အရင်ဆုံး လူ့လောကထဲရောက်အောင် ခေါ်ဆောင်လာပေးခဲ့တဲ့ မိဘနှစ်ပါးကို ရှိခိုးကန်တော့ပါတယ်... ပူးတေမေမေက သင်္ကြန်မတိုင်မီ ၁ပတ် အလိုထဲက တရားရိပ်သာဝင်တာ ၂၅ရက်နေ့မှ ပြန်ထွက်လာမှာမို့ မေမေကို မွေးနေ့မှာ ဖုန်းနဲ့ ရှိခိုးကန်တော့ခွင့် မရပါဘူး။ ဖေဖေနဲ့ အဖွားကိုတော့ ညထဲက ဖုန်းပြော ကန်တော့ပါတယ်.. ဒါမှ သူတို့ ဒီနေ့ဘုရားသွား ဘုံကျောင်းတက် စာချစတဲ့ အလုပ်တွေကို အေးအေးဆေးဆေး သွားလုပ်နိုင်ကြမှာပါ။ မဟုတ်ရင် ပူးတေဖုန်းဆက်တဲ့အချိန် သူတို့မရှိမှာဆိုးပြီး နောက်ဆံတင်း စိတ်မဖြောင့် ဖြစ်နေမှာဆိုးလို့ပါ။
ဒါက ပူးတေမေမေ လွန်ခဲ့တဲ့နှစ် ၂၀၀၈ သင်္ကြန်တုန်းက သီလရှင်ဝတ်တဲ့ ပုံလေးပါ။ ပူးတေညတိုင်းရှိခိုးပြီးအိပ်ပါတယ်... မနက်ရုံးသွားခါနီးတိုင်းလဲ ရှိခိုးသွားပါတယ်။ မွေးနေ့အမှတ်တရ မေမေ့ပုံလေးကို ပူးတေဘလော့ပေါ်မှာတင်လိုက်ပါတယ်။ ညက ပူးတေ မေမေ့ ဓါတ်ပုံကို upload လုပ်နေတုန်း ဘေးကနေ မစ္စတာပီက အမေပုံပဲတင်ပြီး အဖေပုံမတင်ရင် သူများတွေက အမေ မယ်သီလရှင် တစ်ယောက်ထဲကနေ မွေးတယ်ထင်မှာပေါ့ဆိုပြီး အတင်းလိုက် နောက်နေသေးတယ်။ ကောင်းကောင်းကိုမရေးရလို့ ခုမနက်မှ ဆက်ရေးရတယ်။
ပူးတေကို မွေးတဲ့အချိန်တုန်းက မေမေတော်တော်လေးကို ဒုက္ခရောက်ခဲ့တယ်လို့ လူကြီးတွေ ပြောစကားအရ သိခဲ့ရပါတယ်။ ပူးတေကို ကိုယ်ဝန်စရှိတော့ မေမေက နှင်းဆီပန်း အနီကြီးတွေကို အိပ်မက်မက်လို့ ဒီတခေါက်မိန်းကလေးဖြစ်မှာလို့ မေမေက သူ့ယောက္ခမ(ပူးတေအဖွား)ကို ပြောပါတယ်။ ပူးတေအစ်ကိုက မြေးဦးပါ။ သူတို့က ယောက်ျားလေးတယောက်ရထားပြီးသားဆိုတော့ ဒီတယောက်ကို မိန်းကလေးဖြစ်စေချင်တာတဲ့။ စာသွားချတော့လဲ မိန်းကလေးပဲတဲ့။ ရှေ့ကအစ်ကိုကိုပါ ဦးဆောင်မယ့် သမီးမိန်းကလေးပါတဲ့။ ကပ်ကြွားတာ.. :D တကယ်ပဲအဲဒီအချိန်က အားလုံးပဲ အားလုံးဝမ်းသာကြပါတယ်တဲ့။
ပူးတေကို မွေးတဲ့အချိန်မှာ ပူးတေတို့အိမ်က လက်ဖက်ရည်ဆိုင်ဖွင့်ထားလို့ အရမ်းအလုပ်ရှုပ်ပါတယ်တဲ့။ ပူးတေကိုမွေးပြီးတဲ့အချိန်မှာ မေမေက ပူးတေကိုနို့တိုက်လို့မရခဲ့ပါဘူး... မေမေပြောတာတော့ နို့ချောင်းပိတ်တာတဲ့.... အရမ်းနာပြီး အရမ်းခံစားရပါတယ်တဲ့... ကလေးကငို နို့ကတိုက်ချင်ပေမယ့် မခံမရပ်နိုင်အောင်နာနေလို့ မတိုက်ရ၊ မတိုက်ရတဲ့အတွက်စိတ်မကောင်းဖြစ်ပြီး ငိုနဲ့ တော်တော်လေး အကျပ်တွေ့ခဲ့ပါတယ်တဲ့။ နောက်ဆုံးမခံနိုင်လို့ ဆေးရုံတက်ပြီး နို့နှစ်ဖက်လုံးခွဲစိပ်ကုသခဲ့ရပါတယ်တဲ့။ ပူးတေကလဲ နို့ဗူးပဲစို့ရတော့ အခုခေတ်လို နို့ဗူးပေါင်းတာတွေဘာတွေ မပေါ်သေးတဲ့ နို့ဗူးဖျော်ဖို့ သန့်ရှင်းရေးလုပ်ဖို့တွေအတွက် အရမ်းကိုပဲ ကရိကထများခဲ့တယ်လို့ သိခဲ့ရပါတယ်... ဒါနဲ့ပဲ ပူးတေအမေဆေးရုံစတက်တဲ့ အချိန်ကနေစပြီး မေမေနေပြန်ကောင်းတဲ့အချိန်ထိ ပူးတေက မေမေ့ညီမ အဒေါ်အပျိုလေး(အပျိုကြီးတွေမဟုတ်ပါ။ ပူးတေမေမေက ၂၁ နှစ်နဲ့ အိမ်ထောင်ကျတဲ့အတွက် သူ့ညီမတွေအားလုံးက အဲဒီအချိန်က အသက် ၂၀ ဝန်းကျင်ပါပဲ) တွေနဲ့ နေခဲ့ရပါတယ်။ ဒါနဲ့ပဲ ရှိတဲ့အစ်ကိုအပေါ်မှာ ဗိုလ်လုပ်ပြီးဆိုးခဲ့ အနိုင်ယူခဲ့ပါတယ်။ အစ်ကိုနဲ့ပူးတေနဲ့က ၃ နှစ်ခြားပါတယ်... ပူးတေကြောင့် သူအဆော်ခံခဲ့ရတာတွေ မနည်းဘူးလို့လဲ သတိရတိုင်းပြောပါတယ်။ :D ညီမလေးအပေါ် ဘယ်လို အနိုင်ကျင့်ခဲ့တယ်ဆိုတာတွေကတော့ ဒီပို့စ်လေးမှာရှိတယ်။
မွေးနေ့မှာ မေမေ့ကျေးဇူး ပြန်လည်သတိရပြီးတော့ ငယ်ငယ်က ပူးတေကို ဘယ်လို ဒုက္ခခံပြီးမွေးခဲ့ရလဲဆိုတာတွေးကြည့်ရင် ဒီကျေးဇူးတွေက ဆပ်လို့မကုန်နိုင်အောင်ပါပဲ။ ဒါကြောင့် မွေးမေကျေးဇူးများကို ဒီပို့စ်လေးနဲ့ မှတ်တမ်းတင်ရပါတယ်...မေမေကျန်းမာချမ်းသာနဲ့ သားသမီးအကျိုးခံစားပြီး စိတ်သွားတိုင်းကိုယ်ပါ သာသနာအကျိုးဆောင်ရွက်နိုင်တဲ့ မိခင်တယောက်ဖြစ်ပါစေလို့ သမီးဒီနေရာကနေဆုတောင်းလိုက်ပါတယ်...
စားစရာတွေကျွေးချင်ပေမယ့် အစ်ကိုတယောက်အလည်ရောက်နေတာရယ်၊ အမျိုးသားရဲ့ ဧည့်သည်နှစ်ယောက်အလည်ရောက်နေတာရယ်၊ ရုံးမှာ ပရောဂျက်အသစ်စတဲ့အချိန်ရယ်ပေါင်းပြီး လုံးဝမအားတာ မွေးနေ့ပို့စ်လေးတောင်မှ အခုမှပဲ လက်စသတ်နိုင်ပါတယ်...ဒါကြောင့် စားစရာ သောက်စရာတွေကို ပူးတေရဲ့ ချစ်မမက ပူးတေကိုယ်စား ဧည့်သည်တွေကိုတည်ခင်းဧည့်ခံကျွေးမွေးမှာမို့ ဒီမှာ သွားရောက်သုံးဆောင်ကြပါလို့....
ဒါလေးက မမအဖြူရောင်နတ်သမီးပေးတဲ့ မွေးနေ့ကတ်လေးပါ...
မမအဖြူရောင်နတ်သမီးရေ မွေးနေ့ပွဲလေးအတွက်ကျေးဇူးအထူးတင်ပါတယ်နော်... ဘယ်တော့မှ မမေ့ကြေးနော်.... အာဝါး x infinity. နော် ချစ်မမ :D
ဒါကတော့ သူငယ်ချင်း သက်တန့်ချိုပေးတဲ့ မွေးနေ့ကတ်လေးပါ။ သူငယ်ချင်းရော ကဗျာလေးအတွက်ရော၊ အမှတ်တရရှိတဲ့အတွက်ရော၊ ကတ်လေးအတွက်ရော အရာအားလုံးအတွက် ကျေးဇူးပါနော်... ကျေးဇူးx infinity ပါနော်... အမြဲအမှတ်ရနေမှာပါ။
နောက်ဆုံးရသတင်း ... ဒီညနေ အိမ်က မစ္စတာပီကြီးက အစ်ကိုတွေလဲရောက်နေလို့ ဆန်တိုဆာ လိုက်ပို့ပါမယ်တဲ့ မွေးနေ့အမှတ်တရ သွားကြပါမယ်... :D