး နောက်ပိုင်းကိုပဲ မေ့နေသလိုလိုနဲ့။ အဲဒီတုန်းက မေမေက ပူးတေကိုဆူတယ်လေ။ သူများအဲလိုဖြစ်တာကို မရီရဘူးတဲ့။ ငရဲကြီးတတ်တယ်တဲ့။ ကလေးပဲကိုး... နော်။ ဘယ်သိပါ့မလဲ။

ခုထိ မိဘိတ်ပြန်သွားတဲ့ ပုံပူးတေမျက်စိထဲက မထွက်သေးဘူး။ ပွဲစားမိန်းမကြီးက အဲဒီခေတ်က(လွန်ခဲ့တဲ့ ၁၆ နှစ် ၁၇ နှစ်လောက်ကထင်တယ်) ဟိုင်းလပ် ဒဘယ်လ်ကပ်လို ငွေရောင် ကားမြင့်ကြီးနဲ့ သူတယောက်ထဲလာတာကို။ မိဘိတ်ကို နောက်က ခေါင်မိုးမပါတဲ့ နောက်ခန်းမှာ ဖင်ထိုင်ခုံလဲမပါ။ ဖျာလဲမပါ။ ဒီအတိုင်း အပူထဲမှာ အပေါ်ပူ အောက်ပူနဲ့ ထိုင်ခိုင်းတယ်။ သူ့အဝတ်ထည့်တဲ့ စာကလေးခြင်းတောင်းနဲ့ အထုတ်တထုတ်နဲ့။ ပူးတေက မိဘိတ် ရှေ့မှာထိုင်လေ။ နေပူတယ်လို့ လှမ်းပြောတော့ မေမေက တိုးတိုးလေး ပြောတယ် သွားမပြောနဲ့တဲ့။ ဒါသူတို့လို လူတွေက ဒီလိုပဲတဲ့။ ပွဲစားမိန်းမကြီးလဲ ကောင်းပေါ်တက်ပြီး ကားကိုဝူးခနဲ မောင်းထွက်သွားရော မိဘိတ်က အိမ်မှာနေတာကြာတော့ အသန့်ကြိုက်နေပြီလေ။ သူက ကားပေါ်မှာ ဒီအတိုင်း ဖြစ်သလို ထိုင်မချတော့ဘူး။ နောက်မှာ ဆောင့်ကြောင့်လေးထိုင်နေတာ။ မိဘိတ် ကားလဲ ဝူးကနဲ စောင့်ထွက်သွားရော ဖင်ထိုင်ရက်လေး ကားဘောင်လေးကိုင်ပြီး ပါသွားရော။ 

ကားလဲ ထွက်သွားရော မေမေက ပူးတေကို လူကြီးတယောက်ကိုတိုင်ပင်သလိုပုံစံမျိုးနဲ့ ပြောတာယ်။ မိဘိတ်က ပြန်ချင်တာမဟုတ်ဘူးတဲ့။ မိဘိတ်မပြန်ချင်ရင် မပြန်ခိုင်းနဲ့ပေါ့ မေမေရယ်လို့ ပူးတေက ပြောလိုက်တော့ မေမေပြန်ခိုင်းတာ မဟုတ်ဘူး။ ပွဲစားက အတင်းလာခေါ်သွားတာတဲ့။ ရွာမှာသူ့အမေနေမကောင်းဘူးဆိုပြီးတော့တဲ့။ နောက်ကြီးလာမှ တဖြေးဖြေးသိလာရတာက ပွဲစားတွေက တနေရာကနေ တနေရာကို ခဏခဏပြောင်းမှ သူတို့ ပွဲစားခရမှာမို့ အိမ်တအိမ်မှာ လူမြဲနေရင်တောင်မှ သူတို့က ဆက်မထားဘူး။ အမေနေမကောင်းဘူး။ အဖေနေမကောင်းဘူးနဲ့ မျိုးစုံအကြောင်းပြပြီး လာပြန်ခေါ်ကြတာတဲ့။ မမရွှေစင်ဦးရဲ့ ကျော်လှိုင်ဦး ဘာသာပြန်တဲ့ ဦးလေးတွမ် ဝတ္ထုထဲကလိုပဲ မြန်မာပြည်မှာလဲ မစ္စတာဟာလေတို့လို လူပွဲစားအများကြီးရှိပါလားလို့ စဉ်းစားမိတယ်။

အစကတော့ မိဘိတ်နဲ့ ပတ်ဘေပတ်တာ ဆိုပြီး ရီစရာလေးရေးမလို့ပဲ ရေးနေရင်းက မိဘိတ်ကို သတိရလာပြီး အလွမ်းဇာတ်ဖြစ်သွားတယ်။ မိဘိတ်ကတော့ ပူးတေတို့ကို သတိရချင်မှလဲ ရမှာပေါ့လေ။ သူနေခဲ့ရတဲ့ အိမ်တွေက အများကြီးရှိမှာပဲကို။ ခုချိန်လောက်ဆို မိဘိတ်တယောက် အိမ်ထောင်တွေဘာကျေပြီး သားတွေ သမီးတွေနဲ့ ဖြစ်နေပြီလား။ ဒါမှမဟုတ် ထီတွေဘာတွေများပေါက်ပြီး ကြီးပွားချမ်းသာသွားလို့ အိမ်ဖော်အလုပ်လုပ်စရာမလိုတော့ဘူးလား။ ပူးတေတို့အိမ်က လူတွေကတော့ သူ့နာမယ် မိဘိတ်ဆိုတာရယ် ဇာတိက မော်လမြိုင်ဘာက်က လာတယ်ဆိုတာလောက်ပဲ သိတာပါ။ နာမယ်လဲ ပြင်မရေးထားပါဘူး။ စာဖတ်တဲ့လူတွေထဲက တယောက်ယောက်ရဲ့ အိမ်မှာရော သူအလုပ်လာလုပ်ဖူးချင် လုပ်ဖူးမလားလို့.... ခုလောက်ဆို သူအသက်က ၃၁ / ၃၂ ပတ်ဝန်းကျင်လောက်တော့ရှိရောပေါ့။


လူအချင်းချင်း လှည့်ပတ်ခြင်း
လူအချင်းချင်း ရောင်းစားခြင်း ကင်းဝေးကြပါစေ လို့ ဆုတောင်းရင်းနဲ့ပဲ.........

Saturday, June 26

မမရွှေစင်ဦးသို့

မမရွှေစင်ရေ

ချစ်ညီမပူးတေ ခင်မင် လေးစားစွာဖြင့် စာရေးလိုက်ပါတယ်။ မမရဲ့ အီးမေးလ်လိပ်စာကိုလဲ မမှတ်ထားမိတော့ ဒီမှာပဲ ပို့စ်တပုဒ်တနေနဲ့ ရေးလိုက်ပါတယ်.. မမ တချိန်မဟုတ် တချိန်တော့ ဖတ်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မမကိုညီမရဲ့ ဘလော့မှာ လင့်ထားလို့ မမပို့စ်အသစ်တက်နေတာသိရပါတယ်... လွန်ခဲ့တဲ့ ၁ ရက်က ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၁၁) ဆိုတာကိုတွေ့ရပါတယ်။ အရင်လိုပဲ ကလစ်နှိပ်လိုက်တော့


ဒါမျိုး ပေါ်လာတယ်။ ညီမလေး YES ကို ရွေးလိုက်ပေမယ့် မမရဲ့ ဘလော့ဆီသွားလို့မရဘူး။  ဒါနဲ့  http://www.shwezinu.com/ ကိုတိုက်ရိုက်သွားတော့လဲ shwezinu.com is currently UNDER CONSTRUCTION ဆိုပြီး ဒါမျိုးပဲပေါ်တယ်။


မမရွှေစင် တခြားသူတွေဖတ်လို့ရလား မရလားမသိပေမယ့် ပူးတေဖတ်လို့မရဘူး။ ဘလော့စပေါ့ကနေ ဒေါ့ကွန်းပြောင်းသွားတဲ့ တော်တော်များများကို ပူးတေဖတ်လို့မရဘူး။ မမရွှေစင်ရေးထားတာလေးတွေ စိတ်ဝင်စားလို့ အကယ်၍ဖြစ်နိုင်မယ်ဆိုရင် တခြားသူတွေရော ဖတ်လို့ရမရ တချက်ကြည့်ပြီး ပူးတေလဲ ဖတ်လို့ရချင်လို့ပါ။ မြန်မာပြည်ကနေ ဘလော့စပေါ့ကို မမရွှေစင်တို့အနေနဲ့ ဝင်ရခက်တယ်ဆိုတာ ပူးတေနားလည်ပါတယ်။ ပူးတေရန်ကုန်ပြန်တုန်းကလဲ ဝင်လို့မရခဲ့ဘူး။
အခုတော့ ပူးတေဘလော့ လင့်လေးမှာ

ကျော်လှိုင်ဦး ဘာသာပြန် ဦးလေးတွမ် (အခန်း ၁၁) - အခန်း (၁၁) လွတ်မြောက်လမ်းကို ရှာဖွေသူ ညနေချမ်းသည် မှုန်မှုန်မှိုင်းမှိုင်း ဖြစ်နေ၏။ တည်းခို စားသောက်ခန်းတွင်း၌ လူအများ စုဝေးရောက် ရှိနေကြပြီး ဖြစ်သည်။ သူတို့သည်...

ဒါလေးပဲမြင်နေရပြီး မြင်သားမြင်ရ မကြင်ရဖြစ်နေလို့ပါမမ...

ခင်မင်စွာဖြင့်
ချစ်ညီမ
ပူးတေ(ပေတူး) - ကိုပေါ ရဲ့ စကားလိမ် ပို့စ်ထဲကလို ညီမရဲ့ နာမယ်ကို ပြောင်းပြန်လှန်လိုက်တော့ ပူးတေက ပေတူးဖြစ်တွားတယ်  ;'(

Wednesday, June 16

အော် လွဲခဲ့ပြန်ပြီ တခါ...

မနေ့ညက ဖြစ်ပုံက တကယ်ပဲ ရီရတယ်... ဒီတမနက်လုံး အဲဒီအကြောင်းစဉ်းစားမိရင် တော်တော်လေး ရီချင်တယ်။ ဒေါ်မြလေး အသံနဲ့ ပြောချင်ဘူး မပြောချင်ဘူး ပြောကိုမပြောချင်တော့ဘူး..... ဟိဟိ ဒေါ်မြလေးလိုပဲ မပြောချင်ဘူးမပြောချင်ဘူးနဲ့ တကယ်က ပြောချင်နေတာလေ.... :) မနေ့ညက တမ်းတမိနေသော ဟင်းတခွက် ဆိုပြီးတော့ တယောက်ထဲ စာတွေရိုက် ၊ ပုံတွေတင်နေတာ။ ဓါတ်ပုံတွေ upload လုပ်နေတုန်း မစ္စတာပီကြီးရုံးက ပြန်လာတယ်။ တံခါးဖွင့်ပေးပါတဲ့။ ဒါနဲ့ လိမ်လိမ်မာမာလေး တံခါးထဖွင့်ပေးလိုက်တယ်။ သူက အပြင်က ထမင်းစားခဲ့ပြီးသားတဲ့။ မစားတော့ဘူးတဲ့။ တော်တော်ဝမ်းနည်းသွားတယ်။ ကိုယ်ရိုက်ထားတဲ့ ပို့စ်ထဲက ဓါတ်ပုံတွေပြ သူများ စားချင်စိတ်တွေ ထပ်ပေါက်မလားလို့။ ဒါပေမယ့် ဘယ်လိုမှ ဆွဲဆောင်လို့မရတော့ဘူး။ သူနဲ့ စကားနဲနဲပါးပါးပြော(မပြောရင် ဘလော့လေးကို ရန်ရှာမှာဆိုးလို့။ ဟန်လုပ်ပြီး နားထောင် စိတ်ကတော့ ရေးလက်စ ဘလော့လေးဆီမှာ)။ ပြီးတော့ တခါ သူ့ကို အသီးတခုခုတော့ ကျွေးပါတဲ့။ ထမင်းတော့ မစားတော့ဘူးဆိုလို့ မချစ်စု ရှိတယ် စားမလားဆိုတော့ အပူတွေကန်နေလို့ မစားချင်ဘူးတဲ့။ ဒါနဲ့ နှင်းသီးလေး ခွဲကျွေးလိုက်တယ်။ အဲဒီအချိန်ထိ အဲဒီပို့စ်က လုံးဝမတင်ရသေးတာ။ ပြီးလဲ မပြီးသေးဘူး။ အိပ်ခါနီးကျတော့ မစ္စတာပီကမေးတယ်.... စာဆက်ရေးဦးမလို့လားတဲ့။ မရေးတော့ဘူး ကွန်ပျူတာပိတ်ပေးလို့ ပြောလိုက်တာ။(ဘယ်လို ဆက်ရေးမလဲ သူနဲ့လေရွှီးနေတာနဲ့တင် ၁၁ နာရီခွဲနေပြီ။ လူက ရုံးရောက်ရင် အိပ်ငိုက်တာ ရုပ်ပျက်ဆင်းပျက်)။ ဒါနဲ့ သူက ပူးတေလိမ္မာလာတယ်ဆိုပြီး ကွန်ပျူတာ shut down လုပ်ပေးတယ်။ ဒီမနက် ရုံးမှာ ကိုယ့်အီးမေးလ် ကိုယ်စစ်ရော ဟာ ကွန်မန့်အသစ်တွေ ဆိုပြီ ပျော်သွားတယ်။ ပြီးမှ သတိရလို့ အလန့်တကြား ဘယ်လိုဘယ်လို ဖြစ်တယ်မသိဆိုပြီး ကိုယ့်ဘလော့လေး ကိုယ်ဝင်ကြည့်လိုက်တာ ဟား ဟား ဟား မပြုံးပဲနဲ့ ဝါးလုံးကွဲရီမိတယ်.... စာလေး ၂ပိုဒ် တက်သွားတယ်... ကိုယ့်စာကိုယ်ပြန်ဖတ်မိတော့လဲ ခေါင်းစဉ်နဲ့ စာက တခြားစီ။ ကိုယ်ဘာတွေကြိုက်တဲ့ အကြောင်းတွေ။ ငယ်ငယ်က ကျွန်ုပ်အကြိုက်ဆုံး အစားစာများလို အက်ဆေးလေး။ ဟားဟား အားနာလိုက်တာ လာဖတ်တဲ့ လူတွေရော၊ ကွန်မန့်ပေးသွားတဲ့ လူတွေရော... ဒါပေမယ့် အမှတ်တရထားထားလိုက်တယ်... ကွန်မန့်လေးတွေရှိနေလို့ မဖျက်ရက်တော့ဘူး။ မစ္စတာပီ လက်ချက်ပဲနေမယ်ထင်တယ်။ သူက ဘလော့အကြောင်း ဘာမှ သိတာမဟုတ်ဘူး။ သူ့ကို ကွန်ပျူတာ ပိတ်ခိုင်းလိုက်တာ ပို့စ်ပါတင်ပေးလိုက်တယ်။ :D ပြီးတော့ ဘယ်လို ဘယ်လို ဓါတ်ပုံတွေ ဘယ်ပျောက်ကုန်လဲ မသိဘူး... အတော်လေးကို အခြေအနေဆိုးသွားတယ်... လာဖတ်သွားတဲ့ လူတွေရော၊ ခင်မင်စွာနဲ့ ကွန်မန့်ပေးသွားတဲ့ မမတွေကိုရော ကျေးဇူးလဲ တင်ပါတယ်။ အနူးအညွန့်လဲတောင်းပန်ပါတယ်လို့။ (တော်သေးတယ်။ ခုထိ လာအော်ဆဲသွားတဲ့ လူတွေမလာသေးလို့) တောင်းပန်ရင်းနဲ့ပဲ ကျန်ခဲ့တဲ့ ဓါတ်ပုံလေးတွေ ဆက်တင်လိုက်ပါတယ်...သူများတွေ အပိုင်းတွေခွဲတာ အားကျလို့ ပူးတေလဲ ဟင်းတခွက်ကို ၂ ပိုင်းခွဲတင်ရတယ်... အမိုက်အမဲလေးမို့ ခွင့်လွှတ်နားလည်ပေးကြပါလို့ တောင်းပန်ရင်း ညက မတင်လိုက်ရတဲ့ ဟင်းလေးတွေနဲ့ ပြန်ဧည့်ခံပါရစေနော်...

(ဒါလေးက ဇရစ်ရိုးလေးတွေ/ အရွက်မရှိလို့ ဇရစ်ရိုးခေါ်တာဖြစ်မယ်။း)
ဘာတွေ မှန်းမသိဘူးမှတ်လား.. အဲလို မသိအောင်တမင်လုပ်ထားတာ :D  ပုဇွန်တွေကို အခွံနွှာပြီး ရေခဲသေတ္တာထဲ ထည့်ထားတာ/ ချက်ရင်အဆင်သစ် ယူချက်လို့ရအောင်လို့။ ဇရစ်ထဲ ထည့်ချက်ဖို့။
(ဒါက ပထမနေ့က ချက်ထားတဲ့ ငါးဟင်း။ ခုတော့ သူလဲ အရောခံရတော့မယ်... ဇရစ်နဲ့ ပြန်ပေါင်းထုတ်ခံရတော့မယ်။)
ဟော အပေါ်က ၃မျိုးပေါင်းပြီး ဟတ်ချလောင်းလို့ လုပ်လိုက်တာ ထွက်လာပါပြီ မင်းသမီးတော့မဟုတ်ဘူး။ မနေ့ညက တင်ဆက်ခွင့်မရခဲ့တဲ့ ဇရစ်ရိုးချဉ်ဟင်း။ ဝါးနေတယ်... မသောက်ရသေးတော့ လက်တုန်နေတာ။ :)
ဒါက ပူးတေထမင်းစားပြီးမှ ကျန်တာတွေ ရိုက်ဖို့သတိရလို့လေ...ညက မစ္စတာပီက ညစာအိမ်မှာမစားဘူး။ ပူးတေက သူစားမယ်ထင်လို့ ချန်ထားတာတွေလေ... ဇရစ်ရိုးချဉ်ဟင်း၊ ဆိတ်သားဟင်း၊ ဝက်သားတုတ်ထိုး (city hall က ဝယ်ထားတဲ့ လက်ကျန်လေး)၊ ငါးပုဏ္ဏားကြော်(အကောင်သေးပေမယ့် ဥတွေနဲ့)။ ညက သူမစားတော့ ဒီနေ့ ချက်စရာမလိုတော့ဘူး။ ဒီညလဲ ဒါတွေပဲစားရဦးမှာပဲ။
အောက်နားလေးက ဗူးလေးရဲ့ ထောင့်မှာ သေးသေးလေးက ငပိထောင်း။ ရန်ကုန်က ထောင်းပေးလိုက်တာပဲ။ နဲနဲချင်း ခွဲစားနေတာ။
တီးလို့ကောင်းကောင်းနဲ့ တီးပြစ်လိုက်တာ ထမင်းအိုးတောင် တဝက်ပဲကျန်တော့တယ်... ဒါကြောင့် ညက ဗိုက်တင်းပြီး မပြီးသေးတဲ့ ပို့စ်က တက်သွားတယ်... :D ရှက်ချာကြီးနော်
ဝက်သားတုတ်ထိုးကို အနီးကပ်ရိုက်မယ်ဆိုပြီး ရိုက်ထားတာ.... နီးနီး ဝေးဝေး ဘာမှမထူးဘူးနော်....အဲလိုတော်တာဟား ဟား ဒီမှာလဲ တူတူပဲ ဆိတ်သားလို့ မှတ်ပါနော်.. ဘာပုံမှန်းမသိမှာဆိုးလို့... :P
ဒါတော့သိမှာပါနော်... င ငါးပုဏ္ဏား ဟင်းချက်စားတဲ့ ....း)

အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်လို့....

မမသက်ဝေရေ... ဖလံတောင်မွှေးကလဲ ပူးတေအကြိုက်တွေထဲက တခုပဲ။ ငယ်ငယ်က ပူးတေတို့က ဖလံတောင်မွှေးအရွက်ကို ဖြန့်လိုက်ပြီးမှ ဆမူဆာပုံစံပြန်ခေါက်ပြီး ဆမူဆာ လုပ်ရောင်းတမ်းဆော့ခဲ့တာ။ ခုတော့အိမ်က အရင့်တွေရယ်၊ စားလို့မရတဲ့ အရွက်တွေရယ်ဖယ်ပြီးမှ ပို့လိုက်တော့ အရွက်ပါမလာဘူးမမ။ နောက်နေ့မှ ဖလံတောင်မွှေး ကြော်ပြီးတော့ ပို့ပေးလိုက်မယ်နော်။ :)

မမရွှေစင်  ဟုတ်တယ်မမ။ ပူးတေက တတ်နိုင်ရင် ရန်ကုန်က ကြည့်မြင်တိုင်ညဈေးရယ် သီရိမင်္ဂလာဈေးရယ် ၂ ဈေးကို စင်္ကာပူ ရွှေ့ထားချင်တာ။ ဒါမှ ကြိုက်တဲ့ မုန့်တွေ ရာသီပေါ် ဟင်းသီးဟင်းရွက်တွေ အချိန်မရွေးစားရမှာ...:)

မမပြာ အိမ်မှာ လာစားပါလား။ ရှိတာ အကုန်ချကျွေးမယ် တကယ်ပြောတာနော်....

မမ blackroze မမစာဖတ်ရင်း သွားရေကျသွားတာ ညီမလေး blog တောင်စိုရွှဲသွားတယ်.... ;'(

မမတို့ အားလုံးကျေးဇူးပါ... ပူးတေစာ အစပ်အဟပ်မရှိတာကို သီးခံဖတ်ပြီး မန့်ပေးသွားကြလို့...ကျန်တဲ့ စာဖတ်သူအားလုံးလဲ ကျေးဇူးအထူးပါ။ (ခေတ်မှီအောင် ကျေးဇူးတွေ စွတ်တင်နေတာမဟုတ်ရပါ)

:D

Tuesday, June 15

တမ်းတမိနေသော ဟင်းတခွက်

ပူးတေက မြန်မာအစားအစာဆို အုန်းသီးနဲ့ လုပ်တဲ့ မုန့်တွေကလွဲလို့ ကျန်တဲ့မုန့် အားလုံး၊ ဟင်းဆိုလဲ မြန်မာစာ စစ်စစ်ကိုမှ ကြိုက်ပါတယ်။ အိမ်မှာတော့ အဒေါ်တွေက ထားဝယ်ဘက်မှာနေတော့ ငပိပို့ပေးလို့ ထားဝယ်ငပိသုတ်ကို ပုဇွန်ခြောက်များများနဲ့ စားဖူးပါတယ်။ငပိရေ၊ ငပိထောင်းကိုတော့ ၁၀ တန်းအောင်ပြီးတဲ့အထိ တခါမှ မစားဖူးပါဘူး။ ကျောင်းတက်မှ အဆောင်နေတော့ သူငယ်ချင်းတွေ အတင်းကျွေးလို့ မြည်းကြည့်ရင်းနဲ့ ငပိရည် ငပိထောင်း ကြိုက်သွားတာပါ။ ပြီးခဲ့တဲ့ လလယ်လောက်ကတည်း ရန်ကုန်က ကြီးကြီးလာမယ်ဆိုလို့ စားချင်တဲ့ ဟင်းတွေစဉ်းစားပြီး သတိရတိုင်း ဖုန်းလှမ်းဆက်တာ ဖုန်းဖိုးတင် မနည်းဘူး။ မှာလိုက်တာတွေ အများကြီးပဲ။ ပြီးတော့ မမှတ်မိတော့ဘူး။ ပစ္စည်းတွေတွေ့မှ အင်းဟုတ်တယ် ဒါလဲ စားချင်နေတာ။ ဟုတ်တယ် ဒါလဲမှာမလို့နဲ့။

ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့ကထဲက ကြီးကြီးယူလာတဲ့ စားစရာတွေ ဒီနေ့မှ စစားဖြစ်တယ်။ အသီးအရွက်တွေက ဗူးညွန့်၊ ဇရစ်ရိုး၊ ဖလံတောင်မွှေး၊ မချစ်စု အစိမ်းနဲ့ ဝင်းရောင်(မမှည့်တမှည့်ကို ခေါ်တာထင်တယ်)၊ ချဉ်ပေါင်ရွက်၊ ဒန့်သလွန်ရွက်၊ ကန်စွန်းရိုးနီ အများကြီးပဲ။ ကြီးကြီးက ငါ့မှာ ဟင်းသီးဟင်းရွက်သည်ကြီးကျနေတာပဲတဲ့။ :D အသားတွေကိုတော့ မမှာတော့ဘူး။ ဒီမှာ အားလုံးနီးပါးရတယ်လေ။ ငါးပုဏ္ဏားကြော်၊ ငါးသလောက်ပေါင်းပြီးသား၊ ငါးဖယ်ကြော် ဒါပဲမှာလိုက်တယ်။ ဒီမှာရှိတော့ရှိတယ်။ ဈေးလဲကြီးတယ်။ မလတ်လဲ မလတ်ဘူးလေ။ ရေခဲတွေ အကြာကြီး ရိုက်ထားတာ။ ပူးတေက အသားငါးထက် ဟင်းသီးဟင်းရွက်ကို ပိုကြိုက်တယ်။ နောက်ပူးတေက ဟင်းသီးဟင်းရွက်ရဲ့ အရိုးတွေကို ကြွပ်ကြွပ်ဝါးစားတာပိုကြိုက်တယ်။ ဥပမာ ကန်စွန်းရွက်ဆို ပူးတေက အရိုးပဲစားတာ။ အရွက်ကိုမကြိုက်ဘူး။ ဝါးရတာ ချွဲကျိကျိနဲ့လို့။ အညွန့်ဆို အကုန်ကြိုက်တယ်။ ဗူးညွန့်၊ ခဝဲညွန့်၊ ပဲညွန့်၊ ကင်းပုံညွန့်၊ ဘာညွန့်တွေရှိသေးလဲမသိဘူး။ ငယ်ငယ်ကဆို မေမေ့ရဲ့ အမေ ဖွားဖွားကို သွားသွားနောက်တာ။ အဖွားနာမယ်က တလုံးထဲ ဒေါ်ညွန့်တဲ့။ ဖွားဖွားက အဖိုးနဲ့စိတ်ဆိုးရင် အညွန့်နော် အညွန့် တညွန့်ထဲရှိတယ်လို့ ပြောလေ့ရှိတယ်။ ဒါဆိုပူးတေက ဖွားဖွားနော် မီးက အညွန့်ဆို ဘာညွန့်ဖြစ်ဖြစ် ချက်စားလိုက်မှာပဲဆိုပြီး ထွက်ပြေးရတယ်။ မဟုတ်ရင် လက်ထဲမှာရှိတဲ့ပစ္စည်းနဲ့ လှမ်းပေါက်တော့တာပဲ။
ဒါမျိုးတွေသာ ကြိုက်တာ။ ငပိရေလဲ အခုဆို အရမ်းကြိုက်တယ်။ မစ္စတာပီက ဝက်ခြံပေါက်မှာဆိုးလို့ သိပ်ပေးမစားဘူး။ ငပိကို အရမ်းကြိုက်ပေမယ့် တို့စရာတော့ မစားတတ်ဘူး။ သရက်သီးစိမ်းကိုကြိုက်တယ်မှတ်လား။ ထမင်းပြီးမှ ဒီအတိုင်း ငပိနဲ့ ထိုင်တို့စားတာ။ နံတဲ့ ဟာတွေတော့မုန်းတယ်။ ဒူးရင်သီး၊ စူးပုတ်ရွက်၊ တညင်းသီး အဲဒါတွေဆို အရမ်းမုန်းတယ်။ ငယ်ငယ်ကတော့ ဒူးရင်းသီးကို အရမ်းကြိုက်၊ အရမ်းစားခဲ့တယ်လို့ လူကြီးတွေကတော့ ပြောကြတာပဲ။ ခုတော့ သူတို့ ပြောတာ ကိုယ့်ကို ညာနေသလားလို့။

Wednesday, June 2

မနက်ခင်း ကုသိုလ်

စာတွေ မတင်တာကြာနေလို့ June လအတွက် ပထမဆုံး ပို့စ်လေးကို ကုသိုလ်ကောင်းမှုလေးနဲ့ ဖွင့်လိုက်ပါရစေနော်....

(မနက်က အိမ်က ဘုရားစင်လေးမှာ ချယ်ရီသီးလေးတွေနဲ့ အန်တီကပ်ထားတာ... အားလုံးကြည်ညိုရအောင်လို့ ဘုရားရှိခိုးပြီးတော့ ရိုက်ခဲ့တာ။
မမkom ကို အားကျလို့ ဝါးတားတားလေးရိုက်ခဲ့တယ်.... ဘာမှမဟုတ်ဘူး ရုံးနောက်ကျနေတာကို ဖုန်းကင်မရာနဲ့ တပုံထဲ ကမန်းကတန်းရိုက်လာရလို့ ဝါးသွားတာကို မမkom ကို ဆွဲထည့်တယ်...)
 

ပုလ္လင်ပေါ်မှာ တဆူထဲ အကြီးဆုံးဘုရားက အန်တီ့ဘုရား၊ အလယ်က ဆင်တွေနဲ့ ဘုရားက ပူးတေအတွက် အိမ်က ပင့်လာခဲ့ပေးကြတာ။ ပါပါးက ဗုဒွဟူးနေ့ဆိုတော့ မိဘကိုပါတခါထဲ ပါသွားအောင်ဆိုပြီး ဒီဆင်နဲ့ဘုရားကို ပို့ပေးလိုက်တာလေ... ဘေးကနောက်တဆူက ဒီမှာ မင်္ဂလာဆောင်တော့ လက်ဖွဲ့ရတဲ့ ဘုရား... စုစုပေါင်း ၃ ဆူတောင်။ ရန်ကုန်မှာလဲ အလိုတော်ပြည့်ဘုရားတဆူရှိသေးတယ်... ဥာဏ်တော်က ၁ ပေကျော်ကျော်လောက်ရှိမယ်ထင်တယ်.. အဲဒါလဲ လက်ဖွဲ့ရတာပဲ။ ရန်ကုန်အိမ်မှာ ကိုးကွယ်ဖို့ မပင့်ခဲ့ဘူး။ နံရံမှာ ကပ်ထားတဲ့ ဘုရားပုံတော်က မစ္စတာပီ ပူးတေနဲ့ လက်မထပ်ခင်က စင်္ကာပူစလာထဲက ပင့်လာတဲ့ ဘုရားပုံတော်ပါ။ လူပျိုဘဝက ကိုးကွယ်ခဲ့တဲ့ ဘုရားတဲ့။း) ဒါတောင် အဒေါ်တယောက်က မစ္စတာပီ နေ့နံနဲ့ တွက်ပြီး ဘုရားတဆူ ထပ်ထုပေးမယ်လုပ်နေတာ။ မနဲ စတော့ပ် ခိုင်းထားရတယ်...



အိမ်မှာရှိတဲ့ ဘုရားတွေကိုတော့ မနက်တိုင်းတော့ သောက်တော်ရေကပ်၊ ဘုရားဝတ်ပြုတာ ပုံမှန်လုပ်ဖြစ်ပါတယ်... ဒီမှာက သိတိုင်းအတိုင်းပဲ မနက်ဆိုရင် ဘာမှအိမ်မှာ အဆင်သင့်မရှိတော့ သောက်တော်ရေနဲ့ အသီးတစ်မျိုပဲ ပုံမှန်ကပ်ဖြစ်တယ် (တခါတလေ သစ်သီးဝယ်ထားပြီးသား မရှိတဲ့အခါတော့လဲ သောက်တော်ရေချည်းပဲကပ်ခဲ့တာပေါ့လေ....) တခါတလေ အခါကြီးရက်ကြီးတွေတော့ ဆွမ်းတွေဘာတွေ ဆောဆောထချက်ပြီးကပ်တယ်လေ... ကိုယ်မကပ်ဖြစ်လဲ အိမ်မှာအတူနေတဲ့ အန်တီက အမြဲကပ်နေတော့ ဘုရားကို သောက်တော်ရေနဲ့ ဆွမ်းနဲ့ကတော့ အမြဲမှန်မှန် ကပ်ဖြစ်ပါတယ်... ဆီမီးကတော့ အရင်က ဖယောင်းတိုင်ထွန်း ပူဇော်ကြသေးတယ်... နောက်ပိုင်း သူငယ်ချင်းက တအိမ်လုံးအိမ်မှာ ဘယ်သူမှ မရှိပဲ ဆီမီးထွန်းခဲ့တာ ကံကောင်းလို့ ဘာမှတော့မီးမလောင်ပေမယ့် ဆီမီးထွန်းတဲ့ ဖန်ခွက်လေးတောင် အပူရှိန်တွေများလွန်းပြီး တစစီကွဲသွားတဲ့ နေ့ကစပြီး တအိမ်သားလုံး ဘုရားကို လုံးဝဆီမီး မပူဇော်တော့ပဲ LED လျှပ်စစ်မီးသီးလေးတွေနဲ့ပဲ ပူဇော်ကြရတော့တယ်လေ.... ပန်းကတော့ နောက်ပိုင်း အဲဒီ ဇော်စိမ်းပန်း အလိန်လေးတွေပဲ တင်ဖြစ်တော့တယ်... အလှပန်းတွေကြိုက်ပေမယ့် နဲနဲလေးနွမ်းသွားတာနဲ့ စိတ်ထဲမှာ မပျော်တော့ဘူး။ ပန်းနွမ်းတိုင်း လဲရမှ ကျေနပ်တာဆိုတော့ ပန်းက ၁ ရက်ခြားတခါလောက်လဲရတယ်လေ။ တခါတလေ ရုံးကနေနောက်ကျတဲ့နေ့ဆို ပန်းက ဆိုင်တွေမှာလဲ ရွေးပြီးသား အကျိုးအပဲ့တွေပဲရှိတော့တယ်... အဲလိုနေ့မျိုးဆို ပန်းအိုးက ဗလာလေ။ ဘာပန်းမှ မထိုးပဲထားတော့လဲ ကြည့်မကောင်းပြန်ဘူး။ ဒါလေးတွေဆို နေ့တိုင်းရေလဲပေးနေရုံပဲ။ ပန်းအိုးလဲ မညစ်ပတ်တော့ သိပ်ဆေးကြောစရာမလိုတော့ ရုံးလဲမနောက်ကျတော့ဘူး။ အမြဲတမ်း စိမ်းစိမ်းစိုစိုလေးတွေပဲ တွေ့နေရတော့ စိတ်လဲ ချမ်းသာတယ်လေ...

ဘာရယ်မဟုတ်ပါဘူး... မနက်က ဘုရားစင်လေးကို ကြည့်ပြီးကြည်ညိုခဲ့တာလေးကို ပြန်ပြီး  ပို့စ်တပုဒ်အနေနဲ့ မှတ်တမ်းတင်လိုက်တာပါ...