Wednesday, March 31

မိုးဝင်းကွိုင် ပျက်နေလို့ပါဆရာ

သူငယ်ချင်း မြူးမြူးရဲ့ အိပ်မက်ထဲက ကျောင်းတော် အခန်းဆက် ပို့စ်တွေ ဖတ်ရင်းနဲ့ ကျောင်းတက်ခါစ ပူးတေရဲ့  အူတူတူအလွဲတွေကို သတိရလို့ အလွဲတွေထဲက အလွဲလေးတခုကို ပို့စ်အပုဒ်အဖြစ်ချရေးချင်စိတ်ပေါက်သွားလို့ပါ။

ကျောင်းမှာ ပူးတေတို့နှစ်က ပူးတေတို့ မေဂျာက အသစ်လေ.. အသစ်ဆိုတော့ ကိုယ့်ဌာနအပိုင်မရှိ ၊ ဌာနမှူးဆိုပြီးလို့တော့ ရှိတယ်။ ပူးတေတို့ထက် ၃ နှစ်လောက်ကြီးတဲ့ ဆရာဦးနေဝင်းလှိုင်ဆိုတာက Electronics ဌာနကနေ ပူးတေတို့ ဌာနကို ပြောင်းလာတဲ့ ဌာနမှူးလေ...ပူးတေတို့ မေဂျာအတွက် Lab ကလဲ Electronics ရဲ့ Lab ကို ကပ်မြှောင်သုံးရတာ..ပူးတေတို့က ကျောင်းသူအသစ် fresher လေးတွေဆိုတော့ အင်ဂျင်နီယာလောင်းလျာလေးတွေဆိုတော့ကာ ဘာပစ္စည်းလေးပဲဖြစ်ဖြစ် (ကိုယ်နဲ့ဆိုင်ဆိုင်မဆိုင်ဆိုင်) ကိုယ်က ချက်ချင်းဝယ်လိုက်ရမှလေ... အဲဒီမှာ ကိုယ့်အထက်က စီနီယာတွေက Lab ထဲမှာ ဝင်လိုက် ထွက်လိုက်နဲ့။ သူတို့တွေက electronic circuit တွေ ဆင်နေကြတာလေ... သူတို့ လက်ထဲမှာလဲ Multimeter တွေ soldering gun တွေ resistor လေးတွေ၊ တိုလီမုတ်ဆတွေနဲ့ ၊ circuit board တွေကိုယ်စီနဲ့။သူငယ်ချင်းကောင်လေးတွေကလဲ ဒါနောက်ပိုင်းလိုလာမှာ ဆိုပြီး နောက်ရက်တွေ သူတို့လဲ ဝယ်လာကြတယ်။ ကိုယ့်အိမ်မှာလဲ ကိုယ်ပြန်လုပ်ကြည့်ချင်လုပ်လို့ရတယ်ဆိုပြီးတော့ တယောက်ပြော တယောက်ဝယ်နဲ့။ ဒါနဲ့ ပူးတေတို့အဖွဲ့ကလဲ လိုက်မေးကြတာပေါ့။ ဘယ်ကဝယ်ရမှန်းတောင်မသိ၊ ဘယ်လိုသုံးရမလဲတောင်မသိနဲ့၊ နောက်ဆုံး ဖရေဇာက မောင်မောင်ထွန်းမှာ အောက်ကဓါတ်ပုံလေးထဲက အတိုင်း မီတာလေးတလုံးနဲ့ ခဲဆော်တဲ့ သေနတ်လေးတခု၊ တခြား ပစ္စည်းလေးတွေက လိုမယ်ထင်တာလေးတွေ ဝယ်လာလိုက်တယ်။ ပြီးတော့ တွေ့ကရာကို မီတာက အချောင်းလေး ၂ ချောင်းထောက်ပြီး လိုက်တိုင်းကြတယ်... လူကိုတောင်မှ တိုင်းကြတယ်... နောက်ဆုံးပူးတေရဲ့ မီတာလေးက ဘယ်လိုမှ တိုင်းလို့ မရတော့ဘူး။ ဘယ် setting မှာထားထား၊ ဘာပစ္စည်းကိုတိုင်းတိုင်း ဘယ်လိုမှ မနေတော့ဘူး။ လှုပ်ကို မလှုပ်တော့ဘူး။ ဒါနဲ့ ဌာနမှူး ဆရာ ဦးနေဝင်းလှိုင်ကို သူငယ်ချင်း ၃ ယောက်နဲ့ အတူ သွားပြကြတယ်။ ဆရာက လောလောဆယ် အလုပ်ရှုပ်နေတော့ သူကျောင်းတုန်းက သုံးတဲ့ သူ့ကိုယ်ပိုင် မီတာလေး ပူးတေကို ပေးထားလိုက်တယ်။ နောက်မှ သူကြည့်ပေးမယ်ပေါ့။ ဆရာ့မီတာက ဆရာကျောင်းတက်တုန်းထဲက ဆိုတော့ ဟောင်းလဲ ဟောင်းနေတယ်။ နောက်ကျောဘက်မှာလဲ နေဝင်းလှိုင်(EC) ဆိုပြီး ကော်ရက်ရှင်ပန် နဲ့ရေးထားတာကြီးလဲပါတော့ ပူးတေကိုင်ရတာ သိပ်မကိုင်ချင်ဘူး။ ပြီးတော့ ကိုယ့်မီတာ အသစ်စက်စက်ကလေးက ဝယ်ပြီး ၂ ပတ်လောက်နဲ့ ပျက်သွားတော့ စိတ်ထိခိုက်တာပေါ့နော်...

(ဒီလိုမျိုး မီတာလေးပေါ့၊ Brand က အစတူတယ်။ ပူးတေမီတာလဲ Sanwa ပဲ၊ မောင်မောင်ထွန်း ဆိုင်ကနေ ဝယ်ထားတဲ့ ပစ္စည်းလေး။ ခုတော့ ရန်ကုန်အိမ်က စာအုပ်စင်အပေါ်ဆုံးမှာ၊ ဖုံတွေနဲ့)

ဒါနဲ့ နောက်တရက်နေတော့ တခါ Electronics Lab ထဲကို ပူးတေ မီတာ အပျက်ကလေးကိုင်ပြီး သွားကြပြန်ရော... အဲဒီမှာ ဆရာတယောက်ကိုတွေ့တယ်။ (အခု ကျောင်းပြီးမှ သိတာက ဆရာက စာသင်တဲ့ ဆရာမဟုတ်ဘူး။ စာမေးပွဲတွေ ဘာတွေ ရှိရင် အခန်းစောင့်တာတို့၊ ဘာသာရပ်ဆိုင်ရာ ဆရာတွေကို ကျောင်းသားတွေက မေးစရာရှိတယ်ဆိုရင် လိုက်ရှာပေးရတဲ့ဆရာဖြစ်နေတာ။) အဲဒီတုန်းကတော့ အားကိုးတကြီးနဲ့ ဆရာ သမီးရဲ့  မီတာလေးပျက်သွားလို့ပါဆရာပေါ့။ ဌာနမှူးကလဲ ကြည့်ပေးမယ်ဆိုပြီး မအားသေးလို့ သမီးကို သူ့မီတာကို ခဏပေးသုံးထားတယ်။ ဆရာအားရင် တချက်လောက် ကြည့်ပေးပါလားဆရာဆိုတော့ အဲဒီဆရာကလဲ လိုလိုလားလားပဲ ကြည့်ပေးတယ်။ သေချာကြည့် ခလုတ်တွေ ဟိုရွှေ့  ဒီရွှေ့ နဲ့ ဟိုတိုင်းဒီတိုင်းလုပ်တာပေါ့။ ပြီးတော့ သူက ပူးတေတို့ကို ပြောတယ်။ ဒါက မိုးဝင်းကွိုင်ပျက်သွားတာတဲ့။ ဒါဆိုဘာလုပ်ရမလဲဆရာပေါ့။ ဘာမှ မလုပ်နဲ့တဲ့။ အသစ်တလုံးဝယ်လိုက်တဲ့။ လူကို လေရောပဲ။ အခုမှ အသစ်စက်စက်ကလေး နောက်တလုံးထပ်ဝယ်ရမယ်ဆိုတော့ အင့်သွားတာပေါ့။ စိတ်လျော့ပြီး သူငယ်ချင်း ၄ ယောက်သား စာသင်ခန်းကို ပြန်လာကြပြန်တယ်။


နောက်ရက်တခါ အဲဒီ Lab ကို ပြန်သွားကြပြန်တယ်။ ကျောင်းက ခုမှတက်ခါစဆိုတော့ ဘယ်ဆရာက ဘယ်သူမှန်း၊ ဘာသင်မှန်းကို မသိဘူး။ လူတွေကတော့ တက်ကြွနေတာပဲ။ တွေ့တဲ့ ဆရာ၊ ဆရာမကို မိတ်ဆက်ပြီးတော့ကို သွားတာ။ နောက်ဆရာတယောက်ကို ထပ်တွေ့တယ်။ ကိုယ့်ကိုကိုယ်မိတ်ဆက်။ ပြီးတော့ သမီးမီတာလေး မိုးဝင်းကွိုင်ပျက်သွားလို့ပါဆရာ။ တချက်လောက်ကြည့်ပေးပါဆိုတော့။ အဲဒီ့ဆရာက မယုံသလို၊ ဒေါသထွက်သလို မျက်နှာနဲ့ မျက်လုံးပြူးသွားတယ်။ ဒါနဲ့ ကိုယ့်ကို မယုံမှာဆိုးလို့  ဌာနမှူးကတော့ သူ့မီတာကို ခဏပေးသုံးထားပါတယ်။ ဒါက ဌာနမှူး မီတာပါပေါ့။ ပြောပြီး ဌာနမှူးမီတာကို ထုတ်ပြလိုက်တယ်။ အဲဒီအချိန်မှာ ဌာနမှူးဦးနေဝင်းလှိုင်က ဌာနထဲရောက်လာတယ်။ ပူးတေတို့ကိုတွေ့တော့ နှုတ်ဆက်တယ်။ ပူးတေတို့လဲ ဝမ်းသာအားရနဲ့ ဌာနမှူးကို ဆရာ သမီးမီတာက မိုးဝင်းကွိုင်ပျက်သွားတာဆရာ၊ အဲဒါဘာဆက်လုပ်ရမလဲလို့။ ဆရာကပြန်မေးတယ်။ ဘာ ဘာ ဘာကွိုင်ပျက်သွားတာဆိုတော့။ ပူးတေတို့ သူငယ်ချင်း ၄ ယောက်သား ပြိုင်တူ မိုးဝင်းကွိုင်ပါဆရာလို့ ဖြေလိုက်ကြတယ်။ မနေ့ကတော့ ဆရာတယောက်ကို ပြတာ အဲဒီဆရာက မိုးဝင်းကွိုင်ပျက်သွားတာလို့ပြောတယ်ဆရာလို့လဲပြောလိုက်ရော ပူးတေတို့ရဲ့ ဌာနမှူးက အားရပါးရနဲ့ ရီပါလေရော... ဘာပါလိမ့်ပေါ့။ ဘာလို့အရီခံပါလိမ့်လို့ အံ့အားသင့်နေတုန်း ဌာနမှူးကပဲ ဘယ်ဆရာလဲ၊ ဘယ်သူပြောလိုက်တာလဲ မေးတော့ ပူးတေတို့လဲ နာမယ်တော့ မသိဘူးဆရာဆိုပြီးတော့ ပုံစံပြောပြလိုက်ကြတယ်။ ဒါနဲ့ ဆရာက မိုးဝင်းကွိုင်ပျက်တာမဟုတ်ဘူး။ မိုးဝင်းက ဒီမှာ ငုတ်တုတ်ထိုင်နေတာဆိုပြီး ခုန ပူးတေတို့နဲ့ ပြောနေနဲ့ ဆရာကိုပြပြီးတဟားဟားနဲ့ ရီနေတယ်။ အခုနက ပူးတေတို့နဲ့ ပြောနေတဲ့ ဆရာက ဆရာဦးမိုးဝင်းတဲ့လေ။ ပူးတေတို့လဲ နောက်ပိုင်းကျမှ သိရတာပါ။ ဆရာဦးမိုးဝင်းအရှေ့မှာ မိုးဝင်းကွိုင်ပျက်လို့ဆိုတော့ ဒေါကန်တာပေါ့လေ။ သူ့ကိုလာပြီး မထီမဲ့မြင်လာလုပ်နေတယ်ထင်တာပေါ့။ အဲဒီကျမှ ဆရာက သေချာရှင်းပြပါတယ်။ မီတာမှာ ညွှန်ပြတဲ့ ပွိုင်တာလေးက လုံးဝမလှုပ်တော့တာ မူးဗင်းကွိုင် (Moving coil) ပျက်တာတဲ့။ ပြောသွားတဲ့ ဆရာက နှုတ်ခမ်းနဲနဲ ကွဲနေသလိုဖြစ်ပြီး စကားမပီလို့ မိုးဝင်းကွိုင်ဆိုပြီး ပူးတေတို့က ကြားတာလေ...တော်ချက်နော်.. :D အခု အဲဒီပူးတေတို့ သူငယ်ချင်း ၄ ယောက်လုံး B.E တွေ အန်ဂျင်စရာ(engineer) တွေ ဖြစ်နေကြပြီးတော့ တယောက်ကတော့ M.E တောင်ဖြစ်နေရှာပါပေါ့လား.... ဟိ  :) ရီရတယ်နော်... အဲဒီဆရာဦးမိုးဝင်းဆို ပူးတေတို့ကို ကျောင်းပြီးတဲ့ အခုထိကို မမေ့တော့တာ။ သူပြန်ပြောပြတာ တော်တော်လေးရီရတယ်... ဒီကလေးမလေးတွေ ငါ့လာနောက်နေတယ်ထင်ရအောင်လဲ ရုပ်တည်လေးတွေနဲ့လေ။ ငါ့မှာစိတ်ဆိုးရမှာလား၊ ထရီရမှာလား မသိလို့ ရုပ်တည်နဲ့ ဖြဲချောက်ထားရတာတဲ့လေ...:)
လွဲမှ လွဲတတ်ပလေတယ်နော်... :)


(P.S>> သူငယ်ချင်းမြူးရဲ့  ပို့စ်ထဲမှာ ဆရာ့နာမယ်တွေ့တော့ အရမ်းသတိရသွားနဲ့ ဒီပို့စ်လေးကို အမှတ်တရဖြစ်အောင်ရေးတာ ၂ ပတ်လောက်ရေးရတယ်။ အပျင်းတက်နေတာနဲ့လေ.. အဲ ကွန်ပျူတာ မအားလို့ပါ။) :D

Sunday, March 28

Recall ပူးတေ

ပူးတေတယောက် ဘလော့ပေါ်မှာ သူငယ်ချင်းတွေကို အလှူ ဖိတ်ပြီးထဲက ဘာမပြောညာမပြော ပျောက်သွားလိုက်တာ ခုမှပဲ ပြန်ပေါ်လာရပါတော့တယ်...ပူးတေတို့ ဇနီးမောင်နှံ :D နှစ်ယောက် စင်္ကာပူမြို့တော်ကြီးကနေ မွေးရပ်ဌာနေ ရန်ကုန်ရွှေမြို့တော်ကြီးဆီသို့ (6-02-2010) မနက်ဆောဆော ကနေ စတင် ထွက်ခွာပြီးတော့ (6-03-2010) နေ့မှာ စင်္ကာပူမြို့တော်ကြီးကို မပြန်ချင်ပြန်ချင်နဲ့ ပြန်လည်ရောက်ရှိလာပါတယ်.... ပြန်ရောက်ကတည်းက ရုံးအလုပ်တွေက အပုံအပင်၊ နေလို့က မကောင်း၊ ဝမ်းက လျော၊ mood က မဝင်သေးတာနဲ့ mood ဝင်တဲ့ အချိန်ကျတော့လဲ သုံးစရာ ကွန်ပျူတာက မရှိလို့ ဘလော့လေးကိုပစ်ထားမိတာ ဒီနေ့ထက်ထိပါပဲ။

ကွန်ပျူတာမရှိတဲ့ အကြောင်းကိုပြောရရင် ပူးတေတို့ ပြန်လာပြီး နောက်နေ့ (7-02-2010) နေ့မှာပဲ ပူးတေနဲ့ ကျောင်းတုန်းက အဆောင်အတူနေ သူငယ်ချင်းက အလည် visa နဲ့ အလုပ်ရှာဖို့ ရောက်လာပြီး ပူးတေတို့ အိမ်မှာပဲ တည်းပါတယ်။ ဒါနဲ့ သူအလုပ်ရှာလို့ ရအောင်ဆိုပြီး ပူးတေရဲ့ Desktop ကို စိတ်ကြိုက်သုံးစွဲခွင့် အပိုင် ပေးထားလိုက်ရပါတယ်။ ပူးတေရဲ့ မစ္စတာပီကြီး laptop ကိုကျတော့ ပူးတေခမျာ အနားနား ကပ်ခွင့်တောင်မှ မရပါဘူးရှင်... သူလဲ အလုပ်တွေများပြီး အလုပ်အကြွေးတွေနဲ့၊ အလုပ်အားတဲ့ အချိန်ကျတော့ သူရန်ကုန်ပြန်တုန်းက လွတ်သွားတဲ့ online က ရုပ်ရှင်ဇာတ်ကားတွေကို ပြန်ကြည့်နေတာနဲ့ ပူးတေမှာ computer လေးတောင် မရှိတဲ့ ဘဝနဲ့ အခြေမဲ့ အနေမဲ့ ဘဝနဲ့ ရုံးမှာပဲ သူများဘလော့တွေကို လိုက်ခိုးဖတ်ရပါတယ်... သူတို့လစ်တဲ့ အချိန်လေးတွေ လိုက်ခိုးသုံးရပါတယ်။ ကွန်မန့်လေးတွေ အခွင့်ရရင် ခိုးချန်ထားခဲ့ရပါတယ်...သနားပါတယ်နော်... 

ပူးတေတယောက် ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်နေတာနဲ့ ကိုလူထွေးကတောင်မှ ပူးတေ ခဏလေးပေါ်လာပြီး ပြန်ပျောက်သွားပြန်ပြီလားတဲ့... သတိတရနဲ့ မေးဖော်ရတဲ့ ကိုလူထွေးကြီးကိုလဲ ဒီကနေ ကျေးဇူးပါလို့ ပြောပါရစေနော်...

ပူးတေရဲ့ သူငယ်ချင်းက သူရောက်ပြီး ၁၂ ရက်မြောက်နေ့မှာပဲ အလုပ်ရပြီး ချက်ချင်းပဲ အဲနေ့ညနေမှာ spass approved ဖြစ်သွားပါတယ်... သူအလုပ်ရတာ သူ့ထက် ပိုပျော်တဲ့လူတယောက် ရှိတယ်ဆိုတာ သူသိရှာမှာမဟုတ်ဘူး...အဲဒါက ပူးတေလေ..:D ငါတော့ ဘလော့ရေးရတော့မယ်ဆိုပြီးတော့ပေါ့။ ကိုယ်အတွေးနဲ့ကိုယ်ပေါ့လေ။ ဒါပေမယ့် ပူးတေတို့ မှန်းရင် သေးထွက်အောင်ကို မှားပါတယ်။ သွေးထွက်အောင်မှန်တာမဟုတ်း)  (ဝဆွဲ ပျောက်ပြီး သွေးမထွက်ပဲ သေးထွက်အောင် မှန်သွားတာပါ) ဘာလို့လဲဆိုတော့ ခုမှ သူက ရန်ကုန်က သူငယ်ချင်းတွေ၊ စင်္ကာပူက သူငယ်ချင်းတွေကို ခုမှ online ကနေ အပြတ် chat ရတော့မှာလေ။ ဒီတော့လဲ ကိုယ်က နားလည်မှုနဲ့ပေါ့။ အော် သူအလုပ်ရကြောင်းလေးတော့ ပြောသင့်တာပေါ့။ ငါ့ဘလော့က ဘယ်ချိန်ရေးရေးပါလေလို့။ ခုတော့ သူအိပ်နေတုန်းလေး ခိုးရေးနေရတာ။ :P သူသိရင် စိတ်ဆိုးမှာ... ငါရေးခိုင်းသားပဲ။ နင့်ဖက်နင် မရေးတာလို့ ရန်ထောင်အုန်းမှာ မြင်ယောင်သေး...:D

နောက်ရက်တွေလဲ ပူးတေ အခြေနေကိုကြည့်ပြီး ခိုးဘလော့ပါမယ်လေ... အခုမှပဲ အိမ်မှာပူးတေမှာ သူခိုးလုံးလုံး ဖြစ်နေရတော့တယ်... သူငယ်ချင်းကတော့ ပြောပါတယ်။ နင် ဘလော့ရေးချင်ရေးလေတဲ့။ ကိုယ်က ဟုတ်တိပတ်တိ သူများတွေလို ကောင်းကောင်းမွန်မွန်ရေးတတ်တာလဲမဟုတ်၊ ခေါင်းထဲမှာပေါ်လာသလို စိတ်ကူးပေါက်ရာ ရေးတတ်သလိုရေးတာကျတော့ သူကဘေးကထိုင်ကြည့်နေမှာကို မရေးတတ်ဘူး။ ရှက်လဲရှက်တယ်လေ...

ဒီနေ့တော့ ဘလော့လေးကို ပြန်ပြီး Recall လုပ်တဲ့ အနေနဲ့ ဒီလောက်လေးနဲ့ သူငယ်ချင်းမိတ်ဆွေ အားလုံးကို သတိရကြောင်းပြောရင်းနဲ့ ပူးတေရဲ့  ဘလော့လေးကို ပြန်လည်အသက်သွင်းခွင့်ပြုပါလို့။
ပူးတေစိတ်ကူးတည့်ရာ ရေးတာလေးတွေကို အားနာပါးနာနဲ့ ကောင်းကောင်းမကောင်းကောင်း မြှောက်ပေးကြပါဦးလို့ .. အဲ အားပေးပါဦးလို့.... ပူးတေမရှိတဲ့ အချိန်လေးတွေ လာလည်သွားကြတဲ့ ခြေရာချန်ခဲ့တဲ့ ဧည့်သည်တွေရော၊ ခြေရာမချန်ခဲ့တဲ့ ဧည့်သည်တွေကိုရော ကျေးဇူးတင်ပါတယ်လို့...